Wednesday, September 30, 2009

နာမရူပ ပရိစ္ဆေ္တဒဉာဏ်နှင့် ဒိဋ္ဌိဝိသုဒ္ဓိ အပိုင်း(၇)

ကဲဆက်ကြအုံးစို့နော်။ မြတ်စွာဘုရားအလိုကျ ပြောရမယ်ဆိုရင် တရားကိုအရင် အားထုတ်ကြပါ၊ အိမ်မှာရှိတဲ့ အလုပ်တွေကို နောက်မှလုပ်လို့ ဆိုလိုတယ်နော်။ တရားတော်များ၏ ပိုင်ရှင်ဖြစ်တော်မူသော မြတ်စွာဘုရား ဟောကြားတော်မူသည်မှာ တရားကို တကယ်အားထုတ်မယ်ဆိုရင် ပလိဗောဓ-ကြောင့်ကြတွေငြိမ်း၍ တရားများ လည်း မြင်လွယ်ရလွယ်ပါလိမ့်မယ် ဟောကြားတော်မူခဲ့ပါပေသတည်း။
သာဓု သာဓု သာဓုပါဘုရား။

အိမ်အလုပ်တွေ စီးပွါးရေးတွေလုပ်နေရင်း ဘယ်တော့သေမလဲ၊ ဘယ်အချိန်မှာ သေရမယ်မသိနိုင်ဘူးနော်၊ သေသွားရင်လည်း ဘယ်ရောက်မယ်လို့ ပိုင်းခြားနိုင်ပါ့ မလား။
ဖြေ။ မပိုင်းခြားနိုင်ပါဘုရား။

ပုထုဇဉ်တို့၏ သေခြင်းသည် ဝိနီပါတ ဒုက္ခတဲ့၊ လွင်တီးခေါင်မှာ သစ်ပင်တစ်ပင်ပေါက်နေသကဲသို့ လေတိုက် တဲ့အခါမှာ သစ်ရွက်ကလေးတို့သည် ဘယ်နေရာ ဘယ်လယ်ကွက်ကျမယ်ဆိုတာ မသိနိုင်၊ သိပါသော်လည်း ပက်လက်ကျမယ်၊ မှောက်ရက်ကျမယ်ဆိုတာ မသိနိုင်ဘူးတဲ့။ ကျချင်သလို ကျသွားတဲ့ ပုံပမာလိုပဲ ပုထုဇဉ်တို့၏ သေခြင်းသည်ကား သံမုဋ္ဌှမရဏ-များလှပါပေတယ်နော်၊ သတိလေး တွေတွေဝေဝေနဲ့ တရားကို လက်လွတ်ပြီး သကာလ ကယောင်ကတမ်း မြည်တမ်းပြီးတော့ သေတာက များကြပါပေတယ်၊ အဲဒီလိုများ သေမယ်ဆိုရင် များသောအားဖြင့် အပါယ်ဘုံကိုသာ ကျကြလိမ့်မယ်ဆိုတာမှတ်၊ ဒါ့ကြောင့် ယနေ့ကြံစည်နေရင် ယနေ့ပင်အား ထုတ်၊ နက်ဖြန်ခါ သဘက်ခါ မရွေ့ပါနဲ့လို့၊ ကိစံ္စ-ပါရမီတွင် အချုပ်၊ အလုပ်ထဲတွင် အသာ၊ ချမ်းသာတကာ တို့တွင် ထိပ်တန်းစားဆိုတဲ့ ဝိပဿနာလုပ်ငန်းများကို၊ အဇ္ဇေဝ ကာတဗံ္ဗ-အားမထုတ်လိုက်ရရင် ဘေးတွေ့တော့မယ်၊ အားထုတ်လိုက်မှသာ ဤဘေးတွေ ကွယ်တော့မယ်လို့ ကြံလည်း ကြံစည် စိတ်တွင်လည်း စေ့ဆော်ကာ စိတ်ကူး ကြံစည်သည့်နေ့တွင်ပင် အဆောတလျှင် မြန်မြန်ကြီး အားထုတ်ပြုကျင့်လိုက်သင့်ရာ၏။ သုဝေမရဏံ-နက်ဖြန် ခါကျ သေရခြင်းကို ကောဇညာ-ဒို့ဟာဖြင့် အမာကြီးရှိသေးတယ် အသက်လေးငယ်ငယ်လေး ရှိပါသေးတယ်၊ မသေနိုင်သေးပါဘူးလို့ မုချပိုင်ပိုင် မည်သူသိနိုင်ပါသလဲ၊ မည်သူမှ မသိနိုင်ရာတော့သည်သာလျှင်သတည်း။
သာဓု သာဓု သာဓုပါဘုရား။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့ အကျွမ်းဝင်တဲ့ဒကာတစ်ယောက်က အိမ်အလုပ်လေး လုပ်နေလို့ လေးငါးရက် ကြာသွား၊ နောက်တနေ့ ဘုရားကျောင်းတော်ရောက်တဲ့အခါ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဒကာ ကျောင်းသို့ အလှည့်ပေးတာဝေးလှပါလားလို့ မိန့်တော်မူသတဲ့။ ဒီတော့ အိမ်မှာ စဉ်းစားကြနော်၊ တရားအလုပ် လုပ်ဖို့အတွက် နက်ဖြန် သဘက် ချိန်ခါ ရွေးနေကြတယ်၊ ဘုရားကျောင်းကန်များ သွားဖို့ အလှည့်ပေးတာနဲတယ်။ စီးပွါးရေး၊ သားရေး သမီးရေး မိသားစုအရေးတွေ အတွက်သာ အချိန်ပေးတာများကြတယ်နော်။ ဒီလိုမြတ်စွာဘုရားက မိန့်တော်မူတဲ့အခါ ဒကာက ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား-တပည့်တော် မြတ်စွာဘုရားကို မရိုသေ လို့လည်းမဟုတ်ပါ၊ တရားတော်နှင့် သံဃာတော်ကို မရိုသေလို့လည်း မဟုတ်ပါဘုရား၊ တပည့်တော်အိမ်တွင် အလုပ်ကိစ္စလေးတွေကို ပြီးပြတ်အောင်လုပ်ဆောင် နေရပါသောကြောင့် လေးငါးရက်ကြာ မရောက်ဖြစ်တာပါ ဘုရားလို့ လျှောက်သတဲ့နော်။ ဒီလိုလျှောက်ထားတဲ့အခါ မြတ်စွာဘုရားက သံဝေဂဖြစ်တော်မူသတဲ့၊ သြော် ဘုရားနဲ့လည်း ရင်းနှီး၊ သံဃာတော်တွေနဲ့လည်း အကျွမ်းတဝင်ရှိပါလျှက်ကယ်နဲ့၊ တရားတော်တွေသည်လည်း နေလို လလို ထွန်းကားလို့ နာကြားခွင့်ရနေလျှက်နဲ့ ကျောင်တော်ကို မှန်မှန်မလာနိုင်ခြင်းသည်၊ တရားတော် များကို မှန်မှန် မနာကြားနိုင်ခြင်းသည် အာဟာရ ပရိယေသနဒုက္ခ စီးပွါးရှာခြင်းပါတဲ့။ အာဟာရ ပရိယေသနဒုက္ခ-အလွန့်အလွန်ကို ကြောက်စရာ လန့်စရာ သံဝေဂ ရစရာကောင်း လှပါပေတော့၏တကား။
သာဓု သာဓု သာဓုပါဘုရား။

မြတ်စွာဘုရားသံဝေဂ ဖြစ်သလို ဖြစ်ကြပါ၊ လောကမှာ အာဟာရ ပရိယေသန ဒုက္ခဆိုတာ အကြီးဆုံးပါတဲ့၊ နေ့ရှိ သမျှ ဒုက္ခပါတဲ့နော်။ ဒီဒုက္ခတွေ ဘယ်တော့မှ ပြီးမလဲ။
ဖြေ။ မပြီးနိုင်ပါဘုရား။

မေး။ ဘယ်ရောက်မှ ပြီးမလဲ။
ဖြေ။ နိဗ္ဗာန်ရောက်မှ ပြီးပါမယ်ဘုရား။

ဒါ့ကြောင့် အက္ခေယျံ-အသက်လိပ်ပြာ အကောင်သတ္တဝါမဟုတ်တဲ့ နာမ်အစစ် ရုပ်အစစ်တွေကို အပရိညာယ-ပိုင်းခြားထင်ထင် ကိုယ့်ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်ဖြင့် မသိမမြင်သည့် အတွက်ကြောင့် မစ္စုနော-အိုမင်း နာမင်း သေမင်း မာရ်နတ်မင်း၏၊ ယောဂံ-သူပိုင်နက်ထဲတည်းဟူသော သုံးဆယ့်တစ်ဘုံနယ်ထဲသို့၊ အာယန္တိ-မုချမသွေ လည်ပတ်နေကုန်တော့၏သတည်း။
သာဓု သာဓု သာဓုပါဘုရား။

ယောဂီသူတော်ကောင်းတို့ကို နာမရူပ ပရိစ္ဆေ္တဒဉာဏ်နှင့် ဒိဋ္ဌိဝိသုဒ္ဓိ ကလျာဏပုထုဇဉ် အဆင့်အတန်း အပါယ်ခွင် မရောက်ဝေးပုံ၊ နိဗ္ဗာန်ပေါက် လမ်းစပေးပုံတို့ကို တကန့်စီ တကန့်စီ ကရုဏာသန်သန်ထား၍ မေတ္တာတွေများများ နှင့် ဟောကြားလိုက်ပါသည်။ ဟောကြားလိုက်သောတရားကို နားမှ ကြား၍ သင်သူတော်ကောင်းအပေါင်းတို့၏ နာမ်အစဉ်မှာ အသိဉာဏ်များ ဝင်၍ ဝမ်းမြောက်ဝမ်းသာများ ဖြစ်ကြပါလျှင် ကြားလောက်တဲ့နေရာ နေရာဋ္ဌာနတိုင်းက စိတ်ပါလက်ပါ အားရပါးရ သာဓု သုံးကြိမ် ခေါ်ဆိုနိုင်ကြပါစေကုန်သတည်း။
သာဓု သာဓု သာဓုပါဘုရား။

(မူလ-ကသစ်ဝိုင်ကျေးဇူးရှင်ဆရာတော်ဘုရားကြီးဟောကြားတော်မူခဲ့သော နာမရူပ ပရိစ္ဆေ္တဒဉာဏ်နှင့် ဒိဋ္ဌိဝိသုဒ္ဓိတရားတော်ကို ဆရာတော်ဦးတေဇောသာရ(အောင်မင်းခေါင်ကုန်းမြေဓမ္မရိပ်သာ-ပဲခူး) ရေးသားပူဇော်ထားသော ကသစ်ဝိုင် ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိနှင့် တရားတော်များစာအုပ်မှ ထပ်ဆင့် ကူးယူ၍ ကသစ်ဝိုင်ကျေးဇူးရှင်ဆရာတော်များကိုယ်စား အင်တာနက်စာမျက်နှာတွင် စေတနာ၊ မေတ္တာများဖြင့် ရေးသားဖေါ်ပြလိုက်ပါသည်။)

Monday, September 28, 2009

နာမရူပ ပရိစ္ဆေ္တဒဉာဏ်နှင့် ဒိဋ္ဌိဝိသုဒ္ဓိ အပိုင်း(၆)

နာမ်-ရုပ် မမြင်ရသေးတဲ့ အန္ဓ ပုထုဇဉ်တွေဟာ ဒါနတွေ ဘယ့်လောက် လက်ကိုင်ထားပြီး ပြုလုပ်နေသောလည်း နိဗ္ဗာန်လမ်းစ မတွေ့ရဘူးတဲ့၊ သီလတွေ ဥပုပ်ရက်ရှည်တွေ ဘယ့်လောက်ဆောက်တည်နေသောလည်း နာမ်-ရုပ်မမြင်သေးရင်
နိဗ္ဗာန်လမ်းစ မတွေ့ရဘူးတဲ့၊ သမထကမ္မဋ္ဌာန်းဘက်က ဈာန်အဘိဉာဏ်တွေရ၍ မြေလျှိုးမိုးပျံနေကြတဲ့ ဗြဟ္မာကြီးတွေ ဖြစ်စေကာမူ နာမ်-ရုပ်မမြင်သေးရင် နိဗ္ဗာန်လမ်းစ မတွေ့ရဘူးတဲ့၊ နိဗ္ဗာန်ရည်မှန်းပြီး ဆုတောင်းနေသောလည်း မှောင်ထဲမှာ သွားနေတဲ့ လူလို လမ်းကိုမတွေ့ရသေးဘူးတဲ့၊ နာမ်နှင့်ရုပ်ကို မြင်မှသာ လမ်းကို တွေ့တော့မယ်ဆိုတာ ရှင်းရှင်းလေး မှတ်ပေးကြပါ ယောဂီတို့နော်။
(လင်္ကာ) “ဝိပဿနာ တရားပွါးများ အားထုတ်ခဲ့ပါလျှင် နာမ်နှင့်ရုပ်ကို မြင်၊ အငုပ်မှားလေးခုစင်၊ ကလျာဏပုထုဇဉ် အပါယ်ခွင်မရောက်ဝေး နိဗ္ဗာန်ပေါက်လမ်းစပေး”။

ပြောင်းပြန်လှန်ပြီးပြောရင်တော့ “ဝိပဿနာ တရားပွါးများ အားမထုတ်ခဲ့ပါလျှင် နာမ်နှင့်ရုပ်ကို မမြင် အန္ဓပုထုဇဉ်တဲ့၊ ပုထုဇဉ်အကန်း ပုထုဇဉ်အမိုက် ပုထုဇဉ်အယုတ်လို့ဆိုလိုပါတယ်၊ ကန်းတယ်ဆိုတာ ဉာဏ်ကန်းတာကို ပြောတာနော်။ အန္ဓပုထုဇဉ် အပါယ်ခွင်မလွှတ်သေးတဲ့။ အန္ဓ ပုထုဇဉ်ဆိုတော့ ဒိဋ္ဌိမပြုတ်သေးဘူးတဲ့၊ ဒိဋ္ဌိမပြုတ်သေးရင် အကုသိုလ် ကံဟောင်းလည်းတင် ကံသစ်လည်း ဝင်၊ နောက်ဆုံးတော့ အပါယ်ကျ၊ အန္ဓပုထုဇဉ်သည် အပါယ်မလွှတ်သေးပါတဲ့။ ဒါန သီလ သမထ လက်ကိုင်ရှိသောလည်း အပါယ်ခွင် မလွှတ်သေးတဲ့၊ မလွှတ်သေးတဲ့နော်၊ ဒီစကားက အလွန်တာတယ်နော်။ ဒါန သီလ လက်ကိုင်ရှိလို့ အကျိုးပေးမယ်ဆိုရင် လူမင်း နတ်မင်းအထိဖြစ်လိမ့်မယ်၊ သမထ လက်ကိုင်ရှိလို့ အကျိုးပေးမယ်ဆိုရင် ဗြဟ္မာမင်းကြီးအထိဖြစ်လိမ့်မယ်၊ ဖြစ်စေလိုတဲ့ ပြုတဲ့သူရင်ထဲမှာ နာမ် အစဉ်မှာ ဒိဋ္ဌိကြီးပါမသွားဘူးလားနော်။ ဒိဋ္ဌိပါသွာတော့ ဒိဋ္ဌိက ဘယ်ဘုံသားပါလဲ။
ဖြေ။ အပါယ်ဘုံသားပါဘုရား။

မေး။ အပါယ်လေးပါးက ဒိဋ္ဌိကြီးဖြစ်သောကြောင့် လူမင်းဖြစ်သော်လည်းကောင်း၊ နတ်မင်းဖြစ်သော လည်း ဘယ်ဘုံသားပါလဲ။
ဖြေ။ အပါယ်ဘုံသားပါဘုရား။

မေး။ ဒါဆို ဗြဟ္မာမင်းကြီးကော
ဖြေ။ အပါယ်ဘုံသားပါဘုရား။

ဒါကိုကြည့်တော့ လူ့ဘုံမှာ လူလာဖြစ်သောလည်း လူ့ဘုံသား၊ နတ်ဘုံမှာ နတ်လာဖြစ်တော့ နတ်သား၊ ဒီကနေ အပါယ်ဘုံသားကော မဖြစ်နိုင်ဘူးလား။
ဖြေ။ ဖြစ်နိုင်ပါတယ်ဘုရား။

မေး။ တိရစ္ဆာန်ကော ဖြစ်အုံးမလား။
ဖြေ။ ဖြစ်နိုင်ပါသေးတယ်ဘုရား။

ဒိဋ္ဌိမပြုတ်သေးရင် ပြောတာနော်။ သတ္တဝါတိုင်းတော့ မဟုတ်ဘူးနော်။
မေး။ ပြိတ္တာကော
ဖြေ။ ဖြစ်နိုင်ပါသေးတယ်ဘုရား။

မေး။ အသူရကာယ်နဲ့ ငရဲဘုံကော။
ဖြေ။ ဖြစ်နိုင်ပါသေးတယ်ဘုရား။

မေး။ ငရဲမကျအောင် ဘာလုပ်ကြမယ်။
ဖြေ။ ဝိပဿနာတရား အားထုတ်ရပါမယ်ဘုရား။

ဒါကြောင့် ဒိဋ္ဌိပြုတ်အောင် လုပ်ရမယ်နော်။ ဒါနသက်သက်နဲ့ ဒိဋ္ဌိပြုတ်အောင် လုပ်လို့မရဘူးနော်။ သီလ ဆောက်တည်နေရုံနဲ့လည်း မရဘူးနော်။ သဘောကျပြီလား။
ဒါဆို ဒိဋ္ဌိပြုတ်ချင်တယ်ဆိုရင် နာမ်-ရုပ်မြင်မှ ပြုတ်မှာနော်။ ဘုရားရှိခိုးနေရုံနဲ့မပြုတ်ဘူး။ ပုတီးစိပ်နေရုံနဲ့ မပြုတ်ဘူး။ တရားအားထုတ်မှ ပြုတ်မှာ၊ သူ့လမ်းနဲ့သူမှတ်ကြ။ ဒိဋ္ဌိရောဂါကြီး ပျောက်ချင်တယ်ဆိုရင် ဝိပဿနာဆေး နာနာသောက်နော်။ ဒါန သီလ သမထဆေး သောက်နေရုံနဲ့ကတော့ ဒိဋ္ဌိမပြုတ်နိုင်ဘူးနော်။ ဒိဋ္ဌိမပြုတ်သေးသမျှ အပါယ်လေးပါး ဘယ်တော့မှ မလွတ်သေးဘူးဆိုတာကို မှတ်ကြပေတော့။ ခွေးဖြစ်ရမှာလည်း ငါပဲ။ နွား ကျွဲဖြစ်ရမှာလည်း ငါပဲနော်။ ယောဂီတို့ရေ လင်းတဖြစ်တဲ့အခါ ခွေးသေကောင်ပုပ်ကို မြိန်မြိန်စားရမှာလည်း ငါပါပဲ မှတ်ထားကြပေတော့နော်။ မစားချင်ရင် ဘာလုပ်ရမလဲ။
ဖြေ။ ဝိပဿနာတရား အားထုတ်ရပါမယ်ဘုရား။

ဒါ့ကြောင့် မာန်လည်ဆရာတော်က “ဒိဋ္ဌိမကွာ ပုဂ္ဂိုလ်မှာလျှင်” ဒိဋ္ဌိမကွာတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဘယ်သူ့ကို ပြောတာလဲ၊ ဆရာတော်က ကိုယ့်ကို ပြောတာလို့ နားလည်ထားနော်-ဟုတ်လား။ တရားနာတဲ့အခါမှာလည်း မိလက္ခကြီးလို နာရတယ်၊ မိလက္ခ ဒီနေ့ကစပြီး ဘုရားဟောထားသလို နေနော်။ အလုပ်တစ်ခုလုပ်မယ်ကြံရင် မစူးစမ်းမဆင်ခြင်ဘဲနဲ့ မောင်မင်းဘယ်တော့မှ မလုပ်နဲ့နော်၊ အမြဲတမ်းစဉ်းစားဆင်ခြင်ပြီးလုပ်ပါနော်။ တရားကိုလည်း မမေ့နဲ့နော်၊ ဒီလိုမျိုးနော်။ နောက်ပြီး တရားနာနေတဲ့အခါမှာလည်း ဆရာတော်က ငါ့ကိုရည်ရွယ်ပြီးဟောနေတာပါလား၊ ဒိဋ္ဌိမပြုတ်လို့ရှိရင် ငါ အပါယ်ကျတော့မယ်၊ ငါ အပါယ်ကျတော့မှာကို ဆရာတော်သည် စိုးရိမ်ပြီး မိဘသည် သားသမီးအပေါ် အင်မတန်ကောင်းစေချင်သည့်ဆန္ဒမျိုးလိုပါပဲနော်။ သြော်ငါ့ရင်တွင် နာမ်အစဉ်မှာရှိနေတဲ့ ဒိဋ္ဌိတစ်လုံးကို ပြုတ်စေချင်လွန်းလို့ ဆရာတော်ဟာ ငါ့ကိုရည်ရွယ်ပြောတာနော်၊ သူများကို ရည်ရွယ်ပြောတာမဟုတ်ဘူးလို့ စိတ်တွင်ထင်မှတ်၍ တရားနာကြနော်။ ဒီတော့ ဒိဋ္ဌိတစ်လုံးကို ရင်တွင် နာမ်အစဉ်မှာ လက်ခံထားလိုက်မယ်ဆိုရင် အင်မတန်မှ ကြောက်စရာကောင်းလှပါတကားလို့နော်။
“သာဝဇ္ဇော ပုထုဇ္ဇနဘာဝေါ” - ပုထုဇ္ဇနဘာဝေါ ပုထုဇဉ်အဖြစ်နဲ့နေရခြင်းသည် ရင်တွင်နာမ်အစဉ်မှာ ဒိဋ္ဌိတစ်လုံးကို လက်ခံထားလိုက်ရခြင်းသည် သာဝဇ္ဇော- အပြစ်တွေများလှပါတကား။
မြင်အောင်ကြည့်ကြပါ၊ အပြစ်များပုံကိုနော်။ ဒိဋ္ဌိတစ်လုံးကို လက်ခံထားလိုက်မိရင်တော့ မသိမှု အဝိဇ္ဇာကြောင့် အမိ အဖကို သတ်တဲ့ ကံတွေထိုက်တတ်တယ်၊ ဘေးကြီးတွေကို ကြုံရတတ်တယ်။ လွန်ကျူးမိတဲ့ အပြစ်တွေကလည်းလေ များများလာတာကိုလည်း မသိလိုက်ဘူးဖြစ်တတ်တယ်။ ဒါမျိုးတွေလည်း ဖြစ်တတ်သေးတယ်နော်။ ယခုချိန်ခါမှာ သမ္မာဒိဋ္ဌိအမျိုးကောင်းသားသမီးတွေဖြစ်ကြပေမယ့် တစ်နေ့ကျရင် ဒိဋ္ဌိ မပြုတ်သေးတော့ မိစ္ဆာဒိဋ္ဌိဖြစ်တတ်သေးတယ်နော်။
ယခုပင် သီလဝန္တဖြစ်နေသောလည်း တစ်ဘဝတွင် ဒုဿီလ၊ ယခုပင် ကရုဏာတရား မေတ္တာတရား ကိုယ်ချင်းစာတရား ရှိနေပါသောလည်း တစ်နေ့တွင် အင်မတန်ဆိုးဝါးယုတ်မာတဲ့ လူမျိုး ဖြစ်အုံးမယ်လို့ဆိုတာ မှတ်၊ ပုထုဇဉ်အဖြစ်နဲ့ ဒိဋ္ဌိတစ်လုံး လက်ခံထားခြင်းသည် အင်မတန်အပြစ်တွေများသတဲ့၊ ဒိဋ္ဌိတစ်လုံး လက်ခံထားမယ်ဆိုရင် ဘေးအမျိုးမျိုး ရန်အမျိုးမျိုး အန္တရာယ်အမျိုးမျိုး ကပ်ဆိုးအမျိုးမျိုးကိုလည်း ရင်ဆိုင်တိုးတော့မယ်ဆိုတာ သေသေချာချာမှတ်ကြပါ။ ဒါ့ကြောင့် ရင်တွင်နာမ်အစဉ်မှာ ဝင်နေတဲ့ ဒိဋ္ဌိတစ်လုံးကို ဝိပဿနာနဲ့ နာနာဖြုတ်ကြပေတော့လို့ ဆိုလိုတယ်နော်။ “ဒိဋ္ဌိမကွာ ပုဂ္ဂိုလ်မှာလျှင် လူတွင် စကြာ နတ်မှာ သိကြား (ဒါနသီလအရှိန်ခေါ်တယ်နော်) မိုးဖျား ဗြဟ္မာ ဖြစ်တုံပါလည်း (မိုးဖျား ဗြဟ္မာဆိုတာ ဘုံသုံးဆယ့်တစ် အထက်ဆုံး နေဝသညာနာသညာယတနဘုံမှာ ဖြစ်တဲ့ ဗြဟ္မာ၊ အဲဒါ ဈာန်ကုသိုလ်အရှိန်နော်) ခန္ဓာပြိုကွဲ ကုသိုလ်စဲက ဖေါက်လွှဲ ပါယ်ရွာ ရောက်မြဲခါတည်း”။ ဒီတော့ အပေါ်ရောက်အောင် ဒါန သီလ သမထက မြှောက်တင်လိုက်တယ် နောက် ဘယ်တွေရောက်သွားမလဲ။
ဖြေ။ အပါယ်ကျကုန်ပါပြီဘုရား။

မေး။ အောက်ပစ်ချလိုက်တာက ဘယ်သူ့လက်ချက်လဲ။
ဖြေ။ ဒိဋ္ဌိလက်ချက်ပါဘုရား။

မေး။ ကြောက်စရာကောင်းသလား။
ဖြေ။ ကောင်းပါတယ်ဘုရား။

ဥပမာ စွန်လေးနဲ့တူသတဲ့။ လေတိုက်တဲ့အခါမှာ စွန်လေးသည် ကောင်းကင်မှာ ဝဲဝဲ ဝဲဝဲနဲ့ တက်မနေဘူးလား။ တက်နေတယ်နော်၊ ဘယ်လောက်ပင် တက်နေသောလည်း အောက်ကကြိုးတန်းလန်းနဲ့ ဆွဲထားတာကြည့်၊ စွန်ကလေးရဲ့ လူမင်း နတ်မင်း ဗြဟ္မာမင်းတွေနဲ့ တူပါတယ်၊ လေလေးနဲ့ ဒါန သီလ သမထကုသိုလ်အရှိန်နဲ့ တူပါတယ်။ ကြိုးလေးနဲ့ ဒိဋ္ဌိနဲ့ တူပါတယ်၊ မြေကြီးနဲ့ အပါယ်လေးပါးနဲ့တူပါတယ်။ စွန်လေး ဘယ်လောက်ပင် ကောင်းကင်ပေါ် တက်နေသောလည်း မြေကြီးကနေပြီး ကြိုးက ဆွဲချ လိုက်ရင် အောက်ကိုကျလာသလို မြင့်မားတဲ့ ဘုံဘဝတွေ ရောက်နေသောလည်း ရင်ထဲမှာရှိတဲ့ ဒိဋ္ဌိက ဆွဲချလိုက်ရင် အပါယ်ထဲသို့ ဇောက်ထိုးကျ ကြရပေတယ်နော်။
ဒိဋ္ဌိသက်က္ကာ မကွာသမျှ လေးဝအပါယ် ရောက်ဦးမယ် (လယ်တီ)ဆရာတော်က မိန့်တော်မူပြန်တယ်နော်။ ဒိဋ္ဌိမကွာသမျှတော့ ယခုမရောက်သေးသော်လည်း တစ်နေ့ကျတော့လည်း အပါယ်လေးပါးတော့ ရောက်အုံးမယ်တဲ့နော်။ ဒိဋ္ဌိသက်က္ကာ မကွာသမျှ လေးဝအပါယ် ရောက်ဦးမယ်၊ နင်ဝယ်သတိထား သို့အလားကြောင့် မြတ်ဘုရားက ရင်ဝလှံစူး ထိပ်ဦးမီးလောင်သူကဲ့သို့ မရှောင်အဟုတ် နောက်မဆုတ်ပဲ ဝိပဿနာ အလုပ်အားထုတ်ရန် သဘောကို “သတ္တိယာ ဝိယ သြမဋ္ဌော” ဟု ဟောကြားခဲ့လေသတည်း။
သာဓု သာဓု သာဓုပါဘုရား။

ဝိပဿနာတရားအလုပ်ကို လုပ်မယ်ဆိုရင် တစ်ဖဝါးမှ နောက်မဆုတ်ပါဘဲ မြန်မြန်ကြီးသာ အားထုတ်ပါတဲ့။ အလွှန်အရေးကြီးတယ်၊ ရင်ဝမှာ လှံစူးသော ပုဂ္ဂိုလ်ထက်လည်း အရေးကြီးတယ်တဲ့နော်။

သတ္တိယာ ဝိယ သြမဋ္ဌော၊ ဒယှမာနောဝ မတ္တကေ။
သက္ကာယဒိဋ္ဌိ ပဟာနာယ၊ သတော ဘိက္ခု ပရိဗ္ဗဇေ။
သတ္တိယာ- အသွားနှစ်ဖက် မြမြထက်သည့် လှံသွားကြီးဖြင့်၊ သြမဋ္ဌော-လည်မျိုရင်ဝ စူးရှ၍ နေသော လူတစ်ယောက်သည်၊ ပဟာနာယ လုလ္လထန်ပြင်း စူးသောလှံကို မြန်မြန်ကြီး ပယ်နှုတ်ဖို့ရာ အလို့ငှါ၊ ပရိဗ္ဗဇဝိယ-အရေးတကြီး မြန်မြန်ကြီးအားထုတ် ပြုကျင့်လိုက်ရဘိသကဲ့သို့၎င်း၊ မတ္တကေ-အမြတ်တင်ရွက် ဦးထိပ်ထက်၌၊ ဒယှမာနော-အလျှံတပြောင်ပြောင် မီးတောက်လောင်ခံနေရသော လူတစ်ယောက်သည်၊ ပဟာနာယ-ပြင်းစွာလောင်နေသောမီးကို မြန်မြန်ကြီးငြိမ်းသတ်ဖို့ရာ အလို့ငှါ၊ ပရိဗ္ဗဇဝိယ-နေ့ညမယုတ် အားထုတ်ဘိသကဲ့သို့ ၊ တထာ-ထို့အတူ၊ ဘိက္ခု-သံသရာဘေး လာမည့်အရေးတွေကို မြှော်တွေးကာ သင်သူတော်ကောင်းအပေါင်း တို့သည်၊ သက္ကာယဒိဋ္ဌိ ပဟာနာယ-အပါယ်နှင့် ဆက်နွယ်နေသည့် သက္ကာယဒိဋ္ဌိ နှစ်ဆယ်ကိလေသာ တရားဆိုးကို မြန်မြန်ကြီးပယ်ဖို့ သတ်ဖို့ အလို့ငှါ၊ သတော-ဣနြေ္ဒခြောက်ပါး တံခါးခြောက်ပေါက်၌ အကုသိုလ်တွေ မဝင်နိုင်အောင် အမြဲတမ်းစောင့်ရှောက်သည့် အလေ့ သတိ ဘယ်သောအခါမှ မမေ့ရသည် ဖြစ်၍၊ ပရိဗ္ဗဇေ-ဝိပဿနာအလုပ်နဲ့ တွေ့သည့်နေ့ပင် နောက်မဆုတ်ပါပဲ မြန်မြန်ကြီး နေ့ညမယုတ် အားထုတ် ပြုကျင့်ရတော့သည်သာလျှင်သတည်း။
သာဓု သာဓု သာဓုပါဘုရား။

တစ်သံသရာလုံးတွင် လုပ်ဆောင်ခဲ့ကြတဲ့ စီးပွါးရေးတွေ၊ လောကီကိစ္စ အဝဝ တွေကို တရားအားထုတ်ပြီးတဲ့ အခါမှသာလျှင် လုပ်သင့်လုပ်ထိုက်တော့သည်သာလျှင်တည်း။
သာဓု သာဓု သာဓုပါဘုရား။

Thursday, September 17, 2009

နာမရူပ ပရိစ္ဆေ္တဒဉာဏ်နှင့် ဒိဋ္ဌိဝိသုဒ္ဓိ အပိုင်း(၅)

ဒိဋ္ဌိပယ်စွမ်း ကျင့်ခန်းကို သင်ပါ၊ သင်လိုက်မယ်ဆိုရင်လည်း သင်သိလေးရသွားပါမယ်၊ ယောဂီတို့အနေနဲ့ သင်သိလေးသိသွားရင် ကျင့်သိလေးဆီကို သွားကြအုံးစို့နော်။

ဒါကြောင့် “ဒိဋ္ဌိပယ်စွမ်း ကျင့်ခန်းသင်ပါ၊ သင်ခဏ်းလာတိုင်းမဆိုင်းကျင့်ရာ” လို့ဆိုထားပါတယ်။ သင်ခဏ်းစာလာတိုင်း သင်သိလာတိုင်း မဆိုင်းမတွပဲ မြန်မြန်ကြီး ကျင့်လိုက်ပါလို့ဆိုပါတယ်။ ဒီလိုမဆိုင်းမတွ ကျင့်လိုက်မယ်ဆိုရင် ကျင့်သိလေးဖြစ်သွားပါတယ်၊ သင်သိ ကျင့်သိမှ ကလျာဏပုထုဇာတဲ့။

သင်သိ-သက်သက်ဆိုရင် တဘက်တော့ ကောင်းရဲ့၊ တဘက်မှာတော့ ကန်းနေသေးတယ်နော်၊ ကျင့်သိလေးပါမှ နှစ်ခုလုံးကောင်းတယ်လို့ ခေါ်တယ်နော်။ ဒါမှ ကလျာဏပုထုဇဉ်အစစ်တဲ့နော်။
တရားနာရုံနဲ့သိတာ “ဧကတော ကလျာဏ” ဆွေးနွေးရုံနဲ့ စာကြည့်ရုံနဲ့ သိတာကတော့ “ဧကတော ကလျာဏ” တဘက်တော့ ကန်းနေပါတယ်တဲ့၊ တဘက်မှာတော့ ကောင်းနေရဲ့၊ ကျင့်သိဆိုရင် အတွင်းပါမြင်သောကြောင့် အပြင်လဲ မြင်၊ အတွင်းလည်း မြင်ပါသောကြောင့် အပြင်လည်း မြင်၊ အတွင်းလည်း သိ၊ နှစ်ဖက်လုံး ကောင်းသော ကလျာဏပုထုဇဉ်လို့မှတ်ကြပါနော်။

“သင်သိ ကျင့်သိမှ ကလျာဏပုထုဇာ၊ နှစ်မျိုးမသိက အန္ဓ-ခေါ်သညာ” လို့ မှတ်ထားကြနော်။

ဝိပဿနာတရားပွါးများအားထုတ်ကြပါ လျှင် ခန္ဓာမှာ နာမ်-ရုပ်ကို မြင် အငုပ်မှားလေးခုစင်၊ ကလျာဏ ပုထုဇဉ်။
ကလျာဏ-ကောင်းတဲ့ ပုထုဇဉ်ခေါ်တယ်၊ သမုစ္ဆေဒနဲ့ ဒိဋ္ဌိငုပ်အကြွင်းမဲ့ မပြုတ်သေးရင် ပုထုဇဉ်လို့ ခေါ်ပါတယ်။
သမုစ္ဆေဒနဲ့ မဂ်ကျလို့ ဒိဋ္ဌိပြုတ်ခဲ့ရင် သောတာပန်လို့ ခေါ်ပါတယ်။
ယခုချိန်မှာ ပုထုဇဉ်တစ်ယောက်အနေနဲ့ ဆိုတော့ တဒင်္ဂပယ်ထားပါ၊ သမုစ္ဆေဒတော့ မရသေးဘူး၊ သူက သမုစ္ဆေဒ မရသေးဘူးခေါ်တယ်၊ အမြစ်မပြုတ်သေးဘူး၊ အဲဒါ ပုထုဇဉ်လို့ခေါ်တယ်နော်။
ကလျာဏ-ကောင်းတယ် မြတ်တယ်လို့ မြန်မာပြန်ကြတယ်၊ ကလျာဏ ပုထုဇဉ်ကောင်းတဲ့ မြတ်တဲ့ အလိမ္မာစား ပုထုဇဉ်လို့ခေါ်တယ်၊ ကောင်းပုံလေး သီလရှိသောကြောင့် အဖျား-ကိုယ်နှုတ်လည်း ကောင်းသည်၊ သမာဓိရှိသောကြောင့် အလယ်-စိတ်နှလုံးလည်း ကောင်းသည်၊ ပညာရှိသောကြောင့် အရင်း-နာမ်ရုပ်လည်း ကောင်းသည်။ အစ အလယ် အဆုံး သုံးပါးလုံးကောင်းသည် ဖြစ်လေသောကြောင့် ဒီပုဂ္ဂိုလ်ကို ကလျာဏခေါ်တယ်နော်၊ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်နှင့် ပြည့်စုံသောကြောင့် ဒီပုဂ္ဂိုလ်ကို ကလျာဏပုထုဇဉ်လို့ခေါ်ပါတယ်။

ကလျာဏပုထုဇဉ် အပါယ်ခွင်မရောက်ဝေး။ တဆင့်တက်လိုက်ကြရအောင်-
ကလျာဏပုထုဇဉ် အပါယ်ခွင်မရောက်ဘူးတဲ့နော် (အပါယဂါမိက ကမ္မာနိ နာမ သက္ကာယဒိဋ္ဌိယာ သတိယေဝ ဝိပစ္စန္တိ၊ နော အသတိယာ) ဆိုတဲ့ ဋီကာကြီးမှာ ပါတဲ့အတိုင်းပါ။
အပါယဂါမိက ကမ္မာနိနာမ-အပါယ်သို့ ပစ်ချနိုင်သည့် အကုသိုလ်ကံတို့ မည်ကုန်သည်၊ သက္ကာယဒိဋ္ဌိယာ-အမှားအငုပ်လေးခုဆိုတဲ့ သက္ကာယဒိဋ္ဌိသည်၊ သတိယေဝ-ရှိလျှင်၊ ဝါ၊ ရှိမှသာလျှင်၊ ဝိပစ္စန္တိ-အပါယ်ကျ၏အဖြစ်ဖြင့် အကျိုးပေးနိုင်ကြကုန်၏။ သက္ကာယဒိဋ္ဌိယာ-အမှားအငုပ်လေးခုဆိုတဲ့ သက္ကာယဒိဋ္ဌိသည်၊ အသတိယာ-မရှိခဲ့သော်၊ နော ဝိပစ္စန္တိ-အပါယ်ကျ၏ အဖြစ်ဖြင့် ဘယ်အခါမှ အကျိုးမပေးနိုင်ကြကုန်သည်သာလျှင်သတည်း။
သာဓု သာဓု သာဓု။

မေး။ ကလျာဏ ပုထုဇဉ်ဆိုရင် ဒိဋ္ဌိရှိ-မရှိ။
ဖြေ။ မရှိပါဘုရား။

မေး။ ဒါဖြင့် နံပါတ်(၁) ဒိဋ္ဌိပြုတ်ရင် နံပါတ်(၂) အကုသိုလ် ကံဟောင်း ကြွေးဟောင်းတွေ တင်ပါသေးသလား။
ဖြေ။ မတင်ပါဘုရား။

မေး။ ကံသစ် ကြွေးတွေ ဝင်သေးပါသလား။
ဖြေ။ မဝင်ပါဘုရား။

မေး။ အကုသိုလ်ကံဟောင်းလည်း မတင်၊ ကံသစ် ကြွေးသစ်လည်း မဝင်ရင် နံပါတ်(၃) အပါယ်ကျသေးပါသလား။
ဖြေ။ မကျတော့ပါဘုရား။

မေး။ ဘယ့်လောက် အဖိုးတန်သလဲနော်၊ အဖိုးတန်ပါရဲ့လား။
ဖြေ။ တန်ပါတယ်ဘုရား။

ဘယ်တော့မှ မကျတော့ဘူးလားလို့ မေးတော့၊ ကလျာဏ ပုထုဇဉ် အပါယ်ခွင် မရောက်ဝေး။ ဝေးလေးတစ်လုံးပါတယ်နော်။ အပါယ်ကို ဘယ်တော့မှ မကျရောက်နိုင်တာက သောတပန်ဖြစ်သွားမှ မကျတာပါ၊ ကလျာဏပုထုဇဉ်တို့ကတော့ ဘယ်တော့မကျနိုင်ဘူးလို့ မပြောနိုင်ပါ။ အပါယ်ကျဖို့ ဝေးတယ်လို့သာ ဆိုနိုင်ပါတယ်နော်။ ကလျာဏပုထုဇဉ်သည် အောက်တန်း အန္ဓပုထုဇဉ်အဖြစ်သို့ ပြန်မလျော့ဘူးဆိုရင်တော့ အပါယ်မကျနိုင်သေးဘူးတဲ့။ အန္ဓပုထုဇဉ်အဖြစ်သို့ ပြန်လျှောမယ်ဆိုရင်တော့ အပါယ်ကို ကျပါလိမ့်မယ်။ ထို့ကြောင့် အပါယ်ခွင်မရောက်ဝေးလို့ ဆိုလိုက်ပါတယ်။

မေး။ ယောဂီတို့ ရှင်းပါရဲ့လား။
ဖြေ။ ရှင်းပါတယ်ဘုရား။

ကလျာဏပုထုဇဉ် အပါယ် အရောက်ဝေးပုံကို ပေါ်လွင်အောင် ပြောပါအုံးမယ်။ နာမ်-ရုပ်နဲ့ အတ္တဒိဋ္ဌိ ငါနဲ့ မကွဲသေးပါ။ အတ္တဒိဋ္ဌိ မပြုတ်သေးဘူးနော်။
နာမ်သည် ငါ၊ ရုပ်သည် ငါလို့ နာမ်-ရုပ်ပေါ်မှာ ငါငုပ်နေတဲ့အချိန်နော် အန္ဓ။ အကုသိုလ်ကို ဘယ်သူလုပ် ငါ-ကလုပ်နေတာနော်။

မေး။ ငါသည် ဘယ်သူလဲလို့ အန္ဓကိုမေးရင် နာမ်-ရုပ်ကို လက်ညှိုးမထိုးဘူးလား။
ဖြေ။ ထိုးပါတယ်ဘုရား။

မေး။ အကုသိုလ်လုပ်တော့ ငါ၊ လက်ညှိုးထိုးခံရသော နာမ်-ရုပ်နော်။
ဖြေ။ မှန်ပါတယ်ဘုရား။

မေး။ လုပ်သော ငါ၊ အပါယ်လာခဲ့လို့ ခေါ်ရင် နာမ်-ရုပ်သွားမလား၊ ငါ-သွားမလား။
ဖြေ။ နာမ်-ရုပ် သွားမှာပါဘုရား။

ကြည့်ကြစမ်းပါ၊ ငါ-က လူလည်ပါလား။ နာမ်-ရုပ် အိမ်ပေါ်မှာလည်း နေတယ်၊ အိမ်ရှင် နာမ်-ရုပ်ကိုလည်း ထိုးချသေးတယ်နော်။ အရိပ်လည်း ခိုတယ်၊ အခက်လည်း ချိုးတယ်ဆိုတဲ့ ဥပမာလိုနော်။
မေး။ လုပ်တော့ ငါ၊ အပါယ်ကျစရာရှိတော့ ဘယ်သူပါလဲ။
ဖြေ။ နာမ်-ရုပ်ပါဘုရား။

မေး။ အဲဒါက အန္ဓ-မသိမှု၊ လုပ်တဲ့ ငါ-အစား နာမ်ရုပ်က ခံရပြီဆိုရင်လည်း ကျေနပ်နေတာပါ။ ဟုတ်တယ်နော်။
ဖြေ။ မှန်ပါဘုရား။

သိလည်း မသိပါဘူး။ သိတာတောင် နာမ်-ရုပ်လေးက ငါ-လေးကို မင်းမသွားပါနဲ့ကွယ်၊ သူပဲ အပါယ် သွားလိုက်ပါမယ်တဲ့။ သဘောကောင်းတဲ့ နာမ်-ရုပ်ပါ။

ကဲ ဥပမာလေးနဲ့ပြောပါအုံးမယ်။ ဘုရားက အဘ၊ နာမ်-ရုပ်က သားသမီး၊ သြော် ငါ့သား နာမ်-ရုပ်...နာမ်-ရုပ်လေးတို့ သည် သူတော်ကောင်းအစစ်တွေပါကွယ်။
သူတစ်ပါးအသက်ကိုလည်း မသတ်ရှာပါဘူး။
သူတစ်ပါးပစ္စည်းကိုလည်း ခိုးယူတိုက်ဖျက်လုယက်ခြင်းလည်း မလုပ်ကြပါဘူး။
သူတစ်ပါးအိမ်ယာကိုလည်း ဘယ်တော့မှ မလွန်ကျူးပါဘူး။
သူတစ်ပါးကိုလည်း လိမ်ညာစကား၊ ကုန်းချောစကားများလည်း မပြောကြပါဘူး။
မူးယစ်စေသော သတိကင်းမဲ့စေသော သေရည်အရက်များကိုလည်း မသောက်ကြပါဘူး။
ကာယကံ၊ ဝစီကံ၊ မနောကံလည်း လုံတယ်နော်၊ ငါ့သားသမီး နာမ်-ရုပ်လေးတွေသည် သူတော်ကောင်း အစစ်လေးတွေပါ။ ယခုအခါ အတ္တဒိဋ္ဌိဆိုတဲ့ ငါနဲ့ ပေါင်းလို့ သာ ပျက်စီးကုန်ကြပြီနော်။ အဲဒီမှာ မင်္ဂသုတ်မှာ ပါတဲ့ အသေဝနာစ ဗာလာနံ၊ ဗာလာနံ မိုက်ပြီးတော့နေတဲ့ အတ္တဒိဋ္ဌိ (ငါ)။ အသေနာဝစ-ဘယ်သောအခါကာလမှ မပေါင်းဖေါ် မမှီဝဲရခြင်းသည် မင်္ဂလာတစ်ပါးမည်ပါပေတယ်။ နာမ်ရုပ်တို့ မင်းတို့ ဒိဋ္ဌနဲ့ မပေါင်းကြနဲ့နော်။ ငါနဲ့မပေါင်းနဲ့နော်။ နာမ်ရုပ်တို့သည် ငါ အတ္တဒိဋ္ဌိနဲ့ပေါင်းတဲ့အခါ အကုသိုလ်လုပ်တော့မယ်။ အကုသိုလ် လုပ်ရင်တော့ အပါယ်ကျတော့မယ်။ ငါနဲ့ မပေါင်းနဲ့ အတ္တဒိဋ္ဌနဲ့ မပေါင်းပါနဲ့နော်။
တကယ်အစစ်ကတော့ ပရမတ် ပရမတ်ချင်း နာမ်-ရုပ်ပရမတ်လေးသည် အတ္တဒိဋ္ဌိပရမတ်နဲ့ မပေါင်းနဲ့နော်၊ ဒါဖြင့် ဘာနဲ့ပေါင်းရမလဲဆိုရင် ပဏ္ဍိတာနဉ္စ သေဝနာတဲ့၊ ပညာရှိနဲ့ ပေါင်းတဲ့ ပညာရှိဆိုတော့ သမ္မာဒိဋ္ဌိပေါ့၊ အမှန်မြင် ဝိပဿနာပေါ့။ ပူရင် ပူဒါ သိရင် သိတာ၊ အေးရင် အေးဒါ သိရင် သိတာ၊ လှုပ်ရင် လှုပ်ထာ သိရင် သိတာ စတဲ့ ဒီလိုမြင်တဲ့ သမ္မာဒိဋ္ဌိနဲ့ ပေါင်းတဲ့နော်။

မေး။ သမ္မာဒိဋ္ဌိနဲ့ ပေါင်းမယ်ဆိုရင် နာမ်-ရုပ်သည် အကုသိုလ် လုပ်မလုပ်။
ဖြေ။ မလုပ်တော့ပါဘူးဘုရား။

မေး။ အကုသိုလ်မလုပ်ရင် နာမ်-ရုပ်သည် အပါယ်ကျအုံးမလား။
ဖြေ။ မကျတော့ပါဘုရား။

ဒါကတော့ မြတ်စွာဘုရားဟောကြားဆုံးမခဲ့တာ ဖြစ်ပါတယ်။ ဘုန်းကြီးကတဆင့် ပေါ်လွင်အောင် ဟောကြား ပေးတာဖြစ်သောကြောင့် မိမိတို့၏ နာမ်-ရုပ်ကလေးနဲ့ ဒိဋ္ဌိကို ရှင်းထားကြနော်။ မရှင်းရင်တော့ အပါယ်ကျ တော့မှာပါ။ မိစ္ဆာဒိဋ္ဌိဆိုတဲ့ လူမိုက်ကို ရှင်းပြီး၊ သမ္မာဒိဋ္ဌိဆိုတဲ့ လူလိမ္မာနဲ့ ပေါင်းတာပါ။ တစ်ပေါ် တစ်သိ၊ တစ်ပေါ် တစ်မှတ်၊ တစ်ပေါ် နှစ်သိ၊ တစ်ပေါ် နှစ်မှတ်ဆိုရင် အဲဒါသည် သမ္မာဒိဋ္ဌိနဲ့ ပေါင်းတာပါ။ ရှင်းသွားပါပြီလား။
သတ္တဝါအပေါင်းတို့၏ ဆရာသခင်ဖြစ်တော်မူသော မြတ်စွာဘုရားသည် သမ္မာဒိဋ္ဌိဆိုတဲ့ ပညာရှိနဲ့ပေါင်းစေချင် လွန်းလို့ တရားဟောပြီးတိုင်း ချစ်သား ချစ်သမီးတို့၊ သင် ချစ်သား ချစ်သမီးတို့၏ အကျိုးစီးပွါးကို အလွန်လိုလား တောင့်တလှသည်ဖြစ်၍ သင်ချစ်သား ချစ်သမီးတို့၏ အကျိုးစီးပွါးအလို့ငှါ တရားများဟောကြားထားခဲ့ပါတယ်။ လူ့ပြည်ကြီးမှာ အင်မတန်ဆိတ်ငြိမ်ရာဖြစ်တဲ့ သစ်ပင်တွေ တောတောင်၊ ဂူလိုဏ်တွေ လွင်တီးခေါင်တွေ ရှိကြ ပါပေတယ်၊ အဲဒီဆိတ်ငြိမ်တဲ့အရပ်များသို့ ကပ်ပြီးလျှင် “ဈာယထ ဘိက္ခဝေ မာပမာဒတ္တ၊ ဈာယထ ဘိက္ခဝေ မာပမာဒတ္တ” ချစ်သားတို့ တရားများကို အားထုတ်ကြပါ၊ အားထုတ်ကြပါ၊ မမေ့နဲ့နော်၊ မမေ့နဲ့နော်၊ မာ ပစ္ဆာစ ဝိပ္ပဋိသာရိနော အဟုဝတ္ထ မေ့နေကြမည်ဆိုလျှင် နောင်အခါဝယ် ဘေးတွေ့လိမ့်မယ်။ နောင်အခါဆိုရင် အပါယ် ဘေးကြီးနဲ့ ရင်ဆိုင်တွေ့ကြမယ်၊ အို-နာ-သေ ဘေးဆိုးတွေ့လို့ငို၊ သံသရာဝဋ်ဆင်းရဲဘေးကြီးနဲ့ ရင်ဆိုင်တွေ့ တော့မယ်နော်။
ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းများကိုလည်း ရင်ဆိုင်တွေ့ရမှာဖြစ်ပါတယ်။ တွေ့တဲ့အခါမှာနော် မငိုနဲ့၊ မညည်းကြပါနဲ့ကွယ်၊ ကယ်ပါ ယူပါတစာစာနဲ့ မတမ်းတကြနဲ့နော်။ “အယံ ဝေါအမှာကံ အနုဿသနီ” ငါဘုရား ဘေးမတွေ့ခင် ကြိုတင်၍ ဆိုဆုံးမထားတာလို့ တရားဟောပြီးတိုင်း တရားဟောပြီးတိုင်း တရားအားထုတ်ဖို့ အကြိမ်ကြိမ် တိုက်တွန်းတော်မူခဲ့ပါတယ်။ ဒါကြောင့်နော် မြတ်စွာဘုရားစကားကို နားထောင်ပြီး ခန္ဓာဉာဏ်စိုက် လို့ တရားအားထုတ်လိုက်မယ်ဆိုရင် နာမ်-ရုပ်မမြင်နိုင်ဘူးလား။
ဖြေ။ မြင်ပါတယ်ဘုရား။

မြင်မယ်ဆိုရင် နာမ်-ရုပ်နဲ့ ငါ မပေါင်းတော့ရင် နာမ်-ရုပ် ငါလို့ သုံးစု ကွဲသွားပါပြီနော်။

သုံးစုကွဲသွားတော့ မေးပါအုံးမယ်။ သုံးစုကွဲရင် ကလျာဏပုထုဇဉ်ဖြစ်ပြီနော်။ ကဲမေးပါအုံးမယ်...
မေး။ နာမ်-ရုပ်နဲ့ ငါ ကွဲပါပြီနော်။
ဖြေ။ ကွဲပါတယ်ဘုရား။

မေး။ အကုသိုလ် ဘယ်သူလုပ်၊ ငါ လုပ်တာနော်။ ငါဆိုတာ ဘယ်သူလဲလို့ဆိုရင် နာမ်-ရုပ်ကို လက်ညှိုးထိုးလို့ ရနိုင်ပါ့မလား။
ဖြေ။ မရပါဘုရား။

မေး။ နာမ်ကို လက်ညှိုးထိုးလို့ကော ရပါ့မလား။
ဖြေ။ မရပါဘုရား။

မေး။ ရုပ်ကို လက်ညှိုးထိုးလို့ကော ရပါ့မလား။
ဖြေ။ မရပါဘုရား။

မေး။ ငါသည် ဘယ်သူလဲလို့များ မေးမယ်ဆိုရင် ငါသည် ရှိတာလား၊ မရှိတာလား။
ဖြေ။ မရှိတာပါဘုရား။

မေး။ အခုမှ မရှိတာလား၊ အစထဲက မရှိတာလား။
ဖြေ။ အစထဲက မရှိတာပါဘုရား။

အစထဲက မရှိလို့ပါနော်။ သဘောကျပါပြီလား။
မေး။ ကဲဒါဖြင့် လုပ်သောငါ၊ အပါယ်လာခဲ့ဆိုရင် ဘယ်သူသွားမလဲ။
ဖြေ။ သွားမယ့်သူမရှိပါဘုရား။

နာမ်-ရုပ်နဲ့ ငါကွဲပြီဆိုသောကြောင့် ငါ-သည်လည်း အစကတည်းက မရှိသည်ဖြစ်လေသောကြောင့် သွားစရာမရှိ၊ နာမ်-ရုပ်သည်လည်း သူ မလုပ်သည်ဖြစ်လေသောကြောင့် သွားစရာမလို။ အဲဒီအခါမှာ အဟောသိကံ ဖြစ်သွားတာပေါ့။ ယမမင်းကြီး အပြစ်ဒဏ်ချဖို့ မျက်စိလည်သွားတာပေါ့။ ငါ-ကိုဖမ်းရအောင်လည်း ငါသည် အိမ်ခြေအိုးခြေမရှိ။ နာမ်-ရုပ်ဖမ်းရအောင် နာမ်-ရုပ်က သူမလုပ်သောကြောင့် ဖမ်းလို့မရပါ။ မှတ်ထားကြနော်။ သဘောကျပါပြီလား။
မေး။ ရှင်းကြရဲ့လား။
ဖြေ။ ရှင်းပါတယ်ဘုရား။

အနမတဂ္ဂ သံသရာကစ၍ ငါတစ်လုံးနဲ့ပတ်သက်ပြီး ရင်တွင် နာမ်အစဉ်မှာ အကုသိုလ်ကံဟောင်း ကြွေးဟောင်းတွေလည်း တင်နေပါတယ်။ ငါ-ရှိနေမယ်ဆိုရင် အကုသိုလ်ကံသစ်ကြွေးသစ်တွေလည်း ဝင်မြဲ ဝင်နေပါလိမ့်မယ်။ ကြွေးဟောင်းလည်း စင်အောင် ကြွေးသစ်လည်း မဝင်အောင်ဆိုရင် ဝိပဿနာတရားအား ထုတ်ကြမှ ကြွေးဆပ်ရကျမှာနော်။ လှူနေယုံနဲ့တော့ ကြွေးဆပ်တယ်လို့မမည်သေးဘူးနော်။ သီလဆောက် တည်တာနဲ့လည်း ကြွေးဆပ်တယ်လို့ မမည်သေးဘူးနော်။ သမထဘက်က ဈာန် အဘိဉာဏ် တွေရ၍ မြေလျှိုး မိုးပျံနေတဲ့ ဗြဟ္မာကြီးတွေဖြစ်စေကာမူ အန္ဓပုထုဇဉ်ဖြစ်မယ်ဆိုရင် ဗြဟ္မာနဲ့ အပါယ်နဲ့ ဆယ်သွယ် ထားပေတော့တဲ့နော်။ ဗြဟ္မာဖြစ်၍ ရွှေရောင်တဝင်းဝင်း ဝက်စကျင်းမှာ တရှုပ်ရှုပ်လို့ ဥပရိမင်းသမီးနဲ့ ပတ်သက်ပြီး ရှေးဆရာကြီးများ ရေးထားခဲ့ကြပါတယ်။
“နာမ်-ရုပ်မြင် ကလျာဏပုထုဇဉ်၊ အပါယ်ခွင် မရောက်ဝေး၊ နိဗ္ဗာန်ပေါက်လမ်းစပေး”။
နာမ်-ရုပ်က လမ်းစပါ၊ ဖြစ်ပျက်က လမ်းလယ်ပါ၊ အပျက်က လမ်းဆုံးပါ၊ နာမ်-ရုပ်အစ ဖြစ်ပျက် အလယ် အပျက်အဆုံး နိဗ္ဗာန်ဝင်တဲ့ လမ်းစဉ် လမ်းမကြီး သုံးတဲ့၊ နိဗ္ဗာန်အစ နာမ်-ရုပ်ကတဲ့ မှတ်ထားကြနော်။
ကလျာဏပုထုဇဉ်ဆိုရင် နာမ်-ရုပ်ကို မြင်သောကြောင့် လမ်းစတွေ့ပြီနော်၊ လမ်းစတွေ့ပြီဖြစ်လေသောကြောင့် နာမ်-ရုပ်က သွားရင် ဖြစ်ပျက်မြင်တော့မယ်။ ဖြစ်ပျက်မြင်ရင် ဉာဏ်စဉ်တက်၍ ဖြစ်ပျက်ဆုံးတဲ့ နိဗ္ဗာန်ကြီးကို တစ်ခါမြင်ရင် သောတပန်၊ နှစ်ခါမြင်ရင် သကဒါဂါမ်၊ သုံးခါမြင်ရင် အနာဂါမ်၊ လေးခါမြင်ရင် ရဟန္တာ၊ ဉာဏ်တော်လိုက်၍ ပစ္စေကဗုဒ္ဓါ၊ ဘုရားလို့မှတ်ကြပါ။ ဒါ့ကြောင့် နာမ်-ရုပ်က သောတပန်ဖြစ်အောင်၊ သကဒါဂါမ်ဖြစ်အောင်၊ အနာဂါမ်ဖြစ်အောင်၊ ရဟန္တာဖြစ်အောင် ပို့ပေးတေယ်နော်။ ဒါကြောင့်ကိုယ်တွင်း နာမ်-ရုပ်မြင်ရတာသည် အလွန်မြတ်တယ်လို့မှတ်ကြပါ။
ဒါကြောင့်-ဥတ္တမံ၊ အလွန်တရာမြတ်လှစွာသော၊ လိုချင်သော အရိယာဆုထူးကြီးကို ပေးနိုင်သောကြောင့်၊ ဓမ္မံ-ခန္ဓာတွာင်းက နာမ်-ရုပ်အစစ် တရားတွေကို၊ အပဿံ-အပဿန္တော မတွေ့မမြင်ရသော၊ ဝဿသတံ-အနှစ်တစ်ရာပတ်လုံး၊ ဇီဝေ-ကျွဲလို နွားလို ရှုရှိုက် ရှုရှိုက်နဲ့ အသက်ရှင်နေရပါ၏။ တတော၊ ထိုနာမ်-ရုပ်ကို မမြင်ကာ အသက်တစ်ရာရှည်ကြာ၍ နေသော အဘိုးကြီး၊ အဖွားကြီးများထက် (အနှစ်မရှိတဲ့ အဖိုးကြီး အဖွားကြီးတွေပါတဲ့)။ ဧကဟံ-တခဏလေးလောက်၊ ပဿတော-ကိုယ်ကိုတိုင် ကိုယ်ပိုင်ဉာဏ်ဖြင့် တွေ့မြင် နေရသော ရဟန်းလူရှင် ယောဂီသူတော်ကောင်း တစ်ဦးသည်။ ဇီဝိတံ-အသက်ရှင်နေရခြင်းသည်၊ သေယျော-နိဗ္ဗာန်လမ်းစ တကယ်တမ်းတွေ့နေရသောကြောင့် ဧကန်မြတ်လှပါပေတော့၏တကား။
သာဓု သာဓု သာဓု။

Monday, September 7, 2009

နာမရူပ ပရိစ္ဆေ္တဒဉာဏ်နှင့် ဒိဋ္ဌိဝိသုဒ္ဓိ အပိုင်း(၄)

"နာမ်"အကြောင်းပြောတော့မယ်
နာမ်ဆိုတာ အသိလေးပါနော်။ အသိလေးသည် တစ်ခုရှိပါတယ်။ စိတ် စေတသိက် ခွဲမနေပါ၊ စိတ်နဲ့ စေတသိက်တွဲ၍ နာမ်ဓာတ်(၈)ပါးလို့လည်း ခွဲမနေပါ၊ ပက္ကုသာတိမင်းကြီးရဟန္တာဖြစ်တဲ့အခန်းမှာ သိမှုဘက်က ၀ိညာဏဓာတ်တစ်လုံးထဲပါတယ်။ ရှင်းရှင်းလေး မှတ်ကြ၊ ဒါ့ကြောင့် အဲဒီအသိလေးသည် ရင်ထဲမှာ နေတယ်။

ယောဂီတို့ကို အသိလေးမေးမယ်............
မေး။ ။ ယောဂီတို့ ရင်ထဲမှာရှိတဲ့အသိလေးက တစ်နေရာတည်းမှာ သိသလား၊ ပေါ်တိုင်းလိုက်သိနေသလား။
ဖြေ။ ။ ပေါ်တိုင်း လိုက်သိနေပါတယ်ဘုရား။

မေး။ ။ ဘယ့်လောက်ရှင်းသလဲ၊ ပေါ်တိုင်း လိုက်သိတာ စာလိုဆိုရင် နာမ်လို့ခေါ်ပါ။ နာမ်-နမန-ညွှတ်တယ်၊ ကိုင်းတဲ့သဘော ဟုတ်ပါရဲ့လား။
ဖြေ။ ။ ဟုတ်ပါတယ်ဘုရား။

ခေါင်းမှာ ပေါ်ရင် ခေါင်းဘက်သို့ ညွှတ်ကိုင်းပါတယ်၊ အလယ်ပိုင်း ကျောရင်မှာ ပေါ်ရင် အလယ်ပိုင်းကျောရင် ဘက်သို့ ညွှတ်ကိုင်းပါတယ်၊ အောက်ပိုင်း ပေါင် ခြေသလုံးမှာ ပေါ်ရင်လည်း ဒီအတိုင်းပါပဲနော်။ အလှုပ်လေးပေါ်မယ်ဆိုရင် အလှုပ်လေးဘက်သို့ ညွှတ်ကိုင်းပါတယ်၊ နာ-တာလေးပေါ်ရင် နာ-တာလေးဘက်သို့ ညွှတ်ကိုင်းပါတယ်၊ ကိုက်-တာလေးပေါ်ရင် ကိုက်-တာလေးဘက်သို့ ညွှတ်ကိုင်းပါတယ်၊ ချမ်းသာဒါ လေးပေါ်ရင် ချမ်းသာဒါဘက်သို့ ညွှတ်ကိုင်းပါတယ်၊ ကွက်ကွက်လေးပေါ်ရင် ကွက်ကွက်လေးဘက်သို့ ညွှတ်ကိုင်းပါတယ်၊ တစ်ကိုယ်လုံးပေါ်မယ်ဆိုရင် အမြင်သန်တဲ့ဘက်သို့ ညွှတ်ကိုင်းပါတယ်။
ရှင်းပါရဲ့လား။ ညွှတ်ကိုင်းတယ်ဆိုတာ လှမ်းသိတာကို ဆိုတာမှတ်၊ အသိလေးကတော့ ဘယ်မှမရွေ့ဘူး၊ ခေါင်းမှာပေါ်ရင် ခေါင်းဘက်သို့ လှမ်းသိသည်၊ အလယ်ပိုင်း ကျောရင်မှာပေါ်ရင် အလယ်ပိုင်း ကျောရင်ဘက်သို့ လှမ်းသိသည်၊ အောက်ပိုင်းပေါင် ခြေသလုံးမှာ ပေါ်ရင် အောက်ပိုင်း ပေါင် ခြေသလုံးဘက်သို့ ညွှတ်တယ် ကိုင်းတယ်လို့ခေါ်သည်၊ ညွှတ်တာကို "နာမ်" လို့ခေါ်ပါတယ်။
ပေါ်တာ ရုပ်၊ သိတာ နာမ်၊ ပူဒါ ရုပ်၊ သိတာက နာမ်၊ စာတတ်တိုင်းသိပ်ခွဲမနေပဲ၊ သညာသိပါတယ်။ သူ့ဟာ သူ ရုပ်နှင့်နာမ် ကွဲလာလိမ့်ပါမယ်။
အမျိုးစုံပေါ်တာ ရုပ်၊ ပေါ်တိုင်း လိုက်သိတာ နာမ်။
မေး။ စာထဲက ရုပ်ဆိုရင် ကိုယ်ထဲမှာ ဘယ်လိုနေမယ်။
ဖြေ။ မျိုးစုံပေါ်ပါတယ်ဘုရား။

မေး။ မျိုးစုံပေါ်တာ စာလို ဘာခေါ်တယ်။
ဖြေ။ ရုပ်လို့ ခေါ်ပါတယ်ဘုရား။

မေး။ စာထဲက နာမ်ဆိုရင် ကိုယ်ထဲမှာ ဘယ်လိုနေမယ်။
ဖြေ။ ပေါ်တိုင်း လိုက်သိနေပါတယ်ဘုရား။

မေး။ ပေါ်တိုင်း လိုက်သိနေတာ စာလို ဘာခေါ်တယ်။
ဖြေ။ နာမ်လို့ ခေါ်ပါတယ်ဘုရား။

အမျိုးစုံပေါ်တာ ရုပ်၊ ပေါ်တိုင်းလိုက်သိတာ နာမ်၊ ရုပ်က ပေါ်တာ၊ နာမ်သိတာ နှစ်ဖြာကွဲလာဘိ၊ ရုပ် နာမ်ကွဲပုံ၊ ရုပ်ဆိုရင် မျိုးစုံပေါ်တာ၊ နာမ်ဆိုရင် ပေါ်တိုင်းလိုက်သိတာ။

မေး။ ရုပ်-နာမ် နှစ်ပါးရော ကွဲကြရဲ့လား။
ဖြေ။ ကွဲပါတယ်ဘုရား။

ရုပ်ဆိုရင် မျိုးစုံပေါ်တာနော်။ နာမ်ဆိုရင် ပေါ်တိုင်းလိုက်သိတာနော်။

မေး။ ပေါ်ဒါနဲ့ သိတာ နှစ်ခုလား၊ တစ်ခုတည်းလား။
ဖြေ။ နှစ်ခုပါဘုရား။

မေး။ ပူဒါနဲ့ သိတာ နှစ်ခုလား၊ တစ်ခုလား။
ဖြေ။ နှစ်ခုပါဘုရား။

မေး။ အေးဒါနဲ့ သိတာ။
ဖြေ။ နှစ်ခုပါဘုရား။

မေး။ လှုပ်ထာနဲ့ သိတာ။
ဖြေ။ နှစ်ခုပါဘုရား။

မေး။ ဆင်းရဲဒါနဲ့ သိတာ။
ဖြေ။ နှစ်ခုပါဘုရား။

မေး။ ချမ်းသာဒါနဲ့ သိတာ။
ဖြေ။ နှစ်ခုပါဘုရား။

မျိုးစုံပေါ်တာ ရုပ်၊ သိတာက နာမ်ဆိုသောကြောင့်
မေး။ ရုပ်နဲ့ နာမ်တို့သည် နှစ်ခုလား၊ တစ်ခုတည်းလား။
ဖြေ။ နှစ်ခုပါဘုရား။

မေး။ နှစ်ခုဆိုရင် ပေါ်တာထဲမှာ အသိရှိ မရှိ။
ဖြေ။ မရှိပါဘုရား။

မေး။ အသိထဲမှာ ပေါ်တာရှိ မရှိ။
ဖြေ။ မရှိပါဘုရား။

မေး။ ရုပ်ထဲမှာ နာမ်-ရှိ မရှိ။
ဖြေ။ မရှိပါဘုရား။

မေး။ နာမ်ထဲမှာ ရုပ်-ရှိ မရှိ။
ဖြေ။ မရှိပါဘုရား။

တခြားစီနော် မှတ်ကြ၊ ရုပ်တရားက ပေါ်တယ်၊ နာမ်တရားက သိရုံသိတယ်၊ သူ့ဘက်နဲ့သူ တခြားစီ မရောဘူး။

မေး။ ရောသေးသလား။
ဖြေ။ မရောပါဘုရား။

ရုပ်ရှင်ကြည့်သလိုပါဘဲ၊ ရုပ်ရှင်ကြည့်တဲ့အခါမှာ အရုပ်က ပိတ်ထဲမှာ ပေါ်ရုံပေါ်ပြတယ်၊ မြင်သူကလည်း မြင်ယုံ မြင်ရတယ်၊ အရုပ်က ပိတ်ထဲမှာ မြင်သူကား ကြည့်သူ၏ မျက်စိတခြားစီဘဲ၊ ယခုလည်း ပေါ်တာက ပေါ်ယုံသက်သက်၊ အသိမဖက်ဘူး၊ သိတာက သိယုံသက်သက်၊ ဒီလို ရုပ်-နာမ်ကွဲသွားမယ်ဆိုရင် ပူစမ်း ပူချင်သလောက် ပူစမ်း၊ မခံနိုင်လောက်အောင် ပူစမ်း၊ ပူတဲ့အခါ ယောဂီတို့ကို မေးပါအုံးမယ်၊ ပူဒါနဲ့ သိတာနှစ်ခုလား၊ တစ်ခုလား။
ဖြေ။ နှစ်ခုပါဘုရား။

ပူဒါထဲမှာ အသိမဖက်၊ အသိထဲမှာလည်း ပူဒါမဖက် သိယုံသက်သက်၊ ဒီလို နာမ်-ရုပ်ကွဲသွားမယ်ဆိုရင် ပူချင်သလောက်ပူ၊ နာမ်လေးမှာ မဆင်းရဲတော့ဘူး။ အေးချမ်းပြီးနေလိမ့်မယ်၊ ဒီလိုနာမ်လေးက အေးချမ်းနေမယ်ဆိုရင် အပူလေးဟာလည်း တစ်နေ့ကျ အေးသွားလိမ့်မယ်၊ ရုပ်-နာမ်ကွဲရင် အေးချမ်းပုံလေး၊ ရေချိုးရင် ခဏတွင်းပျောက်မယ်၊ လေညှင်းခံရင် ခဏပါပဲ၊ ယပ်ခပ်လည်း ခဏ၊ တော်တော်ကြာတော့ ပူလာတာပါပဲ၊ ယခုလိုများ ရုပ်နဲ့ နာမ်၊ အပူနဲ့အသိကို ကွဲသွားမယ်ဆိုရင် ဘယ့်လောက် ပူပူ တစ်နေ့ကျ ချမ်းသာသွားတာပါပဲ။
ဒါတွေက လက်တွေ့တွေပါပဲ၊ ရုပ်နဲ့ နာမ်နဲ့ ကွဲသွားမယ်ဆိုရင် အင်မတန် ချမ်းသာတယ်၊ ရုပ်နဲ့ နာမ်နဲ့ မကွဲကြလို့ ငါနာတယ်၊ ငါ့လက်နာသည် စသည်ဖြင့် ဆင်းရဲနေကြတယ်၊ ကွဲသွားရင် အင်မတန် ချမ်းသာတယ်ခေါ်တယ်။ ရှင်းရှင်းလေးမှတ်ထားကြတယ်နော်။
ကဲဒါဖြင့် ပေါ်ဒါ တခြား၊ သိဒါ တခြား၊ ရုပ်က တခြား၊ နာမ်က တခြား၊ ကွဲသွားမယ်ဆိုရင် နာမရူပ ပရိစ္ဆေဒဉာဏ်ပိုင်ပြီဆိုရင် အငုပ်မှားလေးခုကို ပြောပြပါအုံးမယ်။
၁) အသားအရည် အကြော စသော ကောဋ္ဌာသ သဏ္ဌာနဒိဋ္ဌိ အငုပ်မှား။

၂) ခေါင်း ကိုယ် ခြေ လက် စသော သမူဟသဏ္ဌာန ပညတ်ဒိဋ္ဌိ အငုပ်မှား။

၃) ယောက်ျားမိန်းမ လူ နတ် ဗြဟ္မာ စသော ဇာတိသဏ္ဌာန ပညတ်ဒိဋ္ဌိ အငုပ်မှား။

၎) ငါဆိုတဲ့ အတ္တဒိဋ္ဌိ အငုပ်မှား။

ဒီအမှတ်မှားလေးခုသည် နဂိုက နာမ်ရုပ်ပေါ်မှာ ငုပ်နေတယ်၊ ဒါကြောင့် အငုပ်ကိန်းရာ နာမ်ရုပ်မှာ ကိန်းရာ နာမ်-ရုပ် ပေါ်အောင်လုပ်။
မေး။ ယခု နာမ်ရုပ်မပေါ်ဘူးလား။
ဖြေ။ ပေါ်ပါတယ်ဘုရား။

မေး။ ဘယ်အလုပ်နဲ့ ပေါ်သလဲ။
ဖြေ။ ၀ိပဿနာနဲ့မှ ပေါ်ပါတယ်ဘုရား။

မေး။ ဒါနနဲ့ပေါ် မပေါ်။
ဖြေ။ မပေါ်ပါဘုရား။

ဒါနက ကိုယ့်ပစ္စည်း သူတစ်ပါး အပိုင်ပေးတာပဲရှိတယ်နော်။

မေး။ သီလနဲ့ ပေါ် မပေါ်။
ဖြေ။ မပေါ်ပါဘုရား။

သမထက ဖိရုံ ဖိထားတာ၊ မပေါ်နိုင်ဘူး။

မေး။ ဘာနဲ့မှ ပေါ်သလဲ။
ဖြေ။ ဝိပဿနာနဲ့မှ ပေါ်ပါတယ်ဘုရား။

မေး။ ပေါ်ကော ပေါ်ရဲ့လား။
ဖြေ။ ပေါ်ပါတယ်ဘုရား။

အငုပ်ကိန်းရာ နာမ်ရုပ်မှာ ကိန်းရာ နာမ်-ရုပ် ပေါ်အောင်လုပ်၊ နာမ်-ရုပ်ပေါ်လျှင် အငုပ်မှား လေးခုစင်။

မေး။ နာမ်-ရုပ်ကွဲသွားလို့ နာမ်တခြား ရုပ်တခြား ကွဲသွားပြီဆိုရင် ငါကော တွေ့သေးလား။
ဖြေ။ မတွေ့ပါဘုရား။

မေး။ အသား အရည် အကြော စသော ကောဋ္ဌာသ။
ဖြေ။ မတွေ့ပါဘုရား။

မေး။ ခေါင်း ကိုယ် ခြေ လက် စသော သမူဟ။
ဖြေ။ မတွေ့ပါဘုရား။

မေး။ ယောက်ျား မိန်းမ လူ နတ် ဗြဟ္မာ စသည်။
ဖြေ။ မတွေ့ပါဘုရား။

မေး။ မတွေ့တာရှိလို့ မတွေ့တာလား၊ မရှိလို့ မတွေ့တာလား။
ဖြေ။ မရှိလို့ မတွေ့တာပါဘုရား။

မေး။ အခုမှ မရှိတာလား၊ အစထဲက မရှိတာလား။
ဖြေ။ အစထဲက မရှိတာပါဘုရား။
ရှင်းသွားပါပြီလား၊ အနမတဂ္ဂသံသရာကစ၍ မရှိတာတွေ ရှိတယ်ထင်နေတာ၊ နာမ်-ရုပ်မမြင်လို့တဲ့၊
နာမ်-ရုပ်ကိုသာမြင်ရင် အငုပ်မှားလေးခုစင်ထွက်သွားမှာပါ
ပဲ။
နာမ်-ရုပ်ပေါ်လျှင် အငုပ်မှား လေးခုစင်တဲ့၊ အငုပ်မှားလေးခုစင် ဆိုတာက ဒိဋ္ဌိဝိသုဒ္ဓိကိုပြောတာ၊ ယောဂီတို့အနေနဲ့ နာမ်-ရုပ်စာလိုတော့ သဘောကြပါရဲ့ ကိုယ်ကိုယ်တိုင် ကိုယ်ပိုင်ဥာဏ်နဲ့တော့ သဘောမကျသေးဘူး၊ ယခုတော့ သဘောကျသွားပြီ၊ ရှင်းသွားပြီ၊ ဘာဖြစ်လို့ ရှင်းသွားရသလဲဆိုရင် ဟိုတုန်းက နာမ်-ရုပ်နဲ့ အငုပ်မှားလေးခုနဲ့ တွဲနေတော့ နာမ်-ရုပ်နှင့် ငါက မကွဲဘူး၊ အသား အရည် အကြော စသော ကောဋ္ဌသနဲ့တွဲတော့ နာမ်-ရုပ်နဲ့ ကောဋ္ဌသနဲ့ကွဲမဘူး။ ခေါင်း ကိုယ် ခြေ လက် စသော သဏ္ဌာန ပညတ်နဲ့ တွဲတော့ ခေါင်း ကိုယ် ခြေ လက်နဲ့ နာမ်ရုပ်နှင့် တွဲနေတော့ နာမ်-ရုပ်နှင့် ဇာတိပညတ်နဲ့မကွဲဘူး။ စာလိုဆိုခဲ့စဉ်က ရုပ်သည် ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ်၊ ယောက်ျား မိန်းမ မဟုတ်၊ နာမ်သည် ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ်၊ ယောက်ျား မိန်းမ မဟုတ်။ ယခုတော့ ရှင်းသွားပြီ၊ နာမ်-ရုပ်မြင်တာ ယခုမှ ရှင်းသွားပါတယ်။ စာလိုတော့ ဒိဋ္ဌိဝိသုဒ္ဓိခေါ်ပါတယ်။
ခန္ဓာမှာ ပေါ်သိဆိုတဲ့နေရာမှာ ပေါ်တာတခြား၊ သိတာတခြား၊ အငုပ်မှား လေးခုတခြား၊ သုံးခုကွဲပုံ။
ပူသိဆိုတဲ့ နေရာမှာ ပူတာ တခြား၊ သိတာ တခြား၊ အငုပ်မှား လေးခုတခြား၊ သုံးခုကွဲပုံ။
အေးသိဆိုတဲ့ နေရာမှာ အေးတာ တခြား၊ သိတာ တခြား၊ အငုပ်မှား လေးခုတခြား၊ သုံးခုကွဲပုံ။
လှုပ်သိဆိုတဲ့ နေရာမှာ လှုပ်တာ တခြား၊ သိတာ တခြား၊ အငုပ်မှား လေးခုတခြား၊ သုံးခုကွဲပုံ။
ဆင်းရဲသိဆိုတဲ့ နေရာမှာ ဆင်းရဲတာ တခြား၊ သိတာ တခြား၊ အငုပ်မှား လေးခုတခြား၊ သုံးခုကွဲပုံ။
ချမ်းသာသိဆိုတဲ့ နေရာမှာ ဆင်းရဲတာ တခြား၊ သိတာ တခြား၊ အငုပ်မှား လေးခုတခြား၊ သုံးခုကွဲပုံ။
ဤကဲ့သို့ သုံးခု သုံးခု ကွဲလာခဲ့မယ်ဆိုရင် ပေါ်တာနဲ့ သိတာသည် တကယ်ရှိ ပရမတ်တွေပါ။
အငုပ်မှား (၄)ခုသည် တကယ်မရှိပညတ်တွေပါ။
၁) နာမ်-ရုပ်မြင် အငုပ်မှားလေးခုစင်။
၂) ပရမတ်မြင် ပညတ်လေးခုစင်။
၃) ရှိတာနှစ်ခုမြင် မရှိတာလေးခုစင်။

ဝိဿနာတရား ပွါးများအားထုတ်ခဲ့ပါလျှင် နာမ်-ရုပ်ကိုမြင်၊ နာမရူပ ပရိစ္ဆေဒဉာဏ်အတွက် အငုပ်မှားလေးခုစင်၊ ဒိဋ္ဌိဝိသုဒ္ဓိအတွက် ကလျာဏ ပုထုဇဉ်တဲ့၊ အငုပ်မှားလေးခုစင်သွားမယ်ဆိုရင် ကလျာဏပုထုဇဉ်ဖြစ်ပါသတဲ့၊ “အာဂမာဓိဂမာဘာဝါ အသုတဝါတိဥေယျာ” ဆိုတဲ့ အဋ္ဌသာလိနီ အဋ္ဌကထာကို ထောက်ရေးတာ အာဂမ-သက္ကာယဒိဋ္ဌိ အငုပ်မှားလေးခုကို ပယ်နိုင်စွမ်းတဲ့ အာဂုံ သင်သိ အာဂမ၊ အဓိဂမ၊ ကျင့်သိ အဓိဂမ။ အဘာဝါ၊ ထိုနှစ်ခုမရှိခြင်းကြောင့် အသုတဝါတိ၊ ဗဟုသုတ အကြားအမြင်မရှိသော အန္ဓပုထုဇဉ်ဟူ၍ (“အသုတဝါတိဧတေန အန္ဓတာ ဝုတ္တာ”လို့မူလဋီကာဆရာ ဖွင့်ပြလေသောကြောင့်) အသုတဝါတိ၊ ဘာတစ်ခုမှ ဗဟုသုတ အကြားအမြင်မရှိသော အန္ဓပုထုဇဉ်ဟူ၍ ဥေယျာ၊ မုချမသွေ သိ၍နေလေတော့သတည်း။
သာဓု သာဓု သာဓုပါဘုရား။