ဆရာတော်ဦးပဒုမ သာသနာမပြုခင် ဟိုယခင်က ပဲခူးမြို့ရှိ အောင်မင်းခေါင်ကုန်းမြေဓမ္မရိပ်သာတွင် (မူလ)ကသစ်ဝိုင် ဆရာတော်ကြီး၏ တာဝန်ပေးချက်အရ ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တတေဇောသာရ အရှင်သူမြတ်က ကသစ်ဝိုင်ပဋိပတ္တိ သာသနာတော် တာဝန်များကို ထမ်းဆောင်၍ ကသစ်ဝိုင်ဓမ္မရိပ်သာ တရားဌာနသည် အရှိန်ကောင်းစွာဖြင့် တရားပတ်များ စဉ်ဆက်မပြတ် ဖွင့်ပေးနိုင်ခဲ့ပါသည်။
ကသစ်ဝိုင်ဝိပဿနာဓမ္မရိပ်သာကို စတင်တည်ထောင်၍ အောင်မင်းခေါင်ဓမ္မရိပ်သာ၏ ဦးစီးနာယကအဖြစ် ဘဒ္ဒန္တတေဇောသာရသည် ကမ္မဋ္ဌာနာစရိယအဖြစ် ဆောင်ရွက်တော်မူပါသည်။ ဆရာတော် ဦးတေဇောသာရသည် အရှိန်ယူကာစ ကသစ်ဝိုင်ဝိပဿနာဓမ္မရိပ်သာအား အပတ်တကုတ် ဟောဖေါ် ညွှန်ပြဆုံးမနေစဉ် ၁၃၂၉-ခုနှစ်၌ သက်တော် (၄၈) နှစ်၊ သိက္ခာတော် (၂၉) ဝါတွင် ခရီးလမ်းတွင် အစားမှားကာ ဝမ်းလျောဝမ်းပျက်ရောဂါဖြင့် ပျံလွန်တော်မူသွားခဲ့ပါသည်။
ဆရာတော်တေဇောသာရသည် မူလကသစ်ဝိုင်ဆရာတော်ကြီးထံတွင် ငယ်စဉ်မှစ၍ အခြေခံ စာပေတို့ကို လုံလောက်စွာသင်ယူရရှိခဲ့၏။ ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ကျုံတူကျောင်းတိုက်တွင် ကိုရင်ဘဝမှစ၍ (၅)ဝါ တိုင်တိုင် အခြေခံစာတို့ကို သင်ယူခဲ့၏။
ငါးပါးသာသနာဓမ္မရိပ်သာ
ပဲခူးမြို့ရှိ အောင်မင်းခေါင်ကုန်းမြေတွင် ကသစ်ဝိုင်ဝိပဿနာဓမ္မရိပ်သာကို စဉ်ဆက်မပြတ် ဆက်လက် ဖွင့်လှစ်နိုင်ရေး သာသနာတာဝန်ထမ်းဆောင်ရန်အတွက် ကျေးဇူးရှင်မူလကသစ်ဝိုင်ဆရာတော်ဘုရားကြီး ရည်ရွယ်ထားသည့် တပည့်ကြီးများမှာ-
၁. ဘဒ္ဒန္တအာစိဏ္ဏ၊ မုက္ခမူအုပ္ဖိုတောရဆရာတော်၊ ကျိုက်ထိုမြို့နယ်။၂. ဘဒ္ဒန္တဝေပုလ္လ၊ ဝါဆိုကျောင်းဆရာတော်၊ ပဲခူးမြို့နယ်။
၃. ဘဒ္ဒန္တဣန္ဒစာရ၊ ဘိုရားကြီးဆရာတော်၊ ကျိုက်ထိုမြို့နယ်။
၎. ဘဒ္ဒန္တပညာ၊ ခဝဲရွာဆရာတော်၊ ကျိုက်ထိုမြို့နယ်။
၅. ဘဒ္ဒန္တပဒုမ၊ မန်းကျောင်းဆရာတော်၊ သနပ်ပင်မြို့နယ်
ဆရာတော်တို့ ငါးပါးအား အစဉ်အဆက်ဖြင့် အလှည့်ကျတလှည့်စီ စောင့်ရှောက်ရမည်ဟူသော စည်းမျဉ်း ဥပဒေသတ်မှတ်ချက်ဖြင့် (မူလ)ကသစ်ဝိုင်ဆရာတော်ကြီးမှ တာဝန်အပ်နှင်းပါသည်။ တာဝန်ယူရသော ဆရာတော်များကလည်း သာသနာအတွက် သဘောတူ လက်ခံတော်မူကြပါသည်။
သာသနာ့တာဝန်အလှည့်ကျ
ဆရာတော်ငါးပါးသည် တစ်ပါးစီတာဝန်ယူကာ ကသစ်ဝိုင်ဝိပဿနာသာသနာအတွက် အားလုံးတွင် တာဝန်ရှိကြသည့်အတိုင်း တာဝန်ပေးမှမလွဲသာ၍ တာဝန်ယူရသည်ဟု မဖြစ်လိုကြသဖြင့် သဒ္ဓါအလျောက် တာဝန် ယူမည့် ဘဒ္ဒန္တပညာက ဆုံးဖြတ်ချက်ကို အကောင်အထည်ဖေါ်ပေးလိုက်ပါသည်။ အထက်ပါဆရာတော်ကြီး များ၏ ကမ္မဋ္ဌာနလုပ်ငန်းစဉ်တိုင်း ပေးအပ်ထားသော ဓမ္မရိပ်သာကြီးကို အရှိန်မပျက် တာဝန်ယူဦးဆောင်ပေးခဲ့ပါသည်။ ဆရာတော်တို့သည် အလှည့်ကျလာသည့် တာဝန်ကို(၃)ဝါမျှ သီတင်းသုံးကာ သာသနာတာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။
ထို့နောက်တွင် ကျေးဇူးရှင်ဆရာတော်ကြီး ချမှတ်ပေးသွားသော စည်းမျဉ်းဥပဒေသများ ချမှတ်ချက်အတိုင်း ကသစ်ဝိုင်သာသနာတာဝန်ကို ဒုတိယအလှည့်ကျတော်မူသော ဆရာတော်မှာ ဘဒ္ဒန္တဣန္ဒစာရဖြစ်ပါသည်။ ဆရာတော်သည် သာသနာအတွက် ဓမ္မရိပ်သာကြီးထိန်းသိမ်းရေးကို အာရုံထားလျက် တိုးတက်မှုများကို ဆောင်ရွက်နေစဉ် ဆန္ဒနှင့် ဘဝတထပ်တည်း မကျနိုင်သည့် သင်္ခါရတရားကြောင့် (၁၃၄၄)ခုနှစ်၊ သက်တော် (၆၆)နှစ်၊ သိက္ခာတော် (၄၇)ဝါ တွင် ပျံလွန်တော်မူခဲ့ပါသည်။
ဆရာတော်သည် ဝိနည်းသိက္ခာကို အလေးထားရိုသေစွာ သီတင်းသုံးတော်မူသဖြင့် လဇ္ဇီပေသလ သိက္ခာ တော်ဆောင် ဝိနည်းဓိုရ်ဆရာတော်ဟူ၍ ဒကာ၊ ဒကာမများ၏ အထူးကြည်ညိုလေးစားခဲ့ကြပါသည်။
အလှည့်ကျပြန်(၃)ပါးကျန်
သာသနာပြုဦးစားပေးအလှည့်ကျ ကျန်နေသော မုက္ခမူဆရာတော် ဘဒ္ဒန္တအာစိဏ္ဏ၊ ဝါဆိုဆရာတော် ဘဒ္ဒန္တ ဝေပုလ္လ၊ မန်းကျောင်းဆရာတော် ဘဒ္ဒန္တပဒုမ တို့ (၃)ပါးတို့ အလှည့်ယူရန် ဖြစ်ပါသည်။ ဆရာတော်သုံးပါး သည် တစ်ပါးတည်းပင်တိုင် တာဝန်ယူမှုမထားဘဲ ကာလသတ်မှတ်ချက်ဖြင့် အလှည့်ကျ တာဝန်ယူကြရန် အချင်းချင်း တိုင်ပင်သဘောတူထားကြပါသည်။ ကျောင်းပိုင်ရှင်ရှိကြသော်လည်း ဓမ္မရိပ်သာကြီးကိုပါ တာဝန်မယိုယွင်းရလေအောင် သတ်မှတ်ကာလများအတိုင်း တာဝန်ယူခဲ့ကြပါသည်။
သို့သော် ၁၃၄၅ခုနှစ်၊ တပို့တွဲလဆုတ်(၁၃)ရက် (၂၉-ဖေဖေါ်ဝါရီ-၁၉၈၄) တွင် သက်တော် (၇၄)နှစ်၊ သိက္ခာတော်(၅၅)ဝါ ရှိသော မုက္ခမူဆရာတော်ဘဒ္ဒန္တအာစိဏ္ဏနှင့် သက်တော် (၆၈) နှစ်၊ သိက္ခာတော်(၄၉)-ဝါရှိ ဝါဆိုဆရာတော် ဘဒ္ဒန္တဝေပုလ္လတို့သည် တစ်နေရာတည်းတွင် ပျံလွန်တော်မူ ခဲ့ပါသည်။ ထိုစဉ်ကဆရာတော်နှစ်ပါးသည် တရားပတ်အပြီး အပြန်လမ်းတွင် ဘုရားရဟန္တာတို့သော်မှ မလွန်ဆန်နိုင်သော ဝိဘတ် ကြမ္မာကို ဖြည့်ဆည်းကြရရှာသည်။ တရားပတ်တစ်ခုမှ အပြန်လမ်းခရီးတွင် ဆရာတော်တို့စီးနင်းလိုက်ပါလာသော လိုင်းကားသည် ရပ်ထားသော ကားကြီးတစ်စီး၏ ဓာတ်ဆီတိုင်ကီကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခါ ကားမီးလောင်လေ၏။ ထိုအချိန်တွင် လူအများကြားသို့ တိုးဝှေ့ကာ ပြေးမဆင်းတော့ဘဲ အများပြည်သူများကို ဦးစားပေး လိုသောမေတ္တာ၊ စေတနာတို့ဖြင့် တရားအမှတ်၊ တရားသတိနှင့်သာ သီတင်းသုံး၍ နေ၏။ ဒကာများက ဆင်းရန် လျှောက်ထားပါသော်လည်း အခြားသူများကို ဦးစားပေးကယ်ရန် မိန့်တော်မူခဲ့၏။ ထူးဆန်းသည်က ကားမီးလောင်ခံရစဉ် အရိုးကျချိန်၌ နွေရာသီတွင် ရုတ်တရက် မိုးကြီး ရွာချခဲ့ပါသည်။ မိုးသာမရွာခဲ့ပါလျှင် အရိုးမဆိုထားဘိ ပြာပင်မရနိုင်သော အခြေအနေ ဆိုးဆိုက်နေချိန်တွင် ဆရာတော်ကြီးနှစ်ပါး၏ သီလ၊ သမာဓိ၊ ဘာဝနာအရာကို အများပြည်သူတို့ ထူးခြားစွာ ဖူးမြှော်ကြည်ညိုခွင့်ရခဲ့ကြ၏။ ဒကာ၊ ဒကာမများမှာ ဆရာတော်ကြီးများ တပြိုင်တည်း ဆုံးရှုံးမှုကို ဖြည်မဆည်နိုင်အောင် ယူကျုံးမရဖြစ်ကြကာ ယနေ့တိုင် တသသဖြစ်နေကြရပါ၏။ ထိုသို့မျိုးဆက်သစ် သာသနာ့ဝန်ထမ်း ဆရာတော်ကြီးများတပြိုင်နက် ပျံလွန်တော်မူခြင်းသည် ကသစ်ဝိုင်ဝိပဿနာအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုပင် ဖြစ်ပါသည်။
ဆက်ပါအုံးမည်...