Wednesday, August 26, 2009

နာမရူပ ပရိစ္ဆေ္တဒဉာဏ်နှင့် ဒိဋ္ဌိဝိသုဒ္ဓိ အပိုင်း(၃)

ဒါဖြင့် ဆက်ကြအုံးစို့၊ ကိုယ်ထဲမှာ မျိုးစုံပေါ်တာ စာလို ရုပ်လို့ခေါ်ပါတယ်။
အမေး။ ။ စာထဲက ရုပ်ဆိုရင် ကိုယ်ထဲမှာ ဘယ်လိုမြင်ရမလဲ။
အဖြေ။ ။ မျိုးစုံ မြင်ရပါမယ်ဘုရား။

အမေး။ ။ ခေါင်းကြီးသည် ရုပ်ဆိုရင် ဘယ်လိုမြင်ရမလဲ။
အဖြေ။ ။ မျိုးစုံပေါ်ဒါ မြင်ရပါတယ်ဘုရား။

အမေး။ ။ အလယ်ပိုင်း-ကျော-ရင်က ရုပ်၊ အောက်ပိုင်း-ပေါင်-ခြေသလုံးစသည် ရုပ်ဆိုရင် ဘယ်လိုမြင်ရမလဲ။
အဖြေ။ ။ မျိုးစုံပေါ်ဒါ မြင်ရပါမယ်ဘုရား။

အမေး။ ။ အဲဒီလိုမျိုးစုံပေါ်နေဒါ စာလို ဘယ်လိုခေါ်မလဲ။
အဖြေ။ ။ ရုပ်လို့ခေါ်ပါတယ်ဘုရား။

ဟုတ်ပြီဒါကြောင့် ရုပ်ဆိုတာ နာမပညတ်နော်၊ သဘာဝမဟုတ်ဘူး၊ တကယ်မဟုတ်ဘူး။ ဒါကြောင့် ယောဂီတို့တွေ ပြောတတ်ကြတယ်၊ ဟေ့-ငါတို့ စာမတတ်လို့ ရုပ်တို့ နာမ်တို့တော့ မပြောတတ်ပါဘူး၊ ကိုယ်ထဲက ဖြစ်ပုံကိုတော့ ပြောတတ်ပါတယ်၊ ကိုင်းပြောစမ်းပါ ဆိုတော့ ရုပ်ရှင်လိုပါဘဲ၊ အမျိုးမျိုးဖြစ်နေတာပါဘဲ၊ ခေါင်းထဲမှာလည်း အမျိုးမျိုးဖြစ်နေဒါပါဘဲ၊ ကျော-ရင်မှာလည်း အမျိုးမျိုးဖြစ်နေတာပါဘဲ၊ အောက်ပိုင်း-ပေါင်-ခြေသလုံး စသည်တို့ မှာလဲ အမျိုးမျိုးပါဘဲလို့ ကိုယ်တွေ့နဲ့ပြောတတ်ကြတယ်နော်။
တချို့ယောဂီများကျတော့ ဥပမာလေးနဲ့ ပြောတတ်ကြတယ်၊ တပည့်တော် ခန္ဓာကိုယ်ဟာ ပြူတင်းပေါက်မှာ နေရောင်ခြည် ထိုးလိုက်တဲ့အခါ အမှုန်ကလေးတွေသန်းနေသလို လွင့်နေသလိုပါဘဲ၊ အဲဒါ ရုပ်တို့ နာမ်တို့ရယ်လို့ စာမတတ်တော့ အခေါ်အဝေါ်ဟာ မှားချင်မှားတတ်တယ်။ သဘာဝကတော့ မမှားကြတော့ဘူး၊ ရှင်းရှင်းလေးမှတ်ကြနော်။

အမေး။ ။ တကယ်ရုပ်ဆိုရင် စာထဲမှာ မရှိဘူး၊ ကိုယ်ထဲမှာ ကြည့်ရမယ်၊ ကိုယ်ထဲမှာ ကြည့်တော့ မျိုးစုံပေါ်တာကော ဟုတ်လား။
အဖြေ။ ။ ဟုတ်ပါတယ်ဘုရား။

မျိုးစုံ ပေါ်ဒါ ရုပ် လို့ခေါ်ပါ၊ ပူဒါ ရုပ်၊ အေးဒါ ရုပ်၊ လှုပ်တာ ရုပ်၊ စာတတ်တိုင်း မခွဲရဘူး၊ ဓာတ်ကြီးလေးပါးသည် ရုပ်ဘက်က ဖြစ်သောကြောင့် ဓာတ်ကြီးလေးပါးသည် ရုပ်၊ သိတာက နာမ်၊ ပူဒါ ရုပ်၊ သိတာ နာမ်၊ အေးဒါ ရုပ်၊ သိတာ နာမ်၊ စာတတ်တိုင်း မခွဲရဘူး၊ သညာသိ ပါတယ်၊ ယခုတော့ ပညာသိစခန်းတဲ့။ ရှင်းသွားပြီနော်။ ဒါက ရုပ်ဘက်က မှတ်ကြ။

အသားလေးတစ်ခု နမူနာ ယူပြောမယ်၊ လက်တစ်ဝါးလောက်ရှိတဲ့ အသားလေးမှာ၊ ရွရွမျိုးစုံ၊ ဖျင်းဖျင်းမျိုးစုံ၊ စစ်စစ်မျိုးစုံ၊ အမှုန်မျိုးစုံ၊ ပေါ်တာမြင်မယ်ဆိုရင် အမှုန်ဆိုတာ ပထ၀ီကို ပြောပါသည်။ သေးသေးလေးနဲ့ အများကြီးဆိုရင် အသားထင်တာ စင်ထွက်သွားတာပြီ။ အသားဆိုတာ အမှုန်နဲ့ အကြားမမြင်လို့တဲ့၊ အမှုန်နဲ့ အကြားမြင်ရင် အသားထင်တာ စင်ထွက်သွားတာဘဲ။ သဏ္ဍာနပညတ်သုံးမျိုး ပျောက်သွားပြီဖြစ်ပါတယ်။

သဏ္ဍာနပညတ် (၃)မျိုး
၁။ အသား အရည် အကြော စသော ကောဋ္ဌာသ သဏ္ဍာန ပညတ်၊

၂။ ခေါင်း ကိုယ် ခြေ လက် စသော သမူဟသဏ္ဍာန ပညတ်၊

၃။ ယောက်ျား၊ မိန်းမ၊ လူ၊ နတ်၊ ဗြဟ္မာ စသော ဇာတိသဏ္ဍာန ပညတ်၊

ဒီသုံးမျိုးကို ထင်နေတာ အမှုန်နှင့် အကြား မမြင်လို့ဆိုတာကို မှတ်ပါ။ အမှုန်နှင့် အကြား မြင်ရင် ဒီပညတ်သုံးမျိုး ပျောက်မယ်ဆိုတာကို မှတ်ကြပါ။ ရှင်းပါရဲ့လား။

အမေး။ ။ အမှုန်နှင့် အကြား မြင်ရင် အသားအရည် အကြော ရှာတွေ့ပါမလား ။
အဖြေ။ ။ မတွေ့ပါဘုရား။

အမေး။ ။ ယောက်ျား၊ မိန်းမစသည်။
အဖြေ။ ။ မတွေ့ပါဘုရား။

ဒါကြောင့် ဘာလိုရင်းလဲဆိုရင် ပထ၀ီမြင်ဖို့ အရေးကြီးပါတယ်နော်။ အမှုန်နှင့် ပထ၀ီမြင်ချင်တယ်ဆိုရင် အကြားပေါ်အောင်လုပ်ရတယ်၊ အကြားပေါ်ချင်တယ်ဆိုရင် ပူရှိန် ပူငွေ့၊ အေးရှိန် အေးခိုး အေးငွေ့ တေဇောဓာတ် ၀ါယောဓာတ်နှစ်ပါးကို ရှုရပါတယ်။
တေဇောဓာတ် ၀ါယောဓာတ် နှစ်မျိုးကို ပေါင်းပြီး ရှုလိုက်တော့ ပူအေးတို့ကား တေဇောမီးဓာတ်ဖြစ်ပါတယ်။ အရှိန် အခိုး အငွေ့တို့က ၀ါယောလေဓာတ်ဖြစ်ပြီး၊ အလုပ်လုပ်ပုံ-မီးဓာတ်က လောင်ကျွမ်းအောင် ဖုတ်ပေးလိုက်တော့ အာပေါခေါ်တဲ့ ရေဓာတ်က ခန်းချုပ် ခန်းချုပ်သွားပြီးလျှင် အရှိန် အခိုး အငွေ့ဆိုတဲ့ လေဓာတ်က တရှိန်ရှိန် တရှုးရှုးနဲ့မှုတ်ပေးလိုက်တော့ အာကာသဆိုတဲ့ အကြား-အသေး-အနှုတ်လေးတွေ ပေါ်လာပြီးလျှင်........
သစ်သားကို ကြည့်ပါ၊ အကြောင်း အကြောင်းလေးတွေ လေပြင်းတယ်ထတယ်ဆိုတာ တွေ့ဖူးကြလား။ ဒီလို အကြား အသေး အနှုတ်လေးတွေ ဇကာများကဲ့သို့ အပေါက်ပေါက်လေးတွေ ထင်းရှုးသားများကဲ့သို့၊ ပွပွ ရွရွ မွမွ မြည့်မြည့် ရိရိလေး ပေါ်လာပြီး၊ ပထ၀ီဆိုတဲ့ အမှုန်လေးတွေက တလှုပ်လှုပ် တရွရွ တမွမွ မြင်လာပါတယ်။

အမေး။ ။ ဒီလို အမှုန်မြင်လာမယ်ဆိုရင် အသားထင်တာ စင်ထွက်မသွားဘူးလား။
အဖြေ။ ။ စင်ပါတယ်ဘုရား။

အမေး။ ။ ခေါင်း ကိုယ် ခြေ လက် ထင်တာကော။
အဖြေ။ ။ စင်ပါတယ်ဘုရား။

အမေး။ ။ ယောက်ျား၊ မိန်းမစသည်။
အဖြေ။ ။ စင်ပါတယ်ဘုရား။

အဲဒါ အရေးကြီးတယ်-ဒီလိုမှမမြင်ရင် ဖြုတ်နေရတတ်တယ်၊ အသားအရည်သည် ငါမဟုတ်၊ ခေါင်း ကိုယ် ခြေ လက်သည် ငါမဟုတ်၊ ယောက်ျား-မိန်းမသည် ငါမဟုတ် စသသည်ဖြင့် ဖြုတ်နေရတတ်တယ်။ ဘုန်းကြီးများ အလုပ်က ဒီလိုဖြုတ်နေရတဲ့ အလုပ်မဟုတ်ဘူး၊ လက်စမ်း ပထ၀ီမလိုဘူး၊ အာကာသ ပုံပမာတွေလဲ ပြနေတာ မဟုတ်ဘူး။
ခန္ဓာကိုယ်မှာ အမှုန်လေးတွေ အများကြီးမြင်အောင် လုပ်ရမယ်၊ အမှုန်ဆိုတာ ပထ၀ီပါ၊ အများကြီးဆိုတာ အာကာသပါ။ နောက်ဆုံးပြောချင်တာတော့ သဏ္ဍန်သုံးမျိုးပျောက်အောင် ပထ၀ီဓာတ် မြင်အောင်လုပ်ရမယ်၊ ပထ၀ီဓာတ် မြင်ချင်တယ်ဆိုရင်-ခန္ဓာမှာ အကြားလေးတွေ ပေါ်အောင် ဖေါ်ကြ၊ အကြားပေါ်ချင်တယ်ဆိုရင် ပူရှိန် ပူခိုး ပူငွေ့ တေဇောနဲ့ ၀ါယောကို ရှုဖြစ်အောင်ရှုပါ။

သဏ္ဍန်သုံးမျိုးပျောက်မယ်ဆိုရင် နာမပညတ်(၃)မျိုးလည်း ပျောက်သွားတယ်၊ အသားအရည်စတဲ့ ကောဋ္ဌာသ သဏ္ဍာန ပညတ်ပျောက်မယ်ဆိုရင် အသားအရည်လို့ ခေါ်တဲ့ နာမည်တွေလည်း ပျောက်သွားတာတွေ့ရမယ်။ ခေါင်း ကိုယ် ခြေလက်စသည်တို့လည်း ပျောက်သွားကြတယ်ဆို သဘောပေါက်ကြပြီလား။ နောက် ယောက်ျား-မိန်းမ သဏ္ဍန်တွေ ပျောက်မယ်ဆိုရင် ယောက်ျား-မိန်းမ ခေါ်စရာ နာမည်တွေလည်း ပျောက်သွားပါသည်။ ရှင်းကြရဲ့လား။
ဒါကြောင့် (၁)သမူဟပညတ် (၂)သဏ္ဍာနပညတ် (၃)နာမပညတ်။ ဒီသုံးမျိုးပျောက်ချင်တယ်ဆိုရင် အမှုန်နှင့် အကြားမြင်အောင်လုပ်ပါ၊ အမှုန်နှင့် အကြား မြင်ချင်တယ်ဆိုရင် ပူရှိန် ပူခိုး ပူငွေ့ အေးရှိန် အေးခိုး အေးငွေ့ အရင်းခံကြရအောင် ရှုမှတ်ကြပါ။ အရင်းခံတွေကို ရှုမှတ်မယ်ဆိုရင် ရုပ်ရှင်စနစ်လို မျိုးစုံပေါ်လာမည်၊ မျိုးစုံပေါ်ဒါကို စာလို ရုပ်လို့ခေါ်ပါ။ ဒီလောက်ဆိုရင် ရုပ်ကို သဘောပေါက်ကြပြီနော်။

Friday, August 21, 2009

နာမရူပ ပရိစ္ဆေ္တဒဉာဏ်နှင့် ဒိဋ္ဌိဝိသုဒ္ဓိ အပိုင်း(၂)

ကဲအခုဆက်ပြီးတော့ နာမရူပ ပရိစ္ဆေ္တဒဉာဏ်၊ ဒိဋ္ဌိဝိသုဒ္ဓိ၊ ကလျာဏပုထုဇဉ်အဆင့်အတန်း၊ အပါယ်ခွင်မရောက်ဝေးပုံ၊ နိဗ္ဗာန်ပေါက် လမ်းစ ပေးပုံတို့ကို တစ်ကန့်စီ တစ်ခုချင်း ဟောကြေားပေးပါမယ်။ သင်-ရဟန်းလူရှင် တရားနာ ယောဂီသူတော်စင်တို့သည်လည်း ဆရာသမား များက ဂရုဏာ မေတ္တာများဖြင့် ဟောကြားသော တရားကို နားကကြား၊ ရင်မှာ ခွဲခြားစိတ်ဖြာ၍ လေးလေးစားစား နာယူဖို့ရန် အတွက် မေတ္တာရှေ့ထား၍သတိပေးလိုက်ပါတယ်။

နာမရူပ ပရိစ္ဆေ္တဒဉာဏ်
နာမ-က နာမ်ခေါ်တယ်၊ ရူပ-က ရုပ်ခေါ်တယ်၊ ပရိစ္ဆေ္တဒ-က တခြားစီ၊ ဉာဏ်-ကသိတာခေါ်တယ်။
မြန်မာလို ဘာသာပြန်လိုက်တော့ နာမ်ကတခြား၊ ရုပ်ကတခြားလို့ သိတာကို နာမ်-ရုပ်ကွဲသွားတာလို့ ဆိုလိုပါတယ်။
ရုပ်ကို ပဋ္ဌမစကားပြောမယ်၊ ရုပ်-ရုပ္ပတီတိရူပံ၊ ဖေါက်ပြန်တာ ရုပ်တဲ့၊ ရုပ်ဆိုတာက ဖေါက်ပြန်တယ်။ အတူတူပါပဲ။ စစ်ကြည့်ရအောင်နော်။ ဖေါက်ပြန်တယ်၊ ဖေါက်ပြန်တယ်ဆိုတာ ပျက်သွားတာကို ပြောတာလား၊ ဖြစ်ထာကို ပြောတာလားလို့ ဒီလိုစစ်လိုက်မယ်ဆိုရင် (စာလိုဆိုရင်) ဖေါက်ပြန်တယ်ဆိုတာ ဘယ်လိုမျိုးလဲ၊ ၀ိသဒိသုပ္ပတ္တိယေ၀-တစ်မျိုးစီ တစ်မျိုးစီဖြစ်ပေါ်လာတာမျိုးပါ။ ပျက်သွားတာကို ပြောတာမဟုတ်သေးဘူး၊ ဖြစ်လာတာကို ပြောတာ၊ ဖြစ်လာတာ ကို ၀ိသဒိသုပ္ပတ္တိဖြစ်ပါတယ်နော်။

ကိုယ်တွေ့ဖေါက်ပြန်တာကို ပြောပြပါအုံးမယ်။ တေဇောဓာတ်-ပူအေး၊ ၀ါယောဓာတ်-ကန်တိုးတွန်း၊ ပူအေးနဲ့ကန်တိုးတွန်း လေဓာတ်နဲ့ ပေါင်း၊ ပူရှိန် ပူခိုး ပူငွေ့၊ အေးရှိန် အေးခိုး အေးငွေ့၊ ပူအေးက တေဇောမီးဓာတ်၊ အရှိန် အခိုး အငွေ့တို့က ၀ါယောလေဓာတ်၊ အလုပ်လုပ်ပုံ မီးဓာတ်ကလောင်ကျွမ်းအောင်ဖုတ်၊ တင်ပါးလေး နမူနာယူပြောတော့ မီးဓာတ်က လောင်ကျွမ်းအောင်ဖုတ်၊ တင်ပါးထဲမှာရှိတဲ့ ရေဓာတ်က ခန်းချုပ်၊ လေဓာတ်က တရှိန်းရှိန်း တရှုးရှုးနဲ့မှုတ်ပေးလိုက်တော့ အာကာသဆိုတဲ့အကြား အသေး အနုပ်လေးတွေ ဇကာလို အပေါက်အပေါက်လေးတွေ ထင်းရူးသားများကဲ့သို့ပွပွရွရွ မြည့်မြည့်ရိရိလေး ပေါ်လာပြီးသကာလ ပထ၀ီဆိုတဲ့ အမှုန့်လေးတွေက တလှုပ်လှုပ် တရွရွ တမွမွ တစစ်စစ် တဖြစ်ဖြစ်နဲ့ တင်ပါးထဲမှာ မျိုးစုံပေါ်လာလေတော့တယ်နော်။ တခြားနေရာတွေမှာလည်း တစ်ကိုယ်လုံး ရုပ်ရှင်စနစ်လိုမျိုးစုံ ပေါ်နေပါတယ်၊ ရှင်းရှင်းလေးမှတ်ကြ၊ အဲဒါ ကိုယ်တွေ့မြင်တာနော်။ မျိုးစုံပေါ်တာ ရုပ်ပါ။ ကိုယ်ထဲမှာလည်း မျိုးစုံပေါ်ပုံလေးနော်။ စာထဲမှာလည်း ရုပ်က မျိုးစုံပေါ်တာကို ပြောထားတယ်နော်။ စာတွေ့နှင့် ကိုယ်တွေ့ကို ကိုက်ပြလိုက်တာပါနော်။


ကိုယ်ထဲမှာ ပေါ်တာ ပူဒါ တစ်မျိုး၊ အေးဒါ တစ်မျိုး လှုပ်ထာ တစ်မျိုး ဆင်းရဲဒါ တစ်မျိုး ချမ်းသာဒါ တစ်မျိုး (၅)မျိုးရှိလို့ မျိုးစုံ ပေါ်တယ်လို့ မခေါ်သေးဘူးနော်။ အပူတမျိုးထဲမှာ မျိုးစုံပေါ်တယ်ဆိုတာ မှတ်ကြပါ။ အပူတို့သည် တစ်စ တစ်စ တိုးတိုး ပူလာဒါက တစ်မျိုး၊ တိုးလဲမတိုး လျော့လဲမလျော့ပဲ တန့်ပြီး ပူနေဒါက တစ်မျိုး၊ တစ်စ တစ်စ လျော့လျော့ ပူနေဒါက တစ်မျိုးရှိပါတယ်၊ ၀ါယောဓာတ်နှင့်ပြောရင် ကန်ပြီးတော့ပူနေဒါက တစ်မျိုး၊ တိုးပြီးတော့ပူနေဒါက တစ်မျိုး၊ တွန်းပြီးတော့ ပူနေဒါက တစ်မျိုး၊ ဒီလိုလဲ ပူဒါအမျိုးမျိုးပါ။ နောက်ပြီးတော့ရွရွနှင့် ပူနေတာက တစ်မျိုး၊ မွမွနဲ့ပူနေဒါကလည်ဲး တစ်မျိုး၊ ရှိန်ရှိန်နှင့် ပူနေဒါက တစ်မျိုး၊ စစ်စစ်နှင့် ပူနေဒါကလည်း တစ်မျိုး၊ ဖျင်းဖျင်းနှင့် ပူနေဒါကလည်း တစ်မျိုး၊ ဖျစ်ဖျစ်နဲ့ ပူနေဒါကလည်း တစ်မျိုးရှိပါတယ်၊ နောက်ပြီးတော့လည်း တုန်ကနဲ-ဖြန်းကနဲ ကြက်သည်းထသလို ပူဒါကလည်း တစ်မျိုး၊ ခြအုံ၊ နကျည်အုံပြီးများလို တစ်ကောင့် တစ်ကောင်လုံးထွေးပြီး နေသလိုဖြစ်ပြီး ပူနေဒါကလည်း တစ်မျိုး၊ ရေနွေးအိုးကြီးများ ဆူပွက်ပြီးနေသလို ပူနေဒါကလည်း တစ်မျိုးပါ၊ မီးခဲလေးများတွေ ပူနေဒါလည်း တစ်မျိုးပါ၊ ခန္ဓာမှာ ရိပ်ရိပ် ရိပ်ရိပ်နဲ့ ပူနေဒါကလည်း တစ်မျိုးပါ၊ ဒိတ်ဒိတ် ဒိတ်ဒိတ်နဲ့ ပူနေဒါကလည်း တစ်မျိုး၊ ဖျတ်ဖျတ် ဖျတ်ဖျတ်နဲ့ ပူနေဒါကလည်းတစ်မျိုး၊ လှပ်လှပ် လှပ်လှပ်နဲ့ ပူနေတာလည်း တစ်မျိုးပါရှိပါတယ်။


မိုးဖွဲလေးတွေများကျနေသလို နှင်းဖွဲကလေးတွေများ ကျနေသလို ရေပန်းလေးတွေများပန်းနေသလို သဲကမ်းပါးကြီးများ ပြိုကျနေသလို ဆံပင်တိုတို ရေစိုစို လက်နဲ့ပွတ်လိုက်တဲ့အခါမှာ ရေပေါက်ကလေးများ စင်နေသလို ရေပန်းလေးတွေများ ပန်းထွက်နေသလို ဖြုတ်ကလေး တွေများပျံသန်းသွားလာနေသလို မီးပန်းလေးတွေများ ပန်းထွက်နေသလို ပူနေဒါကလည်း တစ်မျိုးပါ၊ နောက်ပြီးတော့ မြူမှုန်လေး တွေများထနေသလို ဆပ်ပြာမြှုပ်တွေများ ထနေသလို ရေပူပေါင်းလေးတွေများ ထနေသလို ရေမြှုပ်စိုင်ကြီးများထနေသလို ပူနေဒါ ကလည်း တစ်မျိုး၊ ဓာတ်တရားနဲ့ပတ်သက်ပြီး ပြောရမည်ဆိုရင် ယောဂီသဏ္ဌာန်မှာ ပူနေဒါကတော့ အမျိုးမျိုးရှိတယ်ဆိုတာ မှတ်သားပါ။

ဝေဒနာနဲ့ပတ်သက်၍ ပြောရမယ်ဆိုရင် ကျင်ပြီးတော့ပူနေဒါကလည်း တစ်မျိုး၊ နာပြီးတော့ ပူနေဒါကလည်း တစ်မျိုးပါ၊ ကိုက်ပြီးတော့ ပူနေဒါကလည်း တစ်မျိုး၊ ထုံပြီးတော့ ပူနေဒါကလည်း တစ်မျိုး၊ မခံသာအောင်ဖြစ်ပြီးတော့ ပူနေဒါကလည်း တစ်မျိုးပါ၊ ဒုက္ခဝေဒနာနဲ့ ပတ်သက်၍ ပူဒါကတော့ အမျိုးမျိုးရှိတယ်နော်။

သုခဝေဒနာနဲ့ ပတ်သက်ပြီးတော့ အပူတို့သည် မျိုးစုံပါနော်၊ ယောဂီ ကိုယ်တွေ့နဲ့ ပြောရမည်ဆိုရင် ဥပမာတင်စားလို့တောင် ကုန်စင်အောင် မပြောနိုင်ပါဘူး၊ အပူတို့သည် မဖြစ်ပေါ်တာက တစ်မျိုး၊ ဖြစ်လာရင် မျိုးစုံဖြစ်ပေါ်တာကိုသာ ကိန်းသေမှတ်ကြပါ။ အပူဆိုတာက ဓာတ်ကိုပြောပါတယ်။ မျိုးစုံဆိုတာ ရုပ်ကိုပြောပါတယ်၊ ကိန်းသေဆိုတာက ပရမတ်ကိုပြောပါတယ်၊ ဓာတ် ရုပ် ပရမတ်-သုံးခုစပ်၍ပြောတဲ့ စကား၊ အပေါ်ပိုင်းမှာလည်း အပူတို့သည် မဖြစ်ရင် တစ်မျိုး၊ ဖြစ်လာရင် မျိုးစုံပါ၊ အလယ်ပိုင်းမှာလည်း အပူတို့သည် ဖြစ်လာရင် မျိုးစုံ ဆိုတာ ကိန်းသေပါ။ အောက်ပိုင်းမှာလည်း အပူတို့သည် ဖြစ်လာရင် မျိုးစုံပေါ်တာကိန်းသေဆိုတာမှတ်ပါ။

ကိုယ့်ခန္ဓာမှာ ပရမတ်ပိုင်မယ်ဆိုရင် ကိန်းသေပြောနိုင်ပါတယ်၊ ပရမတ်ဆိုတာ တာသွားပြီနော်။ ကိုယ့်ခန္ဓာမှာ မြင်သလို သက်ရှိသတ္တ၀ါတို့ ခန္ဓာကိုယ်မှာ အပူတို့သည် မဖြစ်တာကတစ်မျိုး၊ ဖြစ်လာရင်မျိုးစုံပေါ်ဒါ အမြဲပေါ်နေတာလို့ ကိန်းသေမှတ်ကြပါ။ သတ္တလောကပိုင်ရင် သြကာသလောက ဘုံ (၃၁)၊ အိမ်တွေ ကျောင်းတွေ အင်္ကျီ-လုံချည်စသော အ၀ိညာဏက သက်မဲ့ဝတ္ထုတွေမှာလည်း အပူတို့သည် မဖြစ်ရင် တစ်မျိုး၊ ဖြစ်လာရင် မျိုးစုံအမြဲပေါ်ဒါပါလို့ မုချပြောနိုင်ပါတယ်။

အအေးဓာတ်လည်း ဒီအတိုင်းပဲဖြစ်ပါတယ်။ အအေးဓာတ်လေး ဖြစ်ပေါ်လာရင် မျိုးစုံပေါ်ဒါအမြဲပါ၊ ပုံသေပါ၊ ၀ါယောဓာတ်-ကန် တိုး တွန်းလေဟာ ခန္ဓာမှာ ဖြစ်လာခဲ့ရင် ကန်တာသည်လည်း တစ်မျိုးတည်း မဟုတ်တော့ပါဘူး၊ မျိုးစုံပါ၊ တိုး-တွန်းတာလေးတွေဟာ ပေါ်လာ ခဲ့ရင် မျိုးစုံပေါ်ဒါပါ။ အမြဲဆိုတာကို မှတ်ကြပါ။

ပထ၀ီဆိုတဲ့ အမှုန်လေးတွေသည် ပေါ်လာခဲ့ရင် ရွရွတစ်မျိုးတွင် မျိုးစုံပေါ်မယ်၊ ဆစ်ဆစ်တစ်မျိုးမှာလည်း မျိုးစုံပေါ်မယ်၊ ဖျစ်ဖျစ်တစ်မျိုး မှာလည်း မျိုးစုံပေါ်မယ်။ ဖျင်းဖျင်းတစ်မျိုးမှာလည်း မျိုးစုံပေါ်မယ်၊ ရိပ်ရိပ်လေးမှာလည်း မျိုးစုံပေါ်ပါမယ်။ ခန္ဓာမှာလည်း ဆပ်ဆပ် ဖျပ်ဖျပ် လှပ်လှပ်ပေါ်လာရင် မျိုးစုံပေါ်ပါမယ်လို့ ပုံသေမှတ်ပါ၊ ဒါတွေကို ဓာတ်-ရုပ်-ပရမတ် သုံးမျိုးစပ်ပြောပုံလို့ မှတ်ကြည့်ပါ။

သဘာဝဆတ်ဆတ် ဓာတ်တွေမှတ်၊
မျိုးစုံပေါ်လတ် ရုပ်တွေမှတ်၊
သဘောမြဲလတ် ပရမတ်တွေမှတ်။


ပရမတ်ပိုင်ရင် တကယ်တာသွားတယ်၊ တကယ်ပိုင်ပြီဆိုတာကို မှတ်ကြနော်။ (ပရမတ္တ-ပရမ အတ္တ၊ ပရမ-မဖေါက်မပြန်သော၊ အတ္တ- သဘော)၊ ပရမတ္တ-မဖေါက်မပြန်သော သဘော၊ နောက်ပြန်ရင် သဘော မဖေါက်ပြန်ဘူးတဲ့၊ သဘော မဖေါက်ပြန်ဘူးဆိုတာ သဘောမြဲ တယ်လို့ ဆိုလိုသည်၊ သဘောမြဲတယ်ဆိုတာ ရုပ်တို့သဘောမှာ မဖြစ်လာရင် တစ်မျိုး၊ ဖြစ်လာမယ်ဆိုရင် မျိုးစုံပေါ်ဒါ အမြဲပါ၊ ပုံသေမှတ်ပါ။

တေဇောဓာတ်-အပူလေးက ရုပ်ဆိုရင် မျိုးစုံပေါ်ရမယ်။ အအေးသည်လည်း ရုပ်ဆိုရင် မျိုးစုံပေါ်ပါမယ်။

ဝါယောဓာတ်-အကန်လေးသည် ရုပ်ဆိုရင် မျိုးစုံပေါ်ရမယ်။ အတိုးသည်လည်း ရုပ်ဆိုရင် မျိုးစုံပေါ်ရမယ်။ အတွန်းလေးလည်း မျိုးစုံပေါ်ရမယ်။

ပထ၀ီဓာတ်-အမှုန်လေး၊ အမာလေးသည် ရုပ်ဆိုရင် မျိုးစုံပေါ်ရမယ်။ အရွသည်လည်း ရုပ်ဆိုရင် မျိုးစုံပေါ်ပါမယ်။ အမွလေးတွေ၊ ဆစ်ဆစ် လေးတွေ၊ ဖျစ်ဖျစ်လေးတွေ၊ ဖျင်းဖျင်းလေးတွေသည်လည်း ရုပ်ဆိုရင် မျိုးစုံပေါ်ရမယ်။ အဲဒါကိန်းသေနည်း ခေါ်တယ်နော်။

သဘောမြဲလတ်-ပရမတ်တွေမှတ်၊ ကိန်းသေနော်။ ဒါကြောင့် ယခုပြောခဲ့ပြီးသော ဓာတ်သဘောတွေအတိုင်း ခန္ဓာကိုယ်ထဲမှာ မီးဓာတ်က လည်း ဖုတ်လိုက်မယ်၊ ရေဓာတ်ကလည်း ခမ်းချုပ်-ခမ်းချုပ်သွားမယ်ဆိုရင် လေဓာတ်လေးတွေက တရှိန်ရှိန်တရှုးရှုးနဲ့ မှုတ်ပေးလိုက် တော့ အာကာသဆိုတဲ့ အကြားအသေးအနှုတ်ကွဲ၍ မြေဓာတ်ဆိုတဲ့ အမှုန်လေးတွေက ခေါင်းထဲမှာလည်း မျိုးစုံပေါ်လာသည်၊ အလယ်ပိုင်းကျောရင်ထဲမှာ မျိုးစုံပေါ်လာမယ်၊ အောက်ပိုင်းပေါင် ခြေသလုံး စသည်တွင်လည်း မျိုးစုံပေါ်လာသည်။ ကိုယ်တွေ့နဲ့ ပြောရင်လည်း မျိုးစုံ ပေါ်နေတာ၊ စာတွေ့နဲ့ပြောရင်လည်း မျိုးစုံပေါ်နေတာ၊ စာတွေ့နဲ့ ကိုယ်တွေ့ကိုက်ပုံနှီးနှော၍ မှတ်ကြည့်ကြအုံးနော်။



Thursday, August 20, 2009

နာမရူပ ပရိစ္ဆေဒဉာဏ်နှင့် ဒိဋ္ဌိဝိသုဒ္ဓိ အပိုင်း (၁)

ကျေးဇူးရှင် (မူလ)ကသစ်ဝိုင်ဆရာတော်ကြီး ဟောကြားတော်မူအပ်သော


နာမရူပ ပရိစ္ဆေဒဉာဏ်နှင့် ဒိဋ္ဌိဝိသုဒ္ဓိ တရားတော်


အေကၡယ် သညိေနာ သတၱာ၊ အေကၡယ်သၼိ ံ ပတိ႒ိတာ။

အက္ခေယျံ အပရိညာယ၊ ယောဂ မာယန္တိ မစ္စုနော။


အက္ခေယျသညိနော- အသက်လိပ်ပြာ အကောင်သတ္တ၀ါမဟုတ်သော နာမ်အစစ် ရုပ်အစစ်၌ အသက်၊ လိပ်ပြာ၊ အကောင်သတ္တ၀ါလို့ အမှတ်မှားနေကြကုန်သော။ အက္ခေယျသ္မိံ-အသက်လိပ်ပြာ အကောင်သတ္တ၀ါ မဟုတ်သော နာမ်အစစ် ရုပ်အစစ်၌။ ပတိဋ္ဌိတာ-အသက်၊ လိပ်ပြာ၊ အကောင်သတ္တ၀ါဟု စိတ်ထဲမှာ စွဲစွဲမြဲမြဲ ခိုင်ခိုင်ခန့်ခန့် တည်တည်တံ့တံ့ ဖြစ်နေကြကုန်သော။ သတ္တာ-ပုပုရွရွ မြင်မြင်သမျှ အန္ဓပုထုဇဉ် မှန်သမျှတို့သည်။

အက္ခေယျံ- အသက်လိပ်ပြာ အကောင်သတ္တ၀ါမဟုတ်သော ရုပ်အစစ် နာမ်အစစ်တွေကို။ အပရိညာယ-ပိုင်းခြားထင်ထင် ကိုယ့်ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်ဖြင့် မသိမမြင်ကြခြင်းကြောင့်။ မစ္စုနော- အိုမင်း၊ နာမင်း၊ သေမင်း၊ မာရ်နတ်မင်း၏။ ယောဂံ-သူပိုင်နက် ထဲတည်း ဟူသော (၃၁)ဘုံနယ်ထဲသို့။ အာယန္တိ-မုချမသွေ တစ်လိုက်ထဲလိုက်ပါ၍နေကြရ ကုန်တော့၏တကား။ သာဓု သာဓု သာဓုပါဘုရား။ ။ ။


ဤဒေသနာတော်၏ အဓိပ္ပါယ်ကား ရှေ့နားက နာမ် ရုပ်ကို ရေးထားပြီး၊ နောက်နားက သေတာလေးကို သုံးခုပိုင်းပြီးရေးထားပါ။ (နာမ် - ရုပ် - သေ) နောက်တုန်းကလည်း နာမ်ရုပ်ကို မမြင်ခဲ့လို့ သေဖူးခဲ့ပြီ၊ ယခုလည်း သေတုန်း၊ နောင်ကိုလည်း နိဗ္ဗာန်မရမချင်း သေရလိမ့်အုံးမယ်လို့ဆိုတာ ကျိန်းသေ မှတ်ကြပါ။ (နာမ်ရုပ် - မွေး၊နာ၊အို) အရင်တုန်းကလည်း နာမ်ရုပ်ကို မမြင်ခဲ့လို့ မွေးဖူးခဲ့ပြီ၊ အိုလည်းအိုခဲ့ဖူးပြီ၊ နာလည်းနာခဲ့ဖူးပြီ။ ယခုလည်း မွေးတယ်၊ အိုတယ်၊ နာနေတယ်၊ နောင်ကိုလည်း နာမ်ရုပ်ကို မမြင်သေးသမျှ မွေးရလိမ့်အုံးမယ်၊ အိုရအုံးမယ်၊ နာရပါအုံးမယ်။

ကိုယ်ဆင်းရဲသော ဒုက္ခ၊ စိတ်ဆင်းရဲ ဒုက္ခ၊ ချစ်သောသူတို့နှင့် ကွေကွင်းရတယ်ဆိုသော ဒုက္ခ၊ မချစ်မနှစ်သက်သောသူတို့နှင့် အတူတကွ နေရခြင်း ဒုက္ခ၊ ရတာမလိုလိုတာမရသော ဒုက္ခတွေသည်လည်း နာမ်-ရုပ် မမြင်သမျှ ဤဒုက္ခတွေကို ကြုံခဲ့ဖူး ပေါင်းလည်းများလှပြီ၊ တွေ့ကြုံနေတုန်းလည်း ဖြစ်ပါတယ်။ နောင်ကိုလည်း နာမ်-ရုပ် မမြင်သမျှ တွေ့ကြုံကြရအုံးမယ်။ အပါယ်ဆင်းရဲကိုလည်း အကြိမ်ကြိမ် ကျနေရအုံးပါမယ်။ မကျဖူးသော အပါယ်ဆိုတာ မရှိဘူးနော်။

တိရစ္ဆာန်မျိုးစုံ အကုန်လည်းဖြစ်ဖူးခဲ့ပြီ။ တိရစ္ဆာန်ထက်ဆိုးသော ပြိတ္တာလည်း အကုန် ဖြစ်ခဲ့တယ်။ ပြိတ္တာ ထက်ဆိုးသော အသူရကာယ်မျိုးစုံလည်း အကုန် ဖြစ်ခဲ့ကြပါတယ်။ အသူရကာယ်ထက်ဆိုးတဲ့ ငရဲအနန္တလည်း ကျခဲ့သော အကြိမ်လည်းများလှပြီ။ နောင်ကိုလည်း နိဗ္ဗာန်မရောက်မချင်း ကျရလိမ့်အုံးမယ်ဆိုတာကို သေချာမှတ်ကြပါ။

ဒီတစ်ခါ သံသရာဝဋ်ဆင်းရဲဘေးကြီးများကို ရေးမှတ်ထားကြည့်ပါ။ နာမ်ရုပ်ကို မမြင်ခဲ့တော့ အို၊ နာ၊ သေရေး သံသရာ ၀ဋ်ဆင်းရဲဘေးကြီးတွေကို တွေ့ခဲ့ဖူးတာတွေများလှပြီ။ ယခုလည်းတွေ့ကြုံတုန်းပါ၊ နောင်လည်း နိဗ္ဗာန်မရောက်မချင်း ဧကန်တွေ့ရလိမ့် အုံးမယ်ဆိုတာ ကျိန်းသေမှတ်ကြပါ။

ဆိုးတဲ့အပြစ်တွေ မှန်သမျှ နာမ်-ရုပ် မမြင်ခဲ့လို့ဆိုတာမှတ်ကြပါ၊ နာမ်ရုပ်များမြင်တဲ့ ပုဂ္ဂိုလ်ကြပြီဆိုရင် ဆိုးတာတွေမရှိတော့ဘူး။ ဒီလို ပုဂ္ဂိုလ်တွေဆိုရင် သမ္မာသမ္ဗောဓိဆုတွေဖြစ်တဲ့ ဘုရားအဖြစ်၊ ပစ္စေကဗောဓိ ဖြစ်တဲ့ ပစ္စေကဗုဒ္ဓါ၊ သာဝကဗောဓိဆုဖြစ်တဲ့ ရဟန္တာအဖြစ် ဒါလေးတွေကိုမှတ်ထားကြပါ။

နာမ်-ရုပ်များတကယ်မြင်ပြီဆိုရင် ဘုရားဖြစ်ခဲ့တာတွေလည်းများခဲ့ကြပြီ။ ပစ္စေကဗုဒ္ဓါတွေလည်း များလှပြီ။ ရဟန္တာတွေလည်းများလှပြီ။ နာမ်-ရုပ် မမြင်သေးသမျှ ကာလပတ်လုံး သောတပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်ဖို့ ဘုရားဖြစ်ဖို့ ထုံးစံမရှိဘူးနော်။

နာမ်-ရုပ် မမြင်သေးသမျှ အပါယ်ဆင်းရဲက ဘယ်တော့မှ မလွတ်နိုင်ဘူးဆိုတာမှတ်ထားကြပါ။ ဒါကြောင့် အပါယ်လေးပါးမှ လွတ်လပ်ရေး ရချင်တယ်ဆိုရင် နာမ်-ရုပ်လေးမြင်အောင်လုပ်ကြပါ။ နာမ်-ရုပ်မြင်ရတဲ့ အကျိုးကျေးဇူးတွေ အင်မတန်များတယ်ဆိုတာကိုပါ မှတ်ထား ကြပါ။ နာမ်ရုပ်တကယ်မြင်မယ်ဆိုရင် ဘာဝနာ မယဒါနအဖိုးတန်လည်းဖြစ်ပါတယ်။ နိဗ္ဗေဓ ဘာဝီယ သီလ အဖိုးတန်လည်း ဖြစ်ပါတယ်။ နိဗ္ဗေဓ ဘာဂီယ သမထ အဖိုးတန်လည်းဖြစ်ပါတယ်။ နာမ်-ရုပ်မြင်တယ်ဆိုရင် လောကီချမ်းသာတွေနှင့် ပြည့်စုံစေနိုင်ပြီး ဘေးအမျိုးမျိုး ရန်အမျိုးမျိုး ရင်ဆိုင်တိုးရာတွင်လည်း အမှန်စင်စစ် အားကိုးရာလည်းမည်ပါပေတယ်။

“သေခါနီးလျှင် တရားမြင် ဘ၀ပြောင်းတာ နောက်မှထင်၊ သမဏနတ်သား သက်သေတင်” ဆိုတဲ့ အင်္ဂုတ္ထိုရ်ကျမ်း ပါဋ္ဌိတွင်ပါရှိသည့်အတိုင်း နာမ်-ရုပ်မြင်တဲ့ကျေးဇူးတွေက အကျိုးများ လှပါတယ်။ ဒါကြောင့် အက္ခေယျံ-အသက်လိပ်ပြာ အကောင်သတ္တ၀ါမဟုတ်သော နာမ်အစစ် ရုပ်အစစ်တွေကို၊ အပရိညာယ-ပိုင်းခြားထင်ထင် ကိုယ့်ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်ဖြင့် မတွေ့မမြင်ကြသည့်အတွက်ကြောင့် မစ္စုနော-အိုမင်း နာမင်း သေမင်း မာရ်နတ်မင်း၏၊ ယောဂံ-သူပိုင်နက်ထဲတည်းဟူသော သုံးဆယ့်တစ်ဘုံနယ်ထဲသို့၊ (သို့) မွေး-သေ၊ မွေး-သေ အဆက်မပြတ်တို့ ပရမတ်သံသရာနယ်ထဲသို့၊ အာယန္တိ-မုချမသွေ လိုက်ပါ၍နေကြကုန်တော့၏ တကား။ သာဓု သာဓု သာဓုပါဘုရား။

Wednesday, August 19, 2009

ကျေးဇူးရှင်ဆရာတော်ဘဒ္ဒန္တပဒုမ၏ မှတ်စုစာအုပ်မှ



ကျေးဇူးရှင်ဆရာတော်ဘဒ္ဒန္တပဒုမ သက်ရှိထင်ရှားရှိစဉ် ခွင့်ပြုချက်တောင်း၍ ဆရာတော်ဘုရား၏ မှတ်စုစာအုပ်မှ လက်ရေး မူရင်းအတိုင်း အင်တာနက်စာမျက်နှာတွင် ဖေါ်ပြပါသည်။