Thursday, March 26, 2009

မရဏံ မေ ဓုဝံ၊ ဇီဝိတံ မေ အဓုဝံ

(http://winnlatt.blogspot.com/2009/03/blog-post_21.html မှ ကူးယူဖော်ပြပါသည်။)

၈၈ကုန်လို့ ၈၉ လဲရောက်ရော ဇာတ်အဖွဲ့တွေလဲ ဇာတ်ခေါင်းကွဲကြ၊ဇာတ်သမား တွေလဲ တောင်ပြေးမြောက်ပြေးနဲ့ အပြင်ရောက်တဲ့လူရောက်၊အထဲရောက်တဲ့ လူရောက်ပေါ့။ ဟိုမရောက်ဒီမရောက်တဲ့ ကျွန်တော့်ကိုတော့ လူကြီးတွေက ဘုန်းကြီးကျောင်း အရောက်ပို့လိုက်ကြလို့ အောင်မင်းခေါင်ကုန်းမြေ ကသစ်ဝိုင်ဓမ္မရပ်သာမှာ ရဟန်းဝတ်နဲ့ တစ်လ တရားအားထုတ်လိုက်ရတယ်။


အဲဒီ တုန်းက ဆရာတော် ဦးပဒုမက ဥပဇ္ဈာယ် ဆရာတော်ပေါ့။ မင်းနာမည်က ခပ်ဆန်းဆန်း ဆိုတော့ ဘုန်းကြီးဘွဲ့ကိုလဲ ခပ်ဆန်းဆန်း ပေးရမယ်ဆိုပြီး ဘုန်းကြီး ဦးကဉ္စနသာရ က ဦးယုဂန္ဓာရ ဆိုပြီးပေးလိုက်တယ်။အဲ နောက်ပိုင်း တက္ကသိုလ် ကျောင်းပြီး အလုပ်မရှိအကိုင်မရှိ အလကားနေမဲ့ အတူတူဆိုပြီး သင်္ကြန်တရားပတ်မှာ ထပ်ပြီးရဟန်းဝတ်နဲ့ တရားစခန်းဝင်လိုက်တယ်။ ဒုတိယအကြိမ်ပေါ့။


ကျွန်တော်ဒီတရားစခန်းကို သဘောကျတာက လူတွေမှာ မသေခင်ကာလ ဆင်းရဲဒုက္ခအမျိုးမျိုးခံစားကြရမှာပဲ၊ခန္ဒာကိုယ်မှာ အနာရောဂါတွေနှိပ်စက်ဖိစီးတာ ခံစားကြရမှာပဲ၊အဲဒီလိုမခံမရပ်နိုင်အောင် ဝေဒနာတွေခံစားကြရပြီဆိုရင် ဝေဒနာ သက်သာအောင် နည်းလမ်းလေးတွေကို ဒီတရားစခန်းက တိုက်ရိုက်ပေးတာ။ ပြောရရင်တော့ ကာယာနုပဿနာ သတိပဌာန်ပေါ့။ဝေဒနာတွေနှိပ်စက်ရင် အဲဒီဝေဒနာအပေါ် ရှုမှတ်ရတာပဲ။ တခြားရိပ်သာတွေလဲ သဘောတရားတွေက အတူတူပါပဲ၊အဲ မတူတာကရှုမှတ်တဲ့နေရာမှာ ကိုယ်မှာပေါ်တဲ့ ဝေဒနာက ပူရင် ပူတယ်၊အေးရင်အေးတယ်၊လှုတ်ရင် လှုတ်တယ်၊အခံရခက်ရင် ဆင်းရဲတယ်၊ အခံရ သက်သာရင် ချမ်းသာတယ်၊ အဲဒီလိုမှတ်ရတယ်။“စိတ်ကိုရင်မှာထား၊ကိုယ်မှာ ပေါ်တာမှတ်၊ ပူတာ၊အေးတာ၊ လှုတ်တာ၊ဆင်းရဲတာ၊ ချမ်းသာတာ”အဲဒီငါးမျိုးက ကနဦးအမှတ်တွေပေါ့…။အဲဒီကမှ တဆင့်တဆင့်တက်လာတာ။ ဘာပဲဖြစ်ဖြစ်လေ ရုပ်ရှိရင်ဝေဒနာရှိမှာပါပဲ။ဝေဒနာကို သည်းခံတတ်ဖို့၊ဖြေဖျောက်တတ်ဖို့ နောက်ဆုံး အသေတတ်ဖို့ နည်းပေးတဲ့ ဌာနတစ်ခုမို့လို့ ဘဝမှာအဖိုးတန်တဲ့ နေရာကောင်းမှာ ကျွန်တော် ခိုအောင်းခဲ့ဘူးပါတယ်။


ရိပ်သာဝင်သူတိုင်း နောက်ဆုံးတရားစခန်းသိမ်းကြရင် အင်မတန်ဝမ်းနည်းဝမ်းသာ ဖြစ်ကြရတဲ့ နေ့လေးတွေရှိခဲ့ကြတယ်။ အဲဒါဘာလဲဆိုတော့ ဆရာတော်ကြီးချီးမြှင့် တဲ့ နောက်ဆုံး တရားစကားတွေပဲ။ ဆရာတော်ဟာ အင်မတန်မှ အသံသြဇာကောင်းသလို၊ တရားဟောအလွန်ကောင်းတယ်။ တရားစခန်းဝင်တဲ့သူ တိုင်း ရပြီးသားတရားတွေ မေ့ပျောက်မသွားရအောင် ထပ်ခါထပ်ခါ သတိပေးစကား ဆိုတယ်။ မဟာဂန္ဓာရုံ ဆရာတော်ကြီးဟာ တပည့်တွေကို ဆိုဆုံးမရာမှာ စကားတစ်ခွန်းကို နှစ်ကြိမ်သုံးကြိမ် ထပ်ခါထပ်ခါပြောဆိုဆုံးမတယ်လို့ ကြားဘူးတယ်။ ဒီလိုပါပဲ ကသစ်ဝိုင်ဆရာတော်ကြီးလဲ တပည့်ယောဂီတွေအားလုံးကို တရားချီးမြှင့်ရာမှာ မမေ့အပ်တဲ့ အကြောင်းအရာတွေဆိုရင် ထပ်ခါထပ်ခါ ပြောဆို ဆုံးမ သတိပေးတတ်တယ်။ကိုယ့်အိမ်ကို ပြန်ကြပြီဆိုရင် သားကိစ္စ၊သမီးကိစ္စ၊ မြေးကိစ္စ၊မြစ်ကိစ္စတွေနဲ့ အလုပ်တွေရှုတ်နေတတ်ကြတာ၊ဘုံဆိုင်အလုပ်တွေပဲ၊ သံသရာလွတ်ကြောင်း ကိုယ်ပိုင်အလုပ်တွေကို မမေ့ကြဘို့၊ထပ်ခါထပ်ခါ မှာကြားဆုံး မတော်မူခဲ့ပါတယ်။ဆုတောင်းအမျှတွေဝေချိန်မှာတော့ ဂရုဏာအပြည့်ပါတဲ့ ဆရာတော်ရဲ့ အသံတော်ကြောင့် မျက်ရည်ဝဲကြရပါတယ်။


ဆရာတော်ရဲ့ မေတ္တာတရားကြီးမားပုံ၊ပုဗ္ပကိစ္စ ငြိမ်းချမ်းစေချင်ပုံ၊ဝေယျာဝစ္စ လုပ်တဲ့ ဒကာဒကာမတွေ မပင်ပန်းစေချင်ပုံတို့ဟာ ကသစ်ဝိုင်မှာ အလှူအတန်းလုပ်ပြီဆိုရင် ဆရာတော့်စိတ်ကို လေ့လာခန့်မှန်းလို့ရပါတယ်။ ကထိန်ပွဲ၊ဝါဆိုသင်္ကန်းကပ်ပွဲ၊ ဆရာတော် မွေးနေ့ပွဲ စသည်တို့ကို လုပ်မယ်ဆိုရင် တရားစခန်း အဖွင့်ရက်၊ သို့မဟုတ် အပိတ်ရက်နဲ့ ပေါင်းပြီး လုပ်လေ့လုပ်ထရှိပါတယ်။ခမ်းခမ်းနားနား မလုပ်စေပဲ အေးအေးချမ်းချမ်းနဲ့ တစ်ခါထဲ ကိစ္စပြီး ဆောင်ရွက်ပါတယ်။တိတ်ဆိတ် ငြိမ်သက်အေးချမ်မှုကို ဆရာတော်နှစ်သက်တော်မူပါတယ်။


ဆရာတော်ဟာ နာတာရှည်ရောဂါရလာပြီးနောက်ပိုင်း ဆွေမျိုးတွေအပေါ်မှာ သံယောဇဉ်တရား၊ မေတ္တာတရားကြီးမားပုံဟာလဲ ကြည်ညိုဖွယ်ရာပါပဲ။ ကျွန်တော် မြန်မာပြည်မှာရှိစဉ် ဆရာတော် ကျွန်တော်တို့အိမ်ကို ခဏခဏကြွလာပါတယ်။ သူမလာဖြစ်ရင် ဖုန်းဆက်ပြီးခေါ်ခိုင်းခြင်း၊သတင်းမေးခြင်း၊ ညီမဖြစ်သူ ဒေါ်အေးရီနဲ့ ရိပ်သာယောဂီတွေကို လွှတ်ပြီး သတင်းမေးခြင်းတွေ လုပ်ပါတယ်။ “ငါတို့အမျိုးထဲမှာ အသက်အကြီးဆုံး မှတ်ဥာဏ်အကောင်းဆုံး အမကြီးဆိုလို့ ဒီဒကာမကြီး တစ်ယောက်ပဲ ရှိတော့တာပစ်မထားကြနဲ့ဆိုပြီး” အမြဲသတိတရ ဖြစ်လေ့ရှိပါတယ်။


ဆရာတော်က ကျန်းမာရေးအရ အစားအသောက် တည့်သည်မတည့်သည်ကို ကျွန်တော်တို့အိမ်က မသိပေမဲ့ ဖွယ်ဖွယ်ရာရာ ဆရာတော်ကြိုက်တတ်တဲ့ ဆွမ်းဟင်းလေးများကပ်ပြီဆိုရင် အမကြီးရှေ့မှာ စိတ်ချမ်းသာအောင် ဘုန်းပေး တတ်တာ တွေ့ရပါတယ်။ ဆွမ်းဘုန်းပေးပြီးလဲ အိမ်သားတွေကို အမယ်အိုကြီးကို လုပ်ကျွေးပြုစုတာ မွန်မြတ်ပုံ၊ ကုသိုလ်အကျိုးများပုံ၊ ကျန်းမာရေးကအစ ဂရုစိုက်ပေးကြဖို့ တရားဟော၍ ဆိုဆုံးမခဲ့တာ အခုထက်ထိ အမှတ်ရ နေပါသေးတယ်။ ဆရာတော်ကို လှူဖွယ်ပစ္စည်းတွေ ဆက်ကပ်ပြန်ရင်လဲ အိမ်ကပြန်ကြွတာနဲ့ “ကျုပ်က သူဌေးဘုန်းကြီး၊ ဒကာမကြီးက အသက်ကြီးပြီ၊ ဒကာမကြီး ပြန်ယူထားလိုက်”ဆိုပြီး အမြဲပြန်စွန့်ခဲ့တာပါပဲ။ အိမ်ကိုကြွလာတဲ့အခါတိုင်းလဲ ကျွန်တော်တို့အဖွားအတွက် မုန့်ပုံးတွေ၊ အသီးအနှံတွေနဲ့ ကြွလာတတ်ပါတယ်။အဖွားဒေါ်အေးရီတို့ကိုလဲ“ဒီဒကာမတွေက ကျုပ်တို့အမျိုးအကြောင်း သိချင်လို့ရှိရင် ဘာမှမေးလို့မရဘူး၊ဒကာမကြီး မဒေါင်းပဲအကုန်သိတာ၊ ကဲ..ကဲ သိချင်တာတွေ ရောက်တုန်းမေးထားကြ” ဆိုပြီး အ ဖွားဒေါ်အေးရီရယ်၊ ကျွန်တော်တို့အဖွားရယ် ဆွေမျိုးတစ်သိုက် စကားလက်ဆုံ ကျနေပြီဆိုရင် ဆရာတော်က ပြုံးပြုံးကြီး ထိုင်ခုံပေါ်ကနေ နားထောင် နေလေ့ရှိပါတယ်။ ကျွန်တော်ဒီ နိုင်ငံကိုထွက်မလာခင်မှာလဲ ဆရာတော်က ဆုံးမစကားတွေတဝကြီးပြောလိုက်ပါသေးတယ်။ဆရာတော့်အကြောင်းတွေက ပြော ပြရင် ကုန်နိုင်ဖွယ်မရှိပါဘူး။နောက်ဆုံးအချိန်အထိ ဆရာတော်ဟာ အသက် ၉၈ နှစ် ရှိပြီဖြစ်တဲ့ ကျွန်တော်တို့အဖွားကို သတိတရ ရှိပုံလေးနဲ့ပြောရရင် ပြီးခဲ့တဲ့ နှစ်လလောက်က(နှစ်ဆန်းပိုင်းလောက်က) ဆရာတော်ဟာ အိပ်ယာထဲ လဲနေပြီ၊သတိရတချက် မရတချက် ဖြစ်နေပြီဆိုတာ အိမ်နဲ့ဖုန်းပြောတိုင်း ပြောပြလို့ စိတ်မကောင်းဖြစ်ရပါတယ်။ အဲ ဆရာတော်သတိရချိန်မှာ “ဒကာမကြီး မဒေါင်း နေကောင်းရဲ့လား၊ရှိကောရှိသေးလား သွားကြည့်ကြစမ်း” ဆိုပြီးခိုင်းလို့ အတွင်းရေးမှူး ဦးတင်အေး နဲ့ ဘုန်းကြီးတစ်ပါး သတင်းလာမေးကြကြောင်း အိမ်က ပြောလို့ သိလိုက်ရချိန်မှာ ဆရာတော်ရဲ့ မေတ္တာကြီးမားပုံကို အထူးပင် ကြည်ညိုလိုက်မိပါတော့တယ်။ ဆရာတော်ကြီး၏ သီလဂုဏ်၊သမာဓိဂုဏ်၊ ပညာဂုဏ် တို့ကို ဘုရားတပည့်တော် အဝေးမှနေ၍ ရှိခိုးပူဇော်လိုက်ရပါသည်ဘုရား။ ဆရာတော်ကြီး၏ဓါတ်ပုံများကို ကသစ်ဝိုင်ဓမ္မရိပ်သာ ဘလော့မှ ရယူပါသည်။

Thursday, March 19, 2009

ဆရာတော် ဘဒ္ဒန္တ ပဒုမ ပျံလွန်တော်မူခြင်း



ဒကာ၊ ဒကာမ၊ ယောဂီသူတော်စင် အပေါင်းတို့ ခင်ဗျား။

ပဲခူးတိုင်း၊ ပဲခူးမြို့ ။ အောင်မင်းခေါင်ကုန်းမြေ ကသစ်ဝိုင် ၀ိပဿနာဓမ္မ ရိပ်သာကြီး၏ ဦးစီးပဓါန နာယက ဆရာတော်ဖြစ်တော်မူသော ကျေးဇူးတော်ရှင် ဘဒ္ဒန္တပဒုမ ဆရာတော်ဘုရားကြီး သည် ယနေ့  မြန်မာသက္ကရာဇ် ၁၃၇၀ခုနှစ်၊ တပေါင်းလပြည့်ကျော် (၉)ရက်၊ ခရစ်နှစ် ၂၀၀၉ ခု၊ မတ်လ (၁၉)ရက်၊ ကြာသပတေးနေ့ ၊ ညနေ ၄ နာရီ၊ ၂၀ မိနစ်တွင် ဘ၀နတ်ထံပျံလွန်တော်မူသွားခဲ့ပြီဖြစ်ကြောင်း ရိပ်သာမှ အကြောင်းကြားခဲ့ပါတယ်ခင်ဗျား။

ဆရာတော်ကြီး၏ နောက်ဆုံး အန္တိမဈာပနကို မြန်မာသက္ကရာဇ် ၁၃၇၀ခုနှစ်၊ တန်ခူးလဆန်း (၂) ရက်၊ ခရစ်နှစ် ၂၀၀၉ ခု၊ မတ်လ (၂၇)ရက်နေ့ ၊ သောကြာနေ့  တွင် စီရင်ကျင်းပမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

အသေးစိတ်သတင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည်ခင်ဗျား။

Friday, March 13, 2009

နောက်ဆုံးရ ဆရာတော်ကြီး ကျန်းမာရေးသတင်း

ဆရာတော်ကြီးအား အခြေအနေတည်ငြိမ်မှုရှိစေရန် လိုအပ်သော ထိုးဆေးများထိုးပေးထားသဖြင့် ဆရာတော်မှာ အိပ်ပျော်လျက်ရှိနေပြီး တပည့် သံဃာတော်များ၊ သီလရှင်များ၊ ဒကာ၊ ဒကာမများမှ အနီးကပ် ကြည့်ရှု စောင့်ရှောက် ပေးလျက်ရှိနေကြောင်းသိရှိရပါသည်။

Tuesday, March 10, 2009

ကြားဖြတ်သတင်း

ယနေ့ နံနက်ပိုင်းတွင် ဆရာတော် ဦးပဒုမ၏ ကျန်းမာရေးအခြေအနေ စိုးရိမ်ရဖွယ်အခြေအနေသို့ ရောက်ရှိခဲ့သဖြင့် နယ်များမှ ဒကာရင်း၊ ဒကာမရင်းများအား ရိပ်သာသို့  အမြန်ဆုံးလာရောက်ကြရန် ပဲခူးရိပ်သာမှ အကြောင်းကြား ထားကြောင်းသိရှိရပါသည်။

ကျွန်တော်တို့ အနေဖြင့် ဆရာတော်ဘုရား ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာရန်နှင့် သက်ရှည် ကျန်းမာစွာဖြင့် သာသနာ့တာဝန် ဆက်လက်ထမ်းဆောင်နိုင်ရန် ဆန္ဒပြုဆုမွန်ကောင်း တောင်းအပ်ပါသည်ခင်ဗျား။

Monday, March 9, 2009

မူလကသစ်ဝိုင် ဆရာတော်ကြီး ၏ ထေရုပ္ပတ္တိအကျဉ်း (၃)

အရပ်တစ်ပါးသို့ ပညာရှာထွက်ခြင်း

ထို့နောက် ပခုက္ကူမြို့၊ မဟာဝိသုတာရာမတိုက် ဆရာတော်များထံတွင် ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာများကို (၃) နှစ်တိုင်တိုင် သင်ယူဆည်းပူးခဲ့၏။ ထိုစဉ်က ပခုက္ကူမြို့၊ မဟာ ဝိသုတာရာမကျောင်းတိုက်ကြီးအတွင်း၌ စာသင်သားရဟန်းသံဃာ ငါးရာကျော်ခန့်ရှိ၏။ ထိုကျောင်းတိုက်ကြီးကို အုပ်ချုပ်သော ဆရာတော်များမှာ အဂ္ဂမဟာပဏ္ဍိတဆရာတော် ဦးပညာ မဟာထေရ်၊ အဂ္ဂမဟာပဏ္ဍိတဆရာတော် ဦးနန္ဒဝံသ မဟာထေရ်၊ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇ မဟာရဋ္ဌဂုရု ဆရာတော် ဦးသုန္ဒရမဟာထေရ် တို့ဖြစ်ကြ၏။ ထိုဆရာတော်ကြီးများထံ၌ ပါဋ္ဌိတော် အဋ္ဌကထာ ဋီကာတို့ကို လိုက်စာအဖြစ်ဖြင့် သင်ကြားခွင့်ရခဲ့၏။ ရန်ကုန်မြို့၊ ဘုရားကြီးတိုက် အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဦးကောဏ္ဍညသည် ပခုက္ကူမြို့၌ သီတင်သုံးနေစဉ် အဘိဓမ္မာများကို ဆိုဝါများဖြင့်လည်းကောင်း၊ ပရိယတ်ပဋိပတ်တို့၌ အလွန်ကျော်ကြားတော်မူသော အဂ္ဂမဟာပဏ္ဍိတ အရှင်ဇနကာဘိဝံသ ထံ၌ နေ့ပိုင်း ဆိုဝါများဖြင့်လည်းကောင်း သင်ယူခဲ့ရာ ပိဋကတ် သုံးသွယ် နိကာယ်ငါးရပ်တို့ကို တဖက်ကမ်းပေါက်ရောက်တော်မူခဲ့၏။ ထို့ပြင် စာပေကျမ်းဂန် တို့တွင် ထူးချွန်တတ်မြောက်၍ အနေအထိုင် ဣနြေ္ဒရှိခြင်း၊ ဂါရဝတရားရှိခြင်း၊ တပည့်ဝတ် တရား ကျေပွန်သော ကသစ်ဝိုင် ဆရာတော် လောင်းလျာသည် ဆရာသမားများ၏ ချီးကျူး မိန့်ကြားခြင်းကို ခံရတော်မူလေ၏။

ဆိုဝါ။ ။ ရဟန်းတော်များ သင်ကြားလေ့လာရသော စာပေများသည် ဘုရားဟော ကျမ်းစာများဖြစ်၍ ပါဋ္ဌိဘာသာဖြင့် ရေးသားထားခြင်းဖြစ်သဖြင့် ခက်ခဲနက်နဲသော အဓိပ္ပါယ် အယူအဆအဆုံးအဖြတ်တို့ကို မသိရှိမီ ရှေးဦးစွာအနက်ခေါ်သော ဘာသာပြန်ကို သိရန်လိုအပ်၏။ ဆရာ့ထံတွင် စာတက်ကြသူ စာသင်သားတိုင်း အနက်ကိုသိပြီးသူမဟုတ်ကြသောကြောင့် စာချဆရာတော်သည် ရှေးဦးစွာအနက်ကိုချပေး၏။ စာဆိုသူက လိုက်၍ဆိုရ၏။ အခြားသော စာလိုက်သံဃာများက အသံမထွက်ဘဲ စိတ်ဖြင့်ဖြစ်စေ၊ ရေးမှတ်၍ဖြစ်စေ မှတ်သား ကြရ၏။ စာဆိုရဟန်းက ဆရာနှင့်အတူ ပထမတစ်ခေါက်လိုက်ပြီးနောက် ဒုတိယအခေါက်၌ ဆရာက စာချမပေးတော့ပါ၊ မိမိကိုယ်တိုင် အနက်ကိုဆိုရ၏။ အမှားအယွင်းပါလာမှသာ ဆရာက ထောက်မ၍ ပေးရလေ၏။ နောက်တနေ့တွင်မှ အနက်ချခဲ့သော ပါဋ္ဌိ၏ ခက်ခဲနက်နဲသော အဓိပ္ပါယ်တို့ကို စာချဆရာတော်က နည်းအမျိုးမျိုးတို့ဖြင့် ရှင်းလင်းမိန့်ကြားတော်မူလေ့ရှိ၏။

ထို့ကြောင့် စာချဆရာတို့သည် စာဆိုမည့် တပည့်ရဟန်းကို ဂရုစိုက်၍ ရွေးကြရ၏။ စာဆို ရဟန်းသည် မူလကပင် အသင့်အတင့်အနက်ထင်ပြီးဖြစ်၍ စာဉာဏ်ပေဉာဏ် အတော်အတန် ရှိမှသာ စာဆိုနိုင်မည်ဖြစ်တော့၏။ စာပေဗဟုသုနည်းသူကို စာဆိုခိုင်းမိသော စာချဆရာ နှင့် တပည့်သံဃာများ များစွာအခက်အခဲဖြစ်တတ်၏။ စာဆိုရဟန်းကို စာလိုက်သံဃာများ၏ ငြိုငြင်မှုကိုခံရတတ်၏။ စာဆိုပုပ္ပိုလ်သည် ကြွားဝါတတ်သော ရဟန်းဖြစ်လျှင်လည်း ဆရာအတွက် လွန်စွာအနှောင့်အယှက်ဖြစ်စေ၏။

ထို့ကြောင့် စာဆိုရဟန်းကို ရွေးချယ်ရာတွင် စာချဆရာနှင့် စာလိုက်သံဃာများအကြား ပေါင်းကူးသဖွယ် ဆောင်ရွက်နိုင်သူကို လေးနက်စွာဂရုပြုရွေးရ၏။ စာချဆရာက မေးခွန်းများမေး လျှင် စာဆိုသူသည် မဆိုင်းမတွဖြေဆိုနိုင်ရန် စာကို ပိုမို၍ဂရုစိုက်ရလေ၏။ တဖန် စာချဆရာ များက စာလိုက်မှန် စာတက်မှန်သော ရဟန်းကို ဆိုဝါပေးကြ၏။

အထက်ပါဂုဏ်အင်္ဂါအရည်အချင်းများနှင့် ပြည့်စုံလုံလောက်သဖြင့် ရဟန်းတော် အရှင်ရေဝတ သည် စာချဆရာနှင့် စာလိုက်သံဃာများ နှစ်ဦးနှစ်ဖက် အဆင်ပြေကျေနပ်မှုရအောင် စာဆို နိုင်စွမ်းရှိခဲ့သူ ရဟန်းတော်တစ်ပါးဖြစ်ခဲ့၏။

ဤသို့လျှင် ရဟန်း(၃)-ဝါ ရချိန်တွင် ပထမလတ်တန်းကို လွယ်ကူစွာ အောင်မြင်တော်မူခဲ့၏။ ထိုမှတဖန် မန္တလေးမြို့သို့ ပြောင်းရွှေ့ ၍ ရွှေရေးဆောင်တိုက် ဆရာတော်ဦးကြည်နှင့် ဦးပဏ္ဏဝ တို့ထံတွင်လည်းကောင်း၊ ဘုံကျော်တိုက်ဆရာတော် ဦးဃောသိတ ထံ၌လည်းကောင်း၊ ဘုရား ကြီးတိုက်ဆရာတော်ဦးနာရဒနှင့် ဟံသာဝတီဆရာတော် ဦးဣန္ဒာသဘတို့ထံ၌လည်းကောင်း ပဋိကတ်ကျမ်းစာ နေ့ဝါ ညဝါများကို အများဆုံး ထပ်မံသင်ယူခဲ့ပြန်လေသည်။ အမရပူရတောင်မြို့၌ ညဝါယမိုက်ကျမ်းနှင့် ပဋ္ဌာန်းကျမ်းတို့ကို သင်ယူခဲ့ပြီး သိက္ခာ (၆)-ဝါ ရသောအခါ အစိုးရ ပထမပြန်စာမေးပွဲ၌ ပထမကြီးတန်းကို ရည်မှန်းသည်ထက်လွယ်ကူစွာ အောင်မြင်ခဲ့၏။

Friday, March 6, 2009

မူလကသစ်ဝိုင် ဆရာတော်ကြီး ၏ ထေရုပ္ပတ္တိအကျဉ်း (၂)

သာမဏေဘဝသို့ရောက်ခြင်း

ဆရာတော်လောင်းလျာလေးသည် (၁၂) နှစ် အရွယ်ရောက်သောအခါ မိဘများက သားဦးရတနာကို အဗျားအထက်စု ကျောင်းဆရာတော် ဦးကလျာဏထံတွင် မင်္ဂလာပဗ္ဗဇ္ဇဘိသေကဖြင့် ဗုဒ္ဓမြတ်စွာ သာသနာအတွင်း ချီးမြှင့်ခြင်းမှု ကောင်းစွာပြုပြီးလျှင် ဆရာ့တော်ထံ အပ်နှံပြီးနောက် တပည့်ဖြစ်သော ရှင်သာမဏေငယ် “မောင်ရွှေဘ” ကို ဗုဒ္ဓဟူး သားဖြစ်သည့် အားလျော်စွာ နေ့သင့်နံသင့် “ရှင်ရေဝတ” ဟုဘွဲ့အမည် သတ်မှတ်ပေးအပ် ချီးမြှင့်ခဲ့ပါသည်။ ဆရာတော်၏မိဘများသည် ပစ္စည်းလေးပါးတို့ဖြင့် လိုလေသေးမရှိအောင် လှူဒါန်းစောင့်ရှောက်လျှက် ချီးမြှောက်ကြ၏။ ဆရာတော်သည် အလွန်အားနာတတ်၏၊ အနေအေးကာ စိတ်ချမ်းသာအောင်လည်း နေတတ်၏။ မိဘများကိုလည်း မပူပန်စေတတ်ပါ။


သာမဏေအဖြစ်သို့ ရောက်ပြီးနောက် ဆရာတော်ခြေရင်း၌ လောကီတန်းပညာ (၄)တန်း အောင်ပြီး လက်ထောက်ဆရာပြုလုပ်ကာ (၂)-ဝါ တိတိ ဆရာသမားကို အကူအညီပေး၍ နေထိုင်ခဲ့လေသည်။ ရှင်ရေဝတသည် (၁၄) နှစ်သား သာမဏေအရွယ်တွင် ကျိုက်ထိုမြို့ အနီး မရမ်းချိုကျောင်းတွင် ပညာဆက်လက်သင်၍ ရန်ကုန်မြို့၊ သရက်တောကျောင်းတိုက် အင်းဝ တောင်ကျောင်း ပထမကျော် ဆရာတော် ဦးကောသလ္လနှင့် ဦးဣန္ဒဝံသတို့ထံ၌ သဒ္ဒါသင်္ဂြိုလ် မှစ၍ နေ့ဝါ၊ ညဝါ သင်ရိုးကြီးအောက်စာများကို ကုန်စင်တတ်မြောက်အောင် သင်ယူခဲ့၏။ (၁၆) နှစ်သား ကိုရင်ဘဝဖြင့် အစိုးရပါဠိ ပထမပြန် စာမေးပွဲ ပထမ ငယ်တန်းကို အောင်မြင် ခဲ့ပြီး၊ အထက်ကျမ်းစာကြီးများကို သင်ယူခဲ့လေသည်။ သာမဏေ (၄)-ဝါ အရ၊ အသက် (၁၆) နှစ်အရွယ်သို့ ရောက်သောအခါ အစိုးရပါဋ္ဌိ ပထမပြန်စာမေးပွဲ၌ ပထမငယ်တန်းကို အလွယ် တကူ အောင်မြင်ပြီးမြောက်ခဲ့လေသည်။ ထို့နောက် အထက်ကျမ်းကြီးများကို အထူးကြိုးစား သင်ယူခဲ့လေသည်။ ဤသို့ ပညာရှာမှီးနေရင်း ဆရာတော်လောင်းလျာသည် အသက်နှစ်ဆယ် ပြည့်သဖြင့် ရဟန်းခံရမည့်အချိန်သို့ ရောက်ရှိခဲ့လေသည်။

မြင့်မြတ်သောရဟန်းဘဝသို့ရောက်ရှိခြင်း

၁၂၈၅-ခု၊ တပေါင်းလဆန်း (၅)ရက်၊ နံနက် (၁၀) နာရီအချိန်၌ ဖခမည်းတော်နှင့်မယ်တော်တို့ ၏ ပစ္စယာနုဂ္ဂဟကို ခံယူ၍ ကျိုက်ထိုမြို့၊ အဗျားအလယ်စုံရွာ၊ ရေသိမ်၌ ခရမ်းချိုဆရာတော် ဘုရားကြီးကို ဥပဇ္ဈာယ်ဆရာပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့၏။ ဆရာတော်သည် ညောင်လေးပင်မြို့ တောရကြီး ကျောင်းတိုက်ဆရာတော်ဦးအရိယဝံသကြီးမှုး၍ ကာရကသံဃာမြောက်မြားစွာတို့ဖြင့် ဒုတိယတစ်ကြိမ် ရေသိမ်၌ သိမ်ထပ်မင်္ဂလာပြုခဲ့၏။

Wednesday, March 4, 2009

မူလကသစ်ဝိုင် ဆရာတော်ကြီး ၏ ထေရုပ္ပတ္တိအကျဉ်း (၁)

ကျေးဇူးရှင် မူလ ကသစ်ဝိုင် ဆရာတော်ကြီး ဘဒ္ဒန္တရေဝတ၏ထေရုပ္ပတ္တိအကျဉ်း

ဆရာတော်ဖြစ်မည့် သားကောင်းရတနာသည် ၁၂၆၅-ခုနှစ်၊ နယုန်လဆန်း ဝန်းကျင်တွင် မယ်တော်ကြီး “ဒေါ်စိမ်းရင်” ၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေစွဲခဲ့ပါသည်။ ထိုအချိန် မယ်တော်တွင် ထူးထူးခြားခြား အိမ်မက်တစ်ခု မြင်မက်လေသည်။ အိမ်မက်မှာ အလွန်မွှေးကြိုင်၍ ပြည့်ဝ အရသာရှိလှသော ငှက်ပျောသီးကြီး တစ်လုံးကို နှစ်နှစ်ခြိုက်ခြိုက် အလွန်ဝမ်းမြောက်စွာ ကုန်အောင် စားလိုက်ရသည်ဟုမြင်မက်လေသည်။ မြန်မာပြည်တွင် “ကသစ်ဝိုင်” ဟု ထင်ရှား ကျော်ကြားလှသည့် သီလ၊ ဥမာဓိ၊ ပညာစသော၊ အကျင့်တရားတို့ နှင့် ပြည့်စုံပါသော ကျေးဇူးရှင် ဆရာတော်ဘုရားကြီးသည် ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ အဗျားအလယ်စုရွာ၌ ၁၂၆၅-ခု၊ ဖေဂ္ဂုဏီ နက္ခတ်နှင့်ယှဉ်သော တပေါင်းလဆန်း (၁၀) ရက်၊ ဗုဒ္ဓဟူးနေ့၊ နေ့ (၁၂) နာရီအချိန် တွင် ဖွားမြင်ခဲ့သည်ဟု မယ်တော်ကြီးကိုယ်တိုင်ပြောပြခဲ့ပါသည်။

ထူးခြားသော အတိတ်နိမိတ်

ကသစ်ဝိုင်ဆရာတော်ဖြစ်လာမည့် အာဇာနည်လောင်းလျာ သားကောင်းရတနာကလေးကို ဖွားမြင်ခါနီးတွင် ထူးခြားသောအတိတ်နိမိတ်များမှာ
  • အိမ်၏ ရှေ့၊ နောက်၊ တောင်၊ မြောက် တခွင်ပတ်ဝန်းကျင်၌ ကျီးများပြိုခြင်း၊
  • (၁၀) ရက်ခန့်က ရှာမတွေ့သော ပျောက်ဆုံးနေသော ခြံပေါက်ကျွဲကြီးတစ်ကောင်သည် သူငယ်လေး မွေးဖွားချိန်၌ အလိုလို အိမ်ခြံသို့ ပြန်ရောက်လာခြင်း၊
  • ရပ်ရွာတွင်းမှာလည်း ဆူညံနိမိတ်၊ အရိပ်မမြင်၊ တခဏမျှ ငြိမ်သက် အလွန်ပင် တိတ်ဆိတ်နေခြင်း၊
  • အလွန်မွှေးကြိုင်သော ရနံ့များ သင်းပျံ့ ခြင်း
စသောထူးခြားသည့် အတိတ်နိမိတ် တွေ့ ရှိရလေသောကြောင့် ပညာရှိများက၊ ဤသူငယ်ကလေးသည် သာမညမဟုတ် နောင်သောအခါ သာသနာမှာ ဩဇာအာဏာ တေဇာကြီးမား အလွန်ကျော်ကြားမည့် သာသနာ့ကျက်သရေဆောင် အရှင်တစ်ပါး ဖြစ်လိမ့်မည်ဟု နိမိတ် ဩဘာ စကားပြောကြားကြကုန်သည်။

ခမည်းတော် မယ်တော်နှင့် မွေးချင်းများ

ခမည်းတော်သည် ရှေးကုသိုလ်ကံအကျိုးပေးသန်သည့် “ဦးဘိုကံ” နှင့် စိတ်သဘောဖြူစင်သည့် ပူပင်သောက ကင်း၍ အေးချမ်းသောရုပ်ရည်ရှိသော မယ်တော် “ဒေါ်စိမ်းရင်” တို့ ဖြစ်ကြပါ သည်။ ခမည်းတော်၊ မယ်တော် တို့၏သားသမီး (၁၀)ယောက်တို့တွင် သားဦးရတနာကြီးဖြစ် ၍ နောင်အခါ သာသနာမှာ နေလအသွင် အလွန်ထင်ရှား၍ သာသနာ့အာဇာနည်ဖြစ်မည့် ဆရာတော်လောင်းလျာကလေးတစ်ပါး ဖြစ်ခဲ့ပါသည်။

ဆရာတော်တွင် မွေးချင်း (၁၀)ယောက်ရှိပြီး၊ (၂)ယောက်မှာ အမည်မမှည့်ခင် ငယ်စဉ်ကပင် ဆုံးသွားကြ၏။ ကျန် (၈)ဦးမှာ ၁-ဆရာတော်၊ ၂-ဦးဘိုးချစ်၊ ၃-မကြီး၊ ၄-မသိန်းညွှန့်၊ ၅-ကိုမောင်ခင်၊ ၆-မတင်၊ ၇-မဧကျင်၊ ၈-မအေး တို့ဖြစ်ကြ၏။ ဆရာတော်ပျံလွန်တော်မူချိန်တွင် မကြီးနှင့် မတင် နှစ်ယောက်သာ ကျန်တော့၏။

ငယ်စဉ်ဘဝ

ဆရာတော်လောင်းလျာ သူငယ်လေးသည် ငယ်ရွယ်စဉ် ကပင် ရောဂါ ဝေဒနာကင်းပြီး ဖြူစင်သန့်ရှင်း ညစ်ကြေးကင်းလျှက် ရွှေရောင်အဆင်းကဲ့သို့ ဝါဝင်းသော ကိုယ်ရေ ကိုယ်သား ရှိသည်ဖြစ်၍ မိဘ၊ ဘိုးဘွားများက ထိုသူငယ်လေးအား ငယ်အမည်ကို “မောင်ရွှေဘ” မှည့်ခေါ်ကြ လေသည်။ ဆွေမျိုးများသားချင်းများသာမက ရပ်သူရွာသားများ ကပါ လွန်စွာချစ်ခင်ကြလေသည်။

ဆရာတော်သည် ငယ်စဉ်ကပင် အနေအေးချမ်းလျှက် စိတ်ရင်းအလွန်ဖြူစင်သည့် သူငယ်ဖြစ် သဖြင့် သူတစ်ပါးအပေါ်၌ နိုင်ထက်နှိပ်စက်ညှဉ်းပန်းလိုသော စိတ်မရှိ၊ တစ်ပါး သူကိုလည်း စိတ်ဆင်းရဲအောင်လည်း မည်သူ့ကိုမျှမလုပ်ပေ။ ထူးခြားသည်မှာ ဟုတ်မှန်ရာကို မကြောက် မရွံ့နောက်မတွန့်စွာဖြင့် မှန်ကန်ရိုးသားစွာပြောဆိုတတ်သော အလေ့တစ်ခုရှိ၏။

သူငယ်တို့ သဘာဝအရပ်ထဲ၌ ကလေးများစု၍ကစားရာတွင်လည်း မောင်ရွှေဘသည် ဘုန်းကြီး အဖြစ်ဖြင့် ပါဝင်ကစားတတ်၏။ အပြစ်ပြုလုပ်မိမှာကိုပင် အလွန်စိုးကြောက်တော်မူ၏။ မယ်တော်မှလည်း တစ်စုံတစ်ခု ဆုံးမလိုလျှင် ငရဲကြီး ငရဲကြီးဟုဆို၍ တားမြစ်လျှင် ထိုအမှုကို ဘယ်တော့မှမပြုတော့ပါ။

ဆရာတော်လောင်းလျာသည် ငယ်စဉ်ကပင် တည်ငြိမ်သော ဣနြေ္ဒရှိသည့်အပြင် ရူပသမ္ပတ္တိ နှင့်ပြည့်စုံ၍ အကုသိုလ်မှုအပြစ်ဖြစ်မှာ လွန်စွာစက်ဆုပ်ရွံ့ရှာ ကြောက်တတ်လေသည်။ မိဘများကို စိတ်ဆင်းရဲအောင် မပူဆာတတ်၊ ငယ်စဉ်က ဖျားနာခြင်း ကင်းလျှက် ချမ်းချမ်းသာသာဖြင့်သာ ကြီးပြင်းလာခဲ့၏။


ပညာစတင်သင်ကြားခြင်း

အသက် (၈) နှစ်ခန့်သို့ရောက်သောအခါ ပညာသင်ကြားချိန်တွင် လောကီ၊ လောကုတ္တရာ ပညာအရပ်ရပ်တို့ဖြင့် ပြည့်စုံသော အဗျားအထက်စုကျောင်း ဆရာတော်ဦးကလျာဏထံတွင် စတင်ပညာသင်ကြားခဲ့၏။

အဗျားအထက်စုကျောင်း ဆရာတော်ဦးကလျာဏသည် လောကုတ္တရာကျမ်းစာ ဗဟုသုတနှင့် လောကီဂဏန်းအတတ်ကို ကျွမ်းကျင်စွာတတ်မြောက်သော ဆရာတော်တစ်ပါးဖြစ်၏။ ဆရာတော်၏ တပည့်များမှာ တိုက်စာရေးမှစ၍ မြို့ပိုင်၊ မြို့အုပ်ဖြစ်သွားသူများလည်းရှိကြ၏။

ဆရာတော်လောင်းလျာလေးသည် ထက်မြက်သော ဉဏ်ပါရမီအခံရှိပြီးသူဖြစ်၍ အတွက်အချက် ဂဏန်းပညာ အတတ်ကို ကျွမ်းကျင်စွာတတ်မြောက်၏။ အထူးသဖြင့် မြေတိုင်းစာရေးအတတ်ကို ကောင်းမွန်စွာ တတ်မြောက်၏။ သို့သော လောကီပညာရပ်များကို စိတ်ပါဝင်စားခြင်းမရှိခဲ့ပေ။ လောကုတ္တရာစာပေဖြစ်သော သင်္ဂြိုလ်ကျမ်းများကို အထူးကြိုးစား၍ သင်ကြားခဲ့ပါ၏။

ယောဂီများလိုက်နာရန် စည်းကမ်းချက်များ

ကသစ်ဝိုင်ဓမ္မရိပ်သာကြီး၏
တရားဝင်ရောက်မည့် ယောဂီများလိုက်နာကျင့်သုံးရမည့်
စည်းကမ်းချက်များ



၁. ဤတရားဌာနမှ ချမှတ်ပေးထားသော စည်းကမ်းချက်များကို တသွေမတိမ်း လိုက်နာကျင့်သုံးပါမည်ဟု၊ ဝန်ခံသော သူကိုသာလျှင် တရားဝင်ယောဂီအဖြစ် လက်ခံပါမည်။

၂. တရားဌာနတွင် နေသမျှရက်အတွင်း၌၊ အချိန်ပြည့်အားထုတ်နိုင်သူဖြစ်ရမည်။

၃. တရားအားထုတ်နေသော ယောဂီများသည် အကြောင်းထူးမရှိဘဲ အပြင်လူများနှင့် လုံးဝတွေ့ဆုံခွင့်မရှိပါ၊ ယောဂီ စောင့်ရှောက်သော ပုဂ္ဂိုလ်များ၏ တိုက်တွန်းစကားကိုသာ နားထောင်ကြရပါမည်။ တစ်နေရာမှ တစ်နေရာသို့ မသွားရပါ။

၎. တရားဝင်သောယောဂီများသည် အပြင်လူများနှင့် ခွဲခြားသိစေရန် ယောဂီတဘက်ကိုအမြဲတမ်း သိုင်းခြုံ၍ ထားရပါမည်။

၅. တရားအားထုတ်ရန် သတ်မှတ်ထားသော အချိန်တို့၌အိပ်နေခြင်း၊ စကားပြောနေခြင်း၊ အစာစားခြင်း၊ ရေချိုး အဝတ်လျော်ခြင်း စသော အမှုကိစ္စများကို လုံးဝမပြုလုပ်ရပါ၊ အထူးရှောင်ကြဉ်ကြရပါမည်။

၆. ဤတရားဌာနမှ ညွှန်ကြားထားသော ကမ္မဋ္ဌာန်းတရားကိုသာ ယုံကြည်လေးစားစွာဖြင့် ပွားများအားထုတ် ရပါမည်။ အခြားသော ကမ္မဋ္ဌာန်းကို ကူးပြောင်းအားထုတ်ခြင်း၊ စာဖတ်နေခြင်း၊ အချင်းချင်းတရားဟောခြင်း၊ သင်တန်းပေးခြင်း၊ ဘုရားရှိခိုး မေတ္တာပို့ ပုတီးစိပ်ခြင်း စသည်များမပြုလုပ်ရပါ။

၇. တရားအားထုတ်လိုသော ယောဂီသည် ရူးသွပ်နေသူ၊ အနာကြီးရောဂါရှိသူ၊ တရားကိုအချိန်ပြည့် အားမထုတ် နိုင်အောင်အိုသောသူ၊ နာသောသူတို့ကို လက်ခံခြင်းမပြုလုပ်နိုင်ပါ။

၈. တရားစစ်ဆေး ပြုပြင်ပေးရာတွင် စဉ်းစားဝေဖန် လုပ်ကြံခြင်းမပါစေဘဲ ဟုတ်တိုင်းမှန်စွာ ကိုယ်တွေ့ မြင်သော သဘောကိုသာ ပြောပြရပါမည်။

၉. တရားအားထုတ်နေသော ယောဂီသည် တရားအားမထုတ်နိုင်လောက်အောင် အကြောင်းတစုံတရာ ပေါ်ပေါက် ခဲ့သော် နာယကဆရာတော်နှင့် အမှုဆောင်လူကြီးများအား အသိပေးအကြောင်းကြားပြီးမှသာ ပြန်သွားရပါမည်။

၁၀. တရားအားထုတ်နေသော ယောဂီသည် တရားဌာနမှ ပေးသောတရား၊ ကျွေးသောအစား၊ ထားသောနေရာ အစရှိသည်တို့၌၊ ငြင်းဆန်ဝေဖန်မှုမပြုဘဲ တရားရရေးကိုသာရှေးရှုသောသူဖြစ်ခြင်း၊ နေရာတကာတို့၌ ပြောဆို ဆုံးမလွယ်ကူသောသူ၏ အဖြစ်၌တည်ခြင်း၊ အစရှိသော အကျိုးများရာ များကြောင်းဖြစ်သော ကုသိုလ်တရားတို့ ၌သာ စိတ်ဝယ်ထားလျှက် အထက်ဖေါ်ပြပါ စည်းကမ်းချက်များကို စွမ်းနိုင်သမျှ လိုက်နာကျင့်ဆောင်အားထုတ် နိုင်ရပါမည်။

ဤသို့ ဆိုအပ်ခဲ့ပြီးသော အချက် (ဆယ်ချက်) တို့ကို၊ လိုက်နာရန် ပျက်ကွက်ခဲ့သော် တရားဌာနမှ ထွက်ခွါသွားပြီးသားဖြစ်ရမည်။


အကျိုးတော်ဆောင်အဖွဲ့


ကသစ်ဝိုင်ဓမ္မရိပ်သာ၊ အောင်မင်းခေါင်ကုန်းမြေ၊ ပဲခူးမြို့ ။