Friday, January 23, 2009

ကိုယ်တွေ့ ဉာဏ်မြင် လုပ်ငန်းစဉ်

မဟာကမ္မဋ္ဌာနာ စရိယ ဘဒ္ဒန္တကဉ္စနသာရ
ဟောကြားတော်မူအပ်သော
ကသစ်ဝိုင်ကိုယ်တွေ့ ဉာဏ်မြင် ၀ိပဿနာ လုပ်ငန်းစဉ် တရားသင်တန်း အကျဉ်းချုပ်


Training Lectures

Thursday, January 22, 2009

ရတနာသုံးပါး ဂုဏ်တော်များ (အပိုင်း ၃)

မူလကသစ်ဝိုင်ဆရာတော်ဘုရားကြီး၏
သံဃာဂုဏ်တော်မြန်မာပြန်
သံဃာဂုဏ်တော် (၉)ပါး ဘုရားရှိခိုး
သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ၊
ဧသ ဘဂဝတော သာဝကသံဃော၊
အာဟုနေယျော
ပါဟုနေယျော၊
ဒက္ခိနေယျော၊
အဉ္စလိကရဏီယော
အနုတ္တရံ ပုညက္ခေတံ္တ လောကဿ။
သုပ္ပဋိပန္နဂုဏ်တော် အဖွင့်

ဘုရားဆုံးမတိုင်းသာ လိုက်နာပါ၍ ကျင့်ရှာသည့်ပြင် ပြစ်မမြင်လတ်သည့် အဓိသီလ အဓိစိတ္တ အဓိပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို ကောင်းကောင်းကျင့်ကြံတတ်သည့် ကျင့်ဝတ်ပဋိပတ် ဂုဏ်သကတ်ကြောင့် သုပ္ပဋိပ္ပန္နဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှါ ထိုက်တော်မူသော အရိယာရှစ်ပါးနှင့် ကလျာဏပုထုဇဉ် သံဃာတော် အရှင်မြတ်တွေပါတကား။

ဥဇုပ္ပဋိပန္နဂုဏ်တော် အဖွင့်


တင်းလွန်း ရော့လွန်းသည် အစွန်းနှစ်စွန်းသို့ မတိမ်းယွန်းဘဲ ကျင့်ကြံတတ်သည့်ပြင် ကိုယ်နှုတ်စိတ်တွင် လိမ်ကောက်မထင်လတ်သဖြင့် ဖြောင့်ဖြောင့် မတ်မတ် ကျင့်ကြံတတ်သည့် ကျင့်ဝတ်ပဋိပတ် ဂုဏ်သကတ်ကြောင့် ဥဇုပ္ပဋိပန္န ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှါ ထိုက်တော်မူသော အရိယာရှစ်ပါးနှင့် ကလျာဏပုထုဇဉ် သံဃာတော် အရှင်မြတ်တွေပါတကား။


ဉာယပ္ပဋိပန္နဂုဏ်တော် အဖွင့်

ပုဆိုးနှင့်ခေါင်းမှာ မီးလောင်နေပါလည်း ပမာမထားဘဲ နောင်လာမည့် မီးဆယ့်တစ်ပါး ငြိမ်းသွားလောက်အောင် သင့်လျော် လျောက်ပတ်သည့် သိက္ခာသုံးရပ် ကျင့်ကြံတတ်သည့် ကျင့်ဝတ်ပဋိပတ် ဂုဏ်သကတ်ကြောင့် ဉာယပ္ပဋိပန္န ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှါ ထိုက်တော်မူသော အရိယာရှစ်ပါးနှင့် ကလျာဏပုထုဇဉ် သံဃာတော် အရှင်မြတ်တွေပါတကား။

သာမိစိပ္ပဋ္ပိပန္နဂုဏ်တော် အဖွင့်

ဂုဏ်ကို ချီးကျုးလျှက် သူတထူးသို့ အာရုံစူးစိုက်၍ ပြုလိုက်ကြသည့် ရိုသေမှုအရပ်ရပ်ကို ပူဇော်ခံနိုင်လောက်အောင် ကျင့်ကြံတတ်သည့် ကျင့်ဝတ်ပဋိပတ် ဂုဏ်သကတ်ကြောင့် သာမိစိပ္ပဋ္ပိပန္န ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှါ ထိုက်တော်မူသော အရိယာရှစ်ပါးနှင့် ကလျာဏပုထုဇဉ် သံဃာတော် အရှင်မြတ်တွေပါတကား။

အာဟုနေယျဂုဏ်တော် အဖွင့်

အဝေးကဆောင်ယူလျှက် သီလရှိသူအား မှန်းထားလှူဒါန်းသည့် အလှူအတန်းမျိုးကိုကောင်းကျိုးဖြစ်စေရန်အလှူခံနိုင်ကုန်သည့် သီလ၊ သမာဓိ၊ ပညာဂုဏ်ရှိသည်၏ အဖြစ်ကြောင့် အာဟုနေယျ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှါ ထိုက်တော်မူသော အရိယာရှစ်ပါးနှင့် ကလျာဏပုထုဇဉ် သံဃာတော် အရှင်မြတ်တွေပါတကား။

ပါဟုနေယျဂုဏ်တော် အဖွင့်

ကွဲနေကြာ၍ ရောက်လာလစ်သည့် မိတ်ချစ် ဆွေချစ်တို့သုံးဆောင်ဘို့ရန် အထူးစီမံထားအပ်သည့် ဧည့်ဝတ်လက်ဆောင်ကို တွေ့အောင်လည်းခဲယဉ်း ချစ်ခြင်းလည်း မြဲပါသဖြင့် ရဲရဲလှူဒါန်းသင့် အလှူခံသင့်ကုန်သည့် သီလ၊ သမာဓိ၊ ပညာဂုဏ်ရှိသည်၏ အဖြစ်ကြောင့် ပါဟုနေယျ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှါ ထိုက်တော်မူသော အရိယာရှစ်ပါးနှင့် ကလျာဏပုထုဇဉ် သံဃာတော် အရှင်မြတ်တွေပါတကား။

ဒက္ခိနေယျဂုဏ်တော် အဖွင့်

ဘုံကောင်းရောက်၍ သမ္ပတ္တိပေါက်ပြီး ထွန်းထွန်းကားကား ရောက်နိုင်စေရန် ဆုပန်ပြု၍ လှူမှုအမျိုးမျိုးကို ကောင်းလိုတိုင်းသာ ပြည့်စုံစေရန် အလှူခံနိုင်ကုန်သည့် သီလ၊ သမာဓိ၊ ပညာဂုဏ်ရှိသည်၏ အဖြစ်ကြောင့် ဒက္ခိနေယျ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှါ ထိုက်တော်မူသော အရိယာရှစ်ပါးနှင့် ကလျာဏပုထုဇဉ် သံဃာတော် အရှင်မြတ်တွေပါတကား။

အဉ္စလိကရဏီယဂုဏ်တော် အဖွင့်

ဘုန်းတန်ခိုး တောက်လင်းသည့် လူမင်း နတ်မင်း ဗြဟ္မာမင်းတို့၏ လက်အုပ်ချီဝတ်စင်းလျှက် ကိုယ်ကို ညွှတ်စင်းပြီး ရှိခိုးခြင်းကို ခံနိုင်သည့် သီလ၊ သမာဓိ၊ ပညာဂုဏ်ရှိသည်၏ အဖြစ်ကြောင့် အဉ္စလိကရဏီယ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှါ ထိုက်တော်မူသော အရိယာရှစ်ပါးနှင့် ကလျာဏပုထုဇဉ် သံဃာတော် အရှင်မြတ်တွေပါတကား။

အနုတ္တရံ ပုညခေတံ္တ လောကဿဂုဏ်တော် အဖွင့်

နောင်ကျိုးလိုလားသည့် နတ်လူများ၏ ဖွံ့ဖြိုးကြီးမားပြီး အသီးများများ ဖြစ်နိုင်စေရန် ကုသိုလ်ကံ မျိုးမှန်ကို စိုက်ပျိုးကြဲချရာ လယ်ယာမြေ အကောင်းဆုံး အသာဆုံး ဖြစ်နိုင်ကုန်သည့် သီလ၊ သမာဓိ၊ ပညာဂုဏ်ရှိသည်၏ အဖြစ်ကြောင့် အနုတ္တရံ ပုညခေတံ္တ လောကဿ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှါ ထိုက်တော်မူသော အရိယာရှစ်ပါးနှင့် ကလျာဏပုထုဇဉ် သံဃာတော် အရှင်မြတ်တွေပါတကား။

နိဂုံးချုပ်ပေါင်း ဘုရားရှိခိုး

ဤသို့ သုပ္ပဋိပန္နအစ ပုညခေတ္တအဆုံး ဘဝဘုံချုံးအောင် နေတနှုံးပမာ ရောင်ဝါလင်းထိန် ဘုန်းရှိန် လွန်ကြီး အံ့ချီးလို့မကုန်သည့် ကိုးဖြာဂုဏ်နှင့် ပြည့်စုံတော်မူလတ်သည့် အရိယာရှစ်ပါးနှင့် ကလျာဏပုထုဇဉ် သံဃာတော် အရှင်မြတ်များအား ရုပ်ဓာတ်နာမ်ဓာတ် ပရမတ်ပေါ်တွင် ပညတ်တင်ခေါ် တပည့်တော်သည် ဂုဏ်တော်ကို စိတ်ဖြင့်ရည်မှန်း၊ နှုတ်ဖြင့် ချီးမွမ်းပြီးလျှင် နဖူးတွင် လက်အုပ်တင်ထား၍ ကိုယ်ကို ညွတ်တွားကာ ထိငါးဖြာဖြင့် ရိုသေစွာ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။ လောကဓာတ်အားလုံးတွင် အမြတ်ဆုံးသံဃာဟု ယုံကြည်ပြု၍ ကိုးကွယ် ဆည်းကပ်မှုလည်းပြုပါ၏အရှင်ဘုရား။


သံဃာဂုဏ်တော်(၉)ပါး မြန်မာပြန်ဘုရားရှိခိုးပြီး၏။
ဂုဏ်တော် မြန်မာပြန်ပြီး၏။

ရတနာသုံးပါး ဂုဏ်တော်များ (အပိုင်း ၂)

မူလကသစ်ဝိုင်ဆရာတော်ဘုရားကြီး၏
တရားဂုဏ်တော်မြန်မာပြန်
တရားဂုဏ်တော် (၆)ပါး ဘုရားရှိခိုး

သွာက္ခာတော ဘဂဝတာ ဓမ္မော
သန္ဒိဋ္ဌိကော
အကာလိကော
ဧဟိပဿိကော
ဩပနေယျိကော
ပစ္စတ္တံဝေဒိတဗ္ဗော ဝိညူဟိ။

သွာက္ခာတဂုဏ်တော် အဖွင့်

စ လယ် အဆုံး သုံးပါးလုံးအကုန် ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံသည့်ပြင် သဒ္ဒါ အနက်စုံလင်၍ ပယ်ချင် စရာမပိုလိုတာလဲမရှိသည့် သာသနာမဂ်နှစ်ရပ် အကျင့်မြတ်ကို ထင်ရှားပြလတ်၍ ကောင်းစွာ ဟောကြား တော်မူအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ နိဗ္ဗာန်နှင့်ပဋိပတ် ကိုက်ညီလတ်အောင် ဟောကြား တော်မူအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ သွာက္ခာတ ဂုဏ်ကျေးဇူး အထူးရှိပါပေသော ဓမ္မက္ခန်နှင့် မဂ် ဖိုလ် နိဗ္ဗာန် ဆယ်တန်သော တရားတော် မြတ်တွေပါတကား။

သန္ဒိဋ္ဌိကဂုဏ်တော် အဖွင့်

ရသူတိုင်းပင် အရိယာရှင်တို့ပြောလျှင်ယုံတာ ပယ်စွန့်ခွာ၍ ပစ္စဝေက္ခဏာဉာဏ်ပညာဖြင့် ကိုယ်တိုင် သာလျှင် တွေ့မြင်ခံစားအပ်သည်၏အဖြစ်ကြောင့်လည်း သန္ဒိဋ္ဌိက ဂုဏ်ကျေးဇူး အထူးရှိပေသော လောကုတ္တရာ တရား (၉)ပါး တရားတော်မြတ်တွေပါတကား။

အကာလိကဂုဏ်တော် အဖွင့်

အခါမဆိုင်း ရက်ပိုင်းမရွေ့ ရသည့်နေ့ပင် ချုပ်လျှင်ချုပ်ခြင်း လက်ငင်းကိုယ်တွေ့ ဖိုလ်ကျိုးကို ပေးလေ့ရှိသည်၏ အဖြစ်ကြောင့်လည်း အကာလိကဂုဏ်ကျေးဇူး အထူးရှိပေသော မဂ်တရား လေးပါး တရားတော် မြတ်တွေပါတကား။

ဧဟိပဿိကဂုဏ်တော် အဖွင့်

အဟုတ်လည်းရှိခြင်း တကယ်လည်းမြင်ရတာ သန့်ရှင်းပါသဖြင့် လာရောက်ရှုမြင်ခဲ့ပါလျှင် စိတ်ရွှင်ပျမြဲ ကျေးဇူးတင်မြဲဖြစ်ပါ၍ လာဖြစ်အောင် လာကြစမ်းပါနော် အားထုတ်ဖြစ်အောင် အားထုတ်ကြစမ်းပါနော်ဟု စိတ်မပါသော လူတစ်ယောက်ကို မပါပါအောင် သွေးဆောင် တိုက်တွန်းခေါ်ငင်ခြင်းငှါ ထိုက်သည်၏အဖြစ်ကြောင့် ဧဟိပဿိက ဂုဏ်ကျေးဇူး အထူးရှိပေသော လောကုတ္တရာ တရား (၉)ပါး တရားတော်မြတ်တွေပါ တကား။

ဩပနေယျိကဂုဏ်တော် အဖွင့်

ပုဆိုးနှင့်ခေါင်းမှာ မီးလောင်နေပါလည်း ပမာမထားဘဲ ဘာဝနာပွါးလတ်၍သာ မိမိစိတ်ဓာတ်၌ ဆောင်ကပ်ထိုက် ဖြစ်ပေါ်ထိုက်သည်၏ အဖြစ်ကြောင့် ဩပနေယျိက ဂုဏ်ကျေးဇူး အထူးရှိပါပေသော လောကုတ္တရာ တရား (၉)ပါး တရားတော်မြတ်တွေပါတကား။

ပစ္စတ္တံဝေဒိတဗ္ဗဂုဏ်တော် အဖွင့်

သစ္စာသိမြင် ပညာရှင်တို့သည် ကိုယ့်ကိုယ်၌ပင် မိုက်မှောင်စင်လျှက် ငါမဂ်ကိုပွါးရလေပြီ၊ ဖိုလ် ကို လည်းရလာလေပြီ၊ နိဗ္ဗာန်ကိုလည်း မြင်ရပေပြီ၊ အလွန်အေးချမ်းပါသည်ဟု ယခုမှပင် အထူး ထင်လျှက် တွေ့မြင်ခံစားအပ်သည်၏ အဖြစ်ကြောင့် ပစ္စတ္တံဝေဒိတဗ္ဗော ဝိညူဟိ ဂုဏ်ကျေးဇူး အထူးရှိပါပေသော လောကုတ္တရာ တရား (၉)ပါး တရားတော်မြတ်တွေပါတကား။

နိဂုံးချုပ်ပေါင်း ဘုရားရှိခိုး

ဤသို့ သွာက္ခာတ အစ ဝေဒိတဗ္ဗ အဆုံး ဘဝဂ်ဘုံချုံးအောင် နေတနှုံးပမာ ရောင်ဝါလင်းထိန် ဘုန်းရှိန် လွန်ကြီး အံ့ချီးလို့မကုန်သည့် ခြောက်ဖြာဂုဏ်နှင့် ပြည့်စုံလတ်သည့် မဂ် ဖိုလ် နိဗ္ဗာန် ဓမ္မက္ခန်နှင့် ဆယ်တန်သော တရားတော်မြတ်ကို ရုပ်ဓာတ်နာမ်ဓာတ် ပရမတ်ပေါ်တွင် ပညတ်တင်ခေါ် တပည့်တော်သည် ဂုဏ်တော်ကို စိတ်ဖြင့်ရည်မှန်း နှုတ်ဖြင့်ချီးမွမ်းပြီးလျှင် နဖူးတွင် လက်အုပ်တင်ထား၍ ကိုယ်ကို ညွတ်တွားကာ ထိငါးဖြာဖြင့် ရိုသေစွာ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။ လောကဓာတ် အားလုံးတွင် အမြတ်ဆုံးတရားဟု ယုံကြည်ပြု၍ ကိုးကွယ် ဆည်းကပ်မှုလည်းပြုပါ၏အရှင်ဘုရား။


တရားဂုဏ်တော်(၆)ပါး မြန်မာပြန်ဘုရားရှိခိုးပြီး၏။