Thursday, February 26, 2009

ကသစ်ဝိုင်ရိပ်သာ ၂၀၀၉ ပြက္ခဒိန်

၁၃၇၀- ၁၃၇၁ (၂၀၀၉)
ပဲခူးမြို့ ၊ အောင်မင်းခေါင်ကုန်းမြေ၊ ကသစ်ဝိုင် ဓမ္မရိပ်သာ
နှင့်
သနပ်ပင်မြို့ နယ်၊ မန်းကျောင်းတိုက်၊ ကသစ်ဝိုင် ဓမ္မရိပ်သာကြီး
တို့ ၏

ဦးစီးပဓာန နာယကဆရာတော်
ဘဒ္ဒန္တ ပဒုမ (အဂ္ဂမဟာ ကမ္မဋ္ဌာနာ စရိယ)

တပည့်များဖြစ်ကြသော

ဘဒ္ဒန္တ ကဉ္စနသာရ (မဟာ ကမ္မဋ္ဌာနာ စရိယ)၊ ဘဒ္ဒန္တ ဇာဂရ နှင့် ဘဒ္ဒန္တ သောဘိတ
အရှင်သူမြတ်တို့ 

ဟောကြားတော်မူမည့်
(၁၀)ရက်စဉ် (၀ိပဿနာအလုပ်ပေး) တရားပွဲကြီး
အသီးသီးတို့ ၏
ဓမ္မခရီးစဉ်များ

၁။ သနပ်ပင်မြို့ - ရွာသစ် (၄)ရပ်ကွက်၊ မန်းကျောင်းတိုက်၊ ကသစ်ဝိုင်ဓမ္မရိပ်သာ။
တပေါင်းလဆန်း (၄)ရက်နေ့မှ၊ တပေါင်းလပြည့်နေ့ (၂၇-ဖေဖေါ်ဝါရီ မှ၊ ၁၀-မတ်-၂၀ဝ၉) အထိ။

၂။ ကျောက်တန်းမြို့နယ် - တံတားမြို့၊ ဒက္ခိဏာရာမကျောင်းတိုက်၊ ကသစ်ဝိုင်ဓမ္မရိပ်သာ။
တပေါင်းလဆုတ် (၂)ရက်နေ့မှ၊ ၄င်းလဆုတ် (၁၃)ရက်နေ့ (၁၂ မှ ၂၃-မတ်-၂၀ဝ၉)အထိ။

၃။ သနပ်ပင်မြို့နယ် - ထပ်ခနိမ်ကျေးရွာ၊ သိရီမင်္ဂလာကျောင်းတိုက်၊ ကသစ်ဝိုင်ဓမ္မရိပ်သာ။
တပေါင်းလဆုတ် (၁၅)ရက်နေ့မှ၊ တန်ခူးလဆန်း (၁၁)ရက်နေ့။
(၂၅-မတ် မှ ၅-ဧပြီ-၂၀ဝ၉)အထိ။

၎။ ပဲခူးမြို့ - အောင်မင်းခေါင်ကုန်းမြေ၊ ကသစ်ဝိုင်ဓမ္မရိပ်သာ။ (သင်္ကြန် တရားပတ်)
တန်ခူးလဆန်း (၁၅)ရက်နေ့မှ၊ တန်ခူးလဆုတ် (၁၁)ရက်နေ့ (၉ မှ ၂၀-ဧပြီ-၂၀ဝ၉)အထိ။

၅။ နေပြည်တော် - လယ်ဝေးမြို့နယ်၊ ကွမ်းခြံကျေးရွာ၊ မြောက်ကျောင်းတိုက်၊ ကသစ်ဝိုင်ဓမ္မရိပ်သာ။
တန်ခူးလဆုတ် (၁၃)ရက်နေ့မှ၊ ကဆုန်လဆန်း (၁၀)ရက်နေ့ (၂၂-ဧပြီ မှ ၃-မေ-၂၀ဝ၉)အထိ။

၆။ ပျဉ်းမနားမြို့ - ပထမမူလ ကသစ်ဝိုင်ဓမ္မရိပ်သာ။ (ကဆုန် တရားပတ်)
ကဆုန်လဆန်း (၁၁)ရက်နေ့မှ၊ ၄င်းလဆုတ် (၇)ရက်နေ့ (၄ မှ ၁၅-မေ-၂၀ဝ၉)အထိ။

၇။ ပဲခူးမြို့ - သုစိတ္တာရာမ သီလရှင်စာသင်တိုက်၊ ကသစ်ဝိုင်ဓမ္မရိပ်သာ။
နယုန်လဆုတ် (၃)ရက်နေ့မှ၊ ၄င်းလဆုတ် (၁၀)ရက်နေ့ (၁၀ မှ ၁၇-ဇွန်-၂၀ဝ၉) အထိ။


မှတ်ချက်
- ယခုနှစ် တန်ခူးလဆုတ် (၅)ရက်နေ့တွင် သင်္ကြန်ကျ၍၊ တန်ခူးလဆုတ် (၈)ရက်နေ့သည် နှစ်ဆန်း (၁)ရက်ဖြစ်သည်။


- နှစ်စဉ် တန်ဆောင်မုန်းလဆန်း (၁၂)ရက်နေ့တွင်၊ ဓမ္မရိပ်သာကြီးများ၏ နှစ်ပတ်လည် အစည်းအဝေးကို မန်းကျောင်းတိုက် ဓမ္မရိပ်သာကြီး၌ ကျင်းပမည်ဖြစ်ပြီး။ တန်ဆောင်မုန်းလဆန်း (၁၃)ရက်နေ့သည်- မန်းကျောင်းတိုက် ဓမ္မရိပ်သာကြီး၏ မဟာဘုံကထိန်ပွဲတော်ရက်ဖြစ်သည်။

Wednesday, February 25, 2009

မူလဆရာတော်ကြီး၏ ပုဗ္ဗကိစ္စခဏ်း (၅)

မိမိအား စိတ်ပြစ်မှားမေတ္တာပွါးနေပုံ

မိမိတို့အားလည်း ပြစ်မှားမိသူများ ရှိငြားခဲ့ပါလျှင် နတ်ခွင်နိဗ္ဗာန် ဈာန်မဂ်ဖိုလ်၏ အန္တရာယ်မငြိဘို့ရာ မနောဉာဏ်ဖြူဖွေး၍ ကိုယ်နှုတ်ယဉ်ယဉ်ကျေးကျေးဖြင့် ကျေအေး၍ နေကြပါ၏။ သီးခံ၍လည်း နေကြပါ၏။ အပြစ်ဘေးမှ ချမ်းသာလည်းပေးကြပါ၏၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ (၃) ၊ တွင်းပနှစ်တန် ဘေးရန်လည်း ဧကန်ကင်းကြပါစေ(၃) ဟု မေတ္တာရေချမ်း သွန်းဖြန်း၍လည်း နေကြပါ၏၊ သူတော်ကောင်းအပေါင်းတို့ ။

မေး။ ။ အဘယ့်ကြောင့် ပြစ်မှားမိသူများ အပြစ်မယူအမြဲ စိတ်အေးနေရပါသနည်း။
ဖြေ။ ။ အပြစ်ယူငြား ရန်ငြိုးထား၍ ဒေါသပွါးနေလျှင် ပဋိဃာနသယဖြစ်ဤ နတ်ခွင်နိဗ္ဗာန် ဈာန် မဂ်ဖိုလ်၏ အန္တရာယ်ဖြစ်တတ်ပေ၏၊ မဖြစ်စေရန် ရည်သန်၍ မိမိအား ပြစ်မှားမိသူများကို အပြစ်မယူဘဲ အမြဲ စိတ်အေးနေရပါသည်။

မေတ္တာပို့ပုံ

ငါတို့ကိုယ်မှာ ရုပ်နာမ်ဟာ ချမ်းသာကြပါစေ။
အရာမ်တွင်းမှာ လူသံဃာ ချမ်းသာကြပါစေ။
အရာမ်တွင်းမှာ နတ်တွေဟာ ချမ်းသာကြပါစေ။
ငါတို့မြို့ရွာ စိုးရတွေဟာ ချမ်းသာကြပါစေ။
ငါတို့မြို့ရွာ လူတွေဟာ ချမ်းသာကြပါစေ။
ခေတ်သုံးပါးမှာ သတ္တဝါ ချမ်းသာကြပါစေ။
(၃ခေါက်)

အမှာ။ ။ ပညတ်မေတ္တာပို့ဖြစ်၍ ပို့မည့်လူ၌အာရုံစိုက်ကာ စိတ်ကိုရင်မှာထား၍ (ချမ်းသာကြပါစေ၊(၃) ဟုမေတ္တာပြုကြပါ။)

မေး။ ။ အဘယ့်ကြောင့် မေတ္တာပို့ ရပါသနည်း။
ဖြေ။ မေတ္တာခြုံ လုံဆိုသည်နှင့် အညီ ဘေးရန်အန္တရာယ် လုံခြုံဘို့ရာ မေတ္တာပို့ ရပါတယ်။

အမျှဝေပုံတောင်းပန်ပုံ

ယခုပြုသမျှ တရားအားထုတ်ရသမျှ ကုသလ၏ အဖို့အစုတို့ကို ကြားကြားသမျှ၊ လူရော နတ်ပါ၊ သတ္တဝါ အနန္တတို့အား ရငြားပါစေ.... ။ ရငြားပါစေ....... ။ ရငြားပါစေ...... ။ အမျှ..... အမျှ...... အမျှ...... ဝေငှလိုက်ပါ၏...... ။ ဝမ်းသာကြပါစေ။ ဝမ်းသာကြလျှင် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ နိုင်ကြပါစေကုန်သတည်း၊ တွင်း ပ နှစ်တန် ဘေးရန်တွေလည်း ဧကန်မသွေ ငြိမ်းအေး နိုင်ကြပါစေကုန်သတည်း။ နတ် ဗြဟ္မာအပေါင်း သူတော်ကောင်းတို့ကလည်း ဘုရားလက်ထက် ပဏ္ဍိတသာမဏလေးအား တရားအားထုတ်နေစဉ် အမြဲပင်စောင့်ရှောက်ခဲ့ကြသလို မိမိတို့ကို လည်းပိုမို၍ တဖန် ဘေးအန္တရာယ်မထိ ရန်မငြိစေဘဲ သမာဓိခိုင်မြဲဘို့ အရေးဝိုင်းဝန်း၍ စောင့် ရှောက်ပေးဘို့ရန် မေတ္တာရပ်ခံ၍ များများကြီး တောင်းပန်လိုက်ပါ၏၊ နတ် ဗြဟ္မာအပေါင်း သူတော်ကောင်းတို့ ။

အမှာ။ ။ ပုဗ္ဗကိစ္စ (၉) ပါး အကျယ်ဖြစ်သည်၊ အကျဉ်းလဲဆိုနိုင်ပါ၏၊ ဆရာထံ၌ မဟုတ်လျှင် ဆရာနှင့်စပ်ထာ (၂) ခု နှုပ်၊ ပုဗ္ဗကိစ္စ (၇) ပါး ဖြစ်စေ ပြုလုပ်နိုင်ပါသည်၊ အင်္ဂုလိမာလ၊ ပေါဋ္ဌိလမထေရ် စသည့်တို့ကို ထောက်လျှင် ပုဗ္ဗကိစ္စ မပြုလုပ်သော်လည်း ဖြစ်နိုင်ပါသေးသည်။

ပုဗ္ဗကိစ္စခဏ်းပြီး၏။

Tuesday, February 24, 2009

မူလဆရာတော်ကြီး၏ ပုဗ္ဗကိစ္စခဏ်း (၄)

ဆရာအား ခန္ဓာကိုယ်လှူပုံ

ဣမာဟံ အာစရိယ အတ္တဘာဝံ၊ တုမှာကံ ပရိစ္စဇာမိ။

အာစရိယ- ကမ္မဋ္ဌာန်းတွင် လမ်းစဉ်ကျန မဂ်ဖိုလ်ရအောင် လွန်စွာကျင့်ဆောင် ပြသတတ်သည့်
အရှင်မြတ် ကမ္မဋ္ဌာန်းဆရာ။ တုမှာကံ- ဆရာသခင် အရှင်သူတော်စဉ်တို့ အား။ ဣမံအတ္တဘာဝံ-
ဘုရားအပေါင်း အနန္တ ပွင့်တော်မူနေကြပါလျှက် အရိယာမဂ် အသက်တချက်ကမှ မသွင်းခဲ့ဘူးသော ဤအတ္တဘော အသေ ကောင်ကြီးကို။ ပရိစ္စဇာမိ- ဤဘုရား ဤသာသနာလက်ထက်၌ အရိယာမဂ် အသက်သွင်း ပေးဘို့ရန် ဇောစိတ်သန်သန်ဖြင့် အမှန်အားကိုးပြီးကာ စွန့်လွှတ်လှူဒါန်းပါ၏ အရှင်မြတ်ကမ္မဋ္ဌာန်းဆရာတို့ဘုရား။

မေး။ ။ အဘယ့်ကြောင့် ဆရာအား ကိုယ်ကြီးလှူရပါသနည်း။
ဖြေ။ ။ အရိယာမဂ် အသက်သွင်းပေးဘို့ရန် အလို့ငှာဆရာမှာ ပြောရဲဆုံးမရဲသော ဝတ္တာဂုဏ်၊ တပည့်မှာ မြေဝယ်မကျ ဆုံးမတိုင်း နားထောင်လွယ်သော သောဝစ္စဿတာဂုဏ် အသီးသီးမြောက်ဘို့ ရန် လှူဒါန်းပါသည်။

ဆရာထံကမ္မဋ္ဌာန်းတောင်းပုံ

အဟံ ဘန္တေ ကမ္မဋ္ဌာနံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ ကမ္မဋ္ဌာနံ ဒေထ မေ ဘန္တေ။

ဘန္တေ- အရှင်မြတ် ကမ္မဋ္ဌာန်းဆရာ။ အဟံ- ဘေးမျိုးကပ်ဆိုးပါယ်အိုးကိုမုန်း လုံးလုံးဘဲလွတ်ချင်၍ ကမ္မဋ္ဌာန်းခွင်ဝင်လိုငြားသည့် တပည့်တော်များသည်။ ကမ္မဋ္ဌာနံ- ဘေးမျိုးကပ်မျိုးပါယ်အိုးလွတ်ရန် အေးနိဗ္ဗာန်ဆင့်တန်းသို့ မြန်မြန်တက်လှမ်းဘို့ မဂ်လမ်းပွင့်မည့် ကမ္မဋ္ဌာန်းအကျင့်ကို။ ယာစာမိ- ရင်ဝယ်သားကဲ့သို့ ကရုဏာထား၍ ပေးသနားတော်မူပါရန် တောင်းပန်လျှောက်ထားပါ၏။
ဘန္တေ- အရှင်မြတ်ကမ္မဋ္ဌာန်းဆရာ။ မေ- ဘေးမျိုးကပ်ဆိုးပါယ်အိုးကိုမုန်း လုံးလုံးဘဲလွတ်ချင်၍ ကမ္မဋ္ဌာန်းခွင်ဝင်လိုငြားသည့် တပည့်တော်များအား။ အနုဂ္ဂဟံ- ဤကမ္မဋ္ဌာန်းအကျင့်ဖြင့် မဂ်လမ်းပွင့်၍ အေးနိဗ္ဗာန်ဆင့်တန်းသို့ တက်လှမ်းချီးမြှင့်ခြင်းကို။ ကတွာ- အရေးကြီးတခုဟု အလေးဂရုပြုတော်မူပြီး၍။ ကမ္မဋ္ဌာနံ- ဘေးမျိုးကပ်ဆိုးပါယ်အိုးလွတ်ရန် အေးနိဗ္ဗာန်ဆင့်တန်းသို့ မြန်မြန်တက်လှမ်းဘို့ မဂ်လမ်းပွင့်မည့် ကမ္မဋ္ဌာန်းအကျင့်ကို။ ဒေထ- ယောဂီခေါ်မှန်း အာရဒ္ဓ ဝိပဿက ဆင့်တန်းဖြင့် အရိယာဖြစ်ခန်းကို ကျင့်မြန်းသွားနေဘို့ရန် ကရုဏာသန်သန် ထား၍ ပေးသနားတော်မူပါ အရှင်မြတ်တို့ဘုရား။

မေး။ ။ အဘယ့်ကြောင့် ဆရာထံ ကမ္မဋ္ဌာန်းတောင်းရပါသနည်း။
ဖြေ။ ။ ယထာဘူတံ ဉဏယသတ္တာ ပရိယေသိတဗ္ဗောဘုရားဟောပါဋ္ဌိတော်နှင့် အညီ ဟုတ်တိုင်းမှန်စွာနည်းမှန်လမ်းမှန် သိချင်လို့  ဆရာထံ ကမ္မဋ္ဌာန်းတောင်းရပါသည်။

သူတော်ကောင်းများအား တောင်းပန်ပုံ

အစမထင်သည့် သံသရာခွင်ကအစ ယခုဘဝ ယခုအချိန်ကျအောင် မိုက်မှောင်ထကာ မလိမ္မာသည့်အခိုက် မပြစ် မှားထိုက်သူ အဆူဆူသော ဘုရား ပစ္စေကဗုဒ္ဓါများနှင့် သံဃာတော်များ အနန္တ မိဘ ဆရာ အရိယာအပေါင်း ပုထုဇဉ်သူတော်ကောင်းတို့အား ပြစ်မှားမိခဲ့လျှင် နတ်ခွင်နိဗ္ဗာန် ဈာန်မဂ်ဖိုလ်၏ အန္တရာယ်မငြိဘို့ ရန် မနောဉာဏ်ဖြူဖွေး၍ ယဉ်ကျေးသော ကိုယ်နှုတ်ဖြင့် လက်အုပ်ချီမိုးပြီး အကြိမ်ကြိမ် ရှိခိုးကာ တောင်းပန်လိုက်ပါ၏ အရိယာ အပေါင်း ပုထုဇဉ်သူတော်ကောင်းတို့၊ ကျေအေးတော်မူကြပါ (၃ ကြိမ်)၊ သီးခံတော်မူကြပါ (၃ ကြိမ်)၊ အပြစ်ဘေးမှ ချမ်းသာပေးတော်မူကြပါ (၃ ကြိမ်)၊ ရှိခိုးကာ တောင်းပန်လိုက်ပါသည်။

မေး။ ။ အဘယ့်ကြောင့် သူတော်ကောင်းများအား တောင်းပန်ကန်တော့ရပါသနည်း။
ဖြေ။ ။ အရိယာသူတော်ကောင်းအား ပြစ်မှားမိလျှင် အရိယူပဝါဒ ကံကြီးထိုက်၏။ ပုထုဇဉ်သူတော်ကောင်းအား ပြစ်မှားမိလျှင် ကံကြီးတော့မထိုက်၊ အပြစ်ကြီး ထိုက်၏။ မကန်တော့လျှင် နတ်ရွာနိဗ္ဗာန် ဈာန်မဂ်ဖိုလ်၏ အန္တရာယ်ဖြစ်တတ်၏၊ ထိုအန္တရာယ်များ မဖြစ်စေဘို့ ရန် သူတော်ကောင်းများအား စိတ်ကောင်းထား၍ တောင်းပန်ရပါသည်။

သံပေါက်။ ။ သူတော်ကောင်းအားစိတ်ပြစ်မှား၊ ပြုငြားအန္တရာယ်။
ကန်တော့လိုက်ငြား ထိုပြစ်မှား၊ ပျောက်သွားကင်းစင်ဘွယ်။

Monday, February 23, 2009

မူလဆရာတော်ကြီး၏ ပုဗ္ဗကိစ္စခဏ်း (၃)

ဘုရားရှင်အား ခန္ဓာကိုယ်လှူပုံ

ဣမဟံ ဘဂဝန္တော အတ္တဘာဝံ တုမှာကံ ပရိစ္စဇာမိ။

ဘဂဝန္တော- ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူလတ်သည့် အရှင်မြတ်ကြီးတို့ဘုရား။
အဟံ- ဘေးမျိုးကပ်ဆိုးပါယ်အိုးကိုမုန်း လုံးလုံးဘဲလွတ်ချင်၍ ကမ္မဋ္ဌာန်းခွင်ဝင်လိုငြားသည့် တပည့်တော်များသည်။ တုမှာကံ- ခန္ဓာကိုယ်ပေါ်၌ သီတင်းသုံးတော်မူငြားသည့် ရှင်တော်မြတ် ဘုရား ကိုယ်တော်မြတ်ကြီးများနှင့် ကိုယ်စားပူဇော်ရန် ဓာတ်တော်သုံးသွယ် စွယ်တော် လေး ချောင်း ဆံတော်ပေါင်း အဆူဆူတို့အား။ ဣမံ အတ္တဘာဝံ- ဘုရားပေါင်း အနန္တပွင့်တော်မူနေကြ ပါလျှက် အရိယာမဂ် အသက်တချက်ကမှ မသွင်းခဲ့ဘူးသော ဤအတ္တဘော အသေကောင်ကြီးကို။ ပရိစ္စဇာမိ- ဤဘုရား ဤသာသနာလက်ထက်၌ အရိယာမဂ် အသက်သွင်း ပေးဘို့ရန် ဇောစိတ်သန်သန်ဖြင့် အမှန်အားကိုးပြီးကာ စွန့်လွှတ်လှူဒါန်းပါ၏ အရှင်မြတ်ကြီးတို့ဘုရား။

မေး။ ။ အဘယ့်ကြောင့် ခန္ဓာကိုယ် ဘုရားအား လှူရပါသနည်း။
ဖြေ။ ။ အရိယာမဂ်အသက်သွင်းပေးဘို့ရာလည်းကောင်း၊ ကြောက်စရာပေါ်လျှင် ဖြောက်ပစ်ဘို့ 
ဆင်ခြင်ဘို့ရန်လည်းကောင်း ခန္ဓာကိုယ်ကြီးကို ဘုရားအား လှူရပါသည်။

အကျယ်။ ။ တရားအားထုတ်လျှင် ကြောက်စရာများမြင်ချင်မြင်တတ်သည်၊ မြင်လျှင် ကြောက် ခဲ့သော်ဆင်ခြင်လိုက်ပါ၊ ငါ့ခန္ဓာကိုယ်မှမဟုတ်ဘဲ၊ ဘုရားလှူပြီးသားဘုရားပိုင်တဲ့ ခန္ဓာကိုယ်ကြီး ဖြစ်နေပါပကောလို့ ဆင်ခြင်လိုက်လျှင် ဝမ်းမြောက်တဲ့ စိတ်တွေပေါက် ကြောက်လန့်တဲ့စိတ်တွေ ပျောက်သွားလိမ့်မည်၊ အိမ်မက်ထဲမှာလို စိတ်ထင်တွေဖြစ်သောကြောင့်။

ဘုရားထံကမ္မဋ္ဌာန်းတောင်းပုံ

အဟံ ဘန္တေ ကမ္မဋ္ဌာနံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ ကမ္မဋ္ဌာနံ ဒေထ မေ ဘန္တေ။

ဘန္တေ- ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူလတ်သည့် အရှင်မြတ်ကြီးတို့ဘုရား။
အဟံ- ဘေးမျိုးကပ်ဆိုးပါယ်အိုးကိုမုန်း လုံးလုံးဘဲလွတ်ချင်၍ ကမ္မဋ္ဌာန်းခွင်ဝင်လိုငြားသည့် တပည့်တော်များသည်။ ကမ္မဋ္ဌာနံ- ဘေးမျိုးကပ်မျိုးပါယ်အိုးလွတ်ရန် အေးနိဗ္ဗာန်ဆင့်တန်းသို့ မြန်မြန်တက်လှမ်းဘို့ မဂ်လမ်းပွင့်မည့် ကမ္မဋ္ဌာန်းအကျင့်ကို။ ယာစာမိ- ရင်ဝယ်သားကဲ့သို့ ကရုဏာထား၍ ပေးသနားတော်မူပါရန် တောင်းပန်လျှောက်ထားပါ၏ အရှင်မြတ်ကြီးတို့ဘုရား။

ဘန္တေ- ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူလတ်သည့် အရှင်မြတ်ကြီးတို့ဘုရား။
မေ- ဘေးမျိုးကပ်ဆိုးပါယ်အိုးကိုမုန်း လုံးလုံးဘဲလွတ်ချင်၍ ကမ္မဋ္ဌာန်းခွင်ဝင်လိုငြားသည့် တပည့်တော်များအား။ အနုဂ္ဂဟံ- ဤကမ္မဋ္ဌာန်းအကျင့်ဖြင့် မဂ်လမ်းပွင့်၍ အေးနိဗ္ဗာန်ဆင့်တန်းသို့ မြန်မြန်တက်လှမ်းဘို့ မဂ်လမ်းပွင့်မည့် ကမ္မဋ္ဌာန်းအကျင့်ကို။ ကတွာ- အရေးကြီးတစ်ခုဟု အလေးဂရုပြုတော်မူပြီး၍။ ကမ္မဋ္ဌာနံ- ဘေးမျိုးကပ်ဆိုး ပါယ်အိုးလွတ်ရန် အေးနိဗ္ဗာန်ဆင့်တန်းသို့ မြန်မြန်တက်လှမ်းဘို့ မဂ်လမ်းပွင့်မည့် ကမ္မဋ္ဌာန်းအကျင့်ကို။ ဒေထ- ယောဂီခေါ်မှန်း အာရဒ္ဓ ဝိပဿက ဆင့်တန်းဖြင့် အရိယာဖြစ်ခန်းကို ကျင့်မြန်းသွားနေဘို့ရန် ကရုဏာသန်သန် ထား၍ ပေးသနားတော်မူပါ အရှင်မြတ်တို့ဘုရား။

မေး။ ။ အဘယ့်ကြောင့် ဘုရားထံ ကမ္မဋ္ဌာန်းတောင်းရပါသနည်း။
ဖြေ။ ။ ရွှေငွေများကို မပျောက်ပျက်ရအောင် ရိုရိုသေသေ သိမ်းထားသလို ဘုရားထံမှ ရလာသောဝိပဿနာ ကမ္မဋ္ဌာန်းများကို မှတ်စိတ်၌ပျောက်မသွားရအောင် ရိုသေလေးစား၍ အမြဲတမ်းမှတ်နေဘို့ရန် ဘုရားထံ ကမ္မဋ္ဌာန်းတောင်းရပါသည်။

Saturday, February 21, 2009

မူလဆရာတော်ကြီး၏ ပုဗ္ဗကိစ္စခဏ်း (၂)

လူဖြစ်မူသီလခံယူရမည်

ညစာစားနိုင်သော ငါးပါးသီလ အာဇီဝဋ္ဌမကသီလဖြစ်စေ၊ ညစာမစားရသော ရှစ်ပါးသီလ ကိုးပါးသီလ ဆယ်ပါးသီလဖြစ်စေ ဘုရားရှေ့၌သော်လည်းကောင်း၊ ဆရာသမားထံ၌သော်လည်းကောင်း၊ မိမိဘာသာ သော်လည်းကောင်း ခံယူပါ၊ နှုတ်ကမဆိုနိုင်မူ စိတ်ဖြင့်ဆောက်တည်ပါ၊ ဆိုနိုင်မူ နှုတ်ဖြင့်ခံယူပါ၊ အကျယ်အကျဉ်း ကြိုက်သလိုခံယူနိုင်ပါသည်။

ပုဗ္ဗကိစ္စ (၉) ပါး

၁။ ခန္ဓာကိုယ်ပေါ်မှာ ဘုရားပင့်တင်ထားရမည်။
၂။ ခန္ဓာကိုယ်ကို ဘုရားအားလှူရမည်။
၃။ ဘုရားထံ ကမ္မဋ္ဌာန်းတောင်းရမည်။
၎။ ဆရာအား ခန္ဓာကိုယ်ကို လှူရမည်။
၅။ ဆရာထံ ကမ္မဋ္ဌာန်းတောင်းရမည်။
၆။ သူတော်ကောင်းများအား တောင်းပန်ကန်တော့ရမည်။
၇။ မိမိအား ပြစ်မှားခဲ့လျှင် အမျက်မပွါး စိတ်ကောင်းထားရမည်။
၈။ မေတ္တာပို့ရမည်။
၉။ အမျှဝေကာ စောင့်ရှောက်ဘို့  မေတ္တာရပ်ရမည်။

ဘုရားပင့်ပုံ

ဂင်္ဂါသဲလုံးမက အမတပြည်ခွင် စံဝင်တော်မူငြားသည့် ရှင်တော် မြတ်ဘုရားပေါင်းအနန္တ၊ တဏှင်္ကရာဘုရားအစ ဂေါတမဘုရားအဆုံး နိဗ္ဗာန်စံသုံးတော်မူငြားသည့် ရှင်တော်မြတ်ဘုရားနှစ်ကျိပ်ရှစ်ဆူကိုယ်တော်မြတ်ကြီးများနှင့် ကိုယ်စား ပူဇော်ရန် ဓာတ်တော်သုံးသွယ် စွယ်တော်လေးချောင်း ဆံတော်ပေါင်းအဆူဆူတို့သည် ခြောက်ရောင်ခြည်ဖြန့်သန်း၍ ဈာန်စခမ်းဖြင့် ကြွမြန်းတော်မူလာပြီးလျှင် ဝိပဿနာကမ္မာဋ္ဌာန်းခွင် ယခုပင်ဝင်လိုငြားသည့် တပည့်တော်များကို အိုနာသေရေး ဒုက္ခဘေးမှ ကင်းဝေးစင်ကြယ်အဧပင်စင်နယ်သို့ အလွယ်ထုတ်ခြောက် အမြန်ရောက်အောင် ကရုဏာဆောင်လျှက် ဉာဏ်စဉ်တက်လှမ်းဘို့ မဂ်လမ်းပွင့်မည့် အတ္တဘောရုပ်နာမ်ကြီးကို အလှူခံပြီးလျှင် ရွှေပလ္လင်အမှတ်ဖြင့် ရုပ်ဓာတ် နာမ်ဓာတ်ပေါ်သို့ သီတင်းသုံးကြွတော်မူပါမည့် အကြောင်း ဇောစိတ်ကောင်းကောင်းဖြင့် ဥက္ခောင်းရိုကျိုး လက်အုပ်မိုးလျှက် အကြိမ်ကြိမ်ရှိခိုးကာ ပင့်လျှောက်လိုက်ပါ၏၊ ဘုန်းသမ္ဘာနေဝန်း ထွန်းလင်းတောက်ပတော်မူလတ်သည့် အရှင်မြတ်ကြီးတို့ဘုရား။

မေး။ ။ အဘယ့်ကြောင့် ခန္ဓာကိုယ်ပေါ်မှာ ဘုရားတွေ ပင့်တင်ထားရပါသနည်း။
ဖြေ။ ။ ခန္ဓာကိုယ်ပေါ်မှာ ဘုရားတွေပင့်တင်ထားလျှင် ကိုယ်ပေါ်မှာ သီတင်းသုံးနေသည့် အတွက် ကိုယ်သွားရာ ဘုရားအမြဲပါနေပါသည်၊ ထို့ကြောင့် ဘုရားရှင်ရှေ့ မှာ နေရဘိသကဲ့သို့ ရိုရိုသေသေနေကြ၊ မတော်တာလုပ်လျှင် ဘုရားရှင်မြင်မှာ စိုးလို့မတော်တဲ့အလုပ်ကို မလုပ်ဖြစ်အောင် မတော်တဲ့စကားပြောကြားလျှင် ဘုရားကြားမှာ စိုးလို့ မတော်တဲ့စကား မပြောကြားဖြစ် အောင် ဘုရားတွေပင့်တင်ထားရပါသည်။

Friday, February 20, 2009

မူလဆရာတော်ကြီး၏ ပုဗ္ဗကိစ္စခဏ်း (၁)

မူလကသစ်ဝိုင် ဆရာတော်ကြီး
ရေးသားတော်မူခဲ့သော
ပုဗ္ဗကိစ္စခဏ်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ ဓမ္မံ မြတ်သံဃံ အဟံဝန္ဒာမိ။
ဆုံးမသွန်သင် ဆရာရှင် ဦးလျှင်နှိမ်ချ၏။
မဂ်ဖိုလ်နိဗ္ဗာန် ရောက်ဘို့ရန် ကျင့်ကြံပဋိပတ်ကိုသိ။
ပဋိပတ်လမ်း ရှေ့ဆောင်ခမ်း စာတမ်းရေးထား၏။
အားထုတ်သူတို့ လိုချင်လို့ ကျက်ဘို့ ရေးကူး၏။
မရေးနိုင်မူ မရလူ လွယ်ကူပေးလို၏။
လွယ်ကူပေးရန် ပုံနှိပ်ကြံ လျှောက်ရန်များကြ၏။
ထို့ကြောင့် ဆရာ ပုံနှိပ်ကာ မြန်စွာရေးသား၏။
ပုံနှိပ်ပြီးမူ အားထုတ်သူ ဆောင်ယူလူတိုင်းသိ။
အားမထုတ်သူ ဆောင်ကျက်ယူ အိမ်မူပြုဘို့သိ။
ဝိပဿနာလမ်း ရှေ့ဆောင်ခမ်း ရောင်လွှမ်းသာသနာအရှိ။

နိဗ္ဗာန်လမ်းစဉ်
သီလအစ သမထအလယ် ဝိပဿနာ အဆုံး မဂ်ဝင် ဖိုလ်ဝင် နိဗ္ဗာန်ဝင်တဲ့ (သမထယာနိက) လမ်းရှည်လမ်းစဉ်ထုံး၊ သီလအစ သမထအလယ် ၀ိပဿနာအဆုံး မဂ်ဝင် ဖိုလ်ဝင် နိဗ္ဗာန်ဝင်တဲ့ (၀ိပဿနာယာနိက) လမ်းတိုလမ်းစဉ်ထုံး။
ဝိပဿနာအားထုတ်လိုမူ သီလအစလမ်းစဉ်ကျလို့ ရှေ့ဦးစွာ သီလဆောက်တည်ရမည်၊ နိဗ္ဗာန်ရောက်ကြောင်းအစ သရဏဂုံသုံးပါးက ဆိုသောကြောင့် သီလမဆောက်တည်ခင် တင်ကြို၍ သရဏဂုံ ဆောက်တည်ပါလေ။

သရဏဂုံဆောက်တည်ပုံ
ဗုဒ္ဓံ - ဘုရားမှန် ဘုရားစစ်ကို
သရဏံ - အမြတ်ဆုံးထားကာ အားကိုးလိုက်ပါလျင် ဘေးဟူသမျှ ဆင်းရဲဟူသမျှ ကွယ်ပျောက်ကြလိမ့်မည်ဟူ၍
ဂစ္ဆာမိ - တစ်သက်လုံး မှီဝဲဆည်းကပ် အသိအမှတ်ပြုပါ၏ ဘုရား

ဓမ္မံ - တရားမှန် တရားစစ်ကို
သရဏံ - အမြတ်ဆုံးထားကာ အားကိုးလိုက်ပါလျင် ဘေးဟူသမျှ ဆင်းရဲဟူသမျှ ကွယ်ပျောက်ကြလိမ့်မည်ဟူ၍
ဂစ္ဆာမိ - တစ်သက်လုံး မှီဝဲဆည်းကပ် အသိအမှတ်ပြုပါ၏ ဘုရား

သံဃံ - သံဃာမှန် သံဃာစစ်ကို
သရဏံ - အမြတ်ဆုံးထားကာ အားကိုးလိုက်ပါလျင် ဘေးဟူသမျှ ဆင်းရဲဟူသမျှ ကွယ်ပျောက်ကြလိမ့်မည်ဟူ၍
ဂစ္ဆာမိ - တစ်သက်လုံး မှီဝဲဆည်းကပ် အသိအမှတ်ပြုပါ၏ ဘုရား

ကောက်နှုတ်ချက်
ဂုဏ်တော် (၉)ပါးဝင်သည့် မျက်မြင်ခန္ဓာတော်သည် ဘုရားမှန်။
ဂုဏ်တော် (၉)ပါးဝင်သည့် ဉာဏ်မြင် ရုပ်ထူးနာမ်ထူး အစဉ်တော်သည့် ဘုရားစစ်။
ဂုဏ်တော် (၆)ပါးဝင်သည့် စာတွေ့  ကြားသိ ကြံသိတရားသည် တရားမှန်။
ဂုဏ်တော် (၆)ပါးဝင်သည့် ကိုယ်တွေ့ ပွားသိတရားသည် တရားစစ်။
ဂုဏ်တော် (၉)ပါးဝင်သည့် မျက်မြင်ခန္ဓာသည် သံဃာမှန်။
ဂုဏ်တော် (၉)ပါးဝင်သည့် ဉာဏ်မြင် ရုပ်နာမ်အစဉ်သည် သံဃာစစ်။

သရဏဂုံတည် (၂) မျိုး
ဖြစ်ပျက်ကို မှတ်ရင်းနှင့် ရပ်တာ မမြင်သေးမူ လောကီသရဏဂုံတည်သူ ပုထုဇဉ်ဥပသကာ၊ ဥပသိကာမခေါ်။
ဖြစ်ပျက်ကို မှတ်ရင်းနှင့် ရပ်တာ မြင်မူ လောကုတ္တရာသရဏဂုံတည်သူ အရိယာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ လို့ ခေါ်။

သရဏဂုံ ပျက်၊ မပျက်
မိစ္ဆာဒိဋ္ဌိ အယူမှားယူသော်လည်းကောင်း၊ သေသွားခဲ့သော်လည်းကောင်း၊ လောကီသရဏဂုံ ပျက်တတ်၏။ လောကုတ္တရာ သရဏဂုံသည်ကား ဘယ်အခါမှ မပျက်။

Wednesday, February 4, 2009

Monday, February 2, 2009