Tuesday, February 8, 2011

သိေဿာဝါဒ သံပေါက်လင်္ကာ

ကျေးဇူးရှင် (မူလ)ကသစ်ဝိုင်ဆရာတော်ဘုရားကြီးသည် ဂန္တဓူရ စာပေပို့ချစဉ်အခါ၌
သင်ကြားဆုံးမတော်မူခဲ့သော သိေဿာဝါဒ သံပေါက်လင်္ကာများ

ဗုဒ္ဓဂါရဝခဏ်း
  • ဘုရား၊ တရား၊ သံဃာအား စိတ်ထားဖြူနဲ့ ရှိခိုးကွဲ့။
  • သိေဿာဝါဒံ မျိုးကောင်းမှန် ဆောင်ရန်ကောင်းတဲ့ ကျက်လိုက်ကွဲ့။
  • ဘုရားဝိုင်းတွင် ခေါင်းခြုံတင် ရှောင်ကြဉ် ထီးနဲ့ ဘိနပ်ကွဲ့။
  • ရေချိုးထွေးနှပ် ကျင်နှစ်ရပ် စွန့်လတ်ဝိုင်းတဲ့ ရှောင်အုံးကွဲ့။
  • ဘုရားဝင်းရှောင် ဆယ့်နှစ်တောင် ထုတ်ဆောင်ပြောခဲ့ ရှောင်လိုက်ကွဲ့။
ဓမ္မနှင့် သံဃာ ဂါရဝခဏ်း
  • တရားဟောရာ နားစိုက်ပါ နေကွဲ့ငြိမ်စွာ မပြောနဲ့။
  • သံဃာ့သုံးဘိ လူတို့၏ ပရိဘောဂစေတီတဲ့၊ ထို့ကြောင့် ကျောင်းလာ မျိုးကောင်းမှာ မှန်စွာပြုကွဲ့ ပြစ်ကင်းမဲ့။
  • ခေါင်းခြုံဆောင်းထီး ဘိနပ်စီး ပယ်ပြီး ဝင်ခဲ့ ကျောင်းဝိုင်းတဲ့။
  • ဓားလက်နက်ပါ တူရိယာ တော်ရာ ထားခဲ့ ကျောင်းယူနဲ့။
  • ရေမွှေးနံ့သာ ဆွတ်လိမ်းလာ တော်ပါဘူးကွဲ့ ကျောင်းကန်နဲ့။
  • ပေရေချေးမှာ သုတ်ဆေးကာ တက်ပါ ကျောင်းနဲ့ ဖျာ ဇောတဲ့။
  • ကျောင်းပေါ်ရောက်လာ မြတ်ဗုဒ္ဓါ့ သံဃာကိုကွဲ့ ရှိခိုးတဲ့။
  • ရှိခိုးသောအခါ ဒူးလက်နှစ်ဖြာ နဖူးပါ ကြမ်းမှာ ထိကွဲ့ ထိ(၅)နဲ့။
  • ရှိခိုးပြီးခါ ခြောက်နေရာ ရှောင်ခွာနေကွဲ့ ဆည်းကပ်တဲ့။
  • ဝေး၊ နီး၊ လေညာ၊ ရှေ့နောက်မှာ မြင့်ရာ ရှောင်ကွဲ့ ခြောက်ရပ်တဲ့။
  • နောက်ခိုင်း ခြေဆင်း ပေါင်ကြိတ်စင်း ခြုံလျှင်းရှေ့ကွယ် မနေနဲ့။

Wednesday, December 29, 2010

သောင်းပြောင်းထွေလာ သံပေါက်စာများ အပိုင်း (၅)

မဟာစေတီ၊ ပဲခူးမြို့

နိဗ္ဗာန်လိုလား ယောဂီများ ကြိုးစားကျင့်ကြပါ။

ရုပ်နာမ်နှစ်ခု ဖြစ်ပျက်မှု မရှုသူဟာ
အသက်တရာ ရှည်မြင့်ကြာ၊ သူဟာ လူ့ငနွား။

ရုပ်နာမ်အပေါင်း ဖြစ်ပျက်ကြောင်း ကောင်းစွာရှုထား
ထိုသူဟာ အသက်တနေ့ နေသရွေ့ ခေါ်ဟေ့ လူသိကြား။

ငါလုပ် ငါရ၊ ငါသာပ ဒါမှ ငါ့တွက်တာ။

မောဟအကြိုက် နင်လိုလိုက် ငိုဟိုက်အပူပွါး။

ပြင်ပစီးပွါး သားမယား ငါကားမပိုင်ပါ။

ငါကားမပိုင် အများဆိုင် ဘုံဆိုင်လို့သာထားလိုက်ပါ။

ငါပြုတဲ့ကံ၊ ငါ့နောက်ထံ ရောက်ပြန်ဘဝလိုက်လေစွ။

ငါ ကိုယ်မဟုတ် ဒိဋ္ဌိပြုတ် ဇချုပ်နိဗ္ဗာန်နော်။


(၁၃၂၄)ခုနှစ်၊ ဝါခေါင်လဆန်းတွင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ
ကျေးဇူးတော်ရှင် ကသစ်ဝိုင်ဆရာတော် ဘဒ္ဒန္တ ပဒုမ
ရေးသားသီကုံးအပ်သော သောင်းပြောင်းထွေလာ သံပေါက်စာများ

Tuesday, November 23, 2010

သောင်းပြောင်းထွေလာ သံပေါက်စာများ အပိုင်း (၄)


“ပဲခူးမြို့ ရွှေသာလျောင်းရုပ်ပွါးတော်”

အကောင်းတွေ ချက်၊ ကျောင်းကိုထွက် နှစ်သက်မြိန်စွာစားကြတယ်။

ဒီလိုသာချက်၊ ကျောင်းကန်ထွက်၊ ပျော်ပွဲစားထွက်လို့သာဆိုချင်တယ်။

ကျောင်းကို ရောက်သော်၊ လူစုံနော် ဘယ်ပုံဘယ်ဒင်းပြောကြတယ်။

လုံးစုံမကျန် ပြောပြီးပြန် သီလခံကြတယ်။

မိရိုးဖလာ ရှိလို့သာ ဘာသာတရားယူကြတယ်။

ဥပုပ်ကိုစောင့်၊ စိတ်မဖြောင့် ကြောင့်ကြောင့်ကြကြရှိလှတယ်။

ဆိတ်ငြိမ်အရပ် တရားမှတ်၊ မပြတ်နေသင့်တယ်။

ဝါတွင်းဥပုပ်၊ လွန်ကြိုးကုတ် အားထုတ်သင့်လှတယ်။

(၁၃၂၄)ခုနှစ်၊ ဝါခေါင်လဆန်းတွင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင် ကသစ်ဝိုင်ဆရာတော် ဘဒ္ဒန္တ ပဒုမ
ရေးသားသီကုံးအပ်သော သောင်းပြောင်းထွေလာ သံပေါက်စာများ

Thursday, September 2, 2010

သောင်းပြောင်းထွေလာ သံပေါက်စာများ အပိုင်း (၃)

 ပဲခူးမြို့မှ သမိုင်းဝင် ရွှေမော်ဓောစေတီတော်မြတ်

ဖိုးစစ် မျိုးမှန်၊ တရားသံ၊ မြန်မြန်အိပ်သည့်ခေတ်။

ခုခေတ်ကာလ ညာ(လိမ်)ပေးမှ၊ သဘာဝကျသည့်ခေတ်။

ကျင့်ဝတ်တရား ဆုံးမငြား၊ နားခါးလေသည့်ခေတ်။

ကိုယ်လည်း မသိ ကျင့်နတ္ထိ၊ သိသူရှားသည့်ခေတ်။

တရားသံကြား ဝေးက သွား၊ ရှောင်ရှားလေသည့်ခေတ်။

ရုပ်ရှင် ဇာတ်ပွဲ ထိုရုံထဲ၊ မစဲလေသည့်ခေတ်။

မင်္ဂလာတရား ထိုစကား၊ ခေါင်းပါးလေသည့်ခေတ်။

သက်ကြီးစကား သယ်ငယ်ကား၊ ပယ်ရှားလေသည့်ခေတ်။

မဟုတ်မမှန် ခွန်းတုံ့ပြန်၊ နှုတ်လှန်ထိုးသည့်ခေတ်။

အစစ်ကိုရှောင် အတုဆောင်၊ ယောင်ဆောင်ပေါသည့်ခေတ်။

ဆေးဝါးကုသူ ရဟန်းမူ၊ လှူသူပေါသည့်ခေတ်။

ဗေဒင်ဓါတ်ရိုက် နတ်စိမ်းတိုက်၊ အကြိုက်တွေ့သည့်ခေတ်။

သံသရာ နောင်ရေး ဘေးမတွေး၊ လှူပေးလေသည့်ခေတ်။

ကျောင်းဝင်းမြိုင်မြိုင်၊ ရေဒီယိုကိုင်၊ ကျောင်းထိုင်လေသည့်ခေတ်။

သံသရာကျွတ်တန်း၊ မရည်မှန်း၊ ရဟန်းခံလေသည့်ခေတ်။

သင်္ကန်းသပိတ်၊ ကျောင်းတွင်းသိပ်၊ ပိတ်၍ထားသည့်ခေတ်။

တပည့်တပန်း မပေးကမ်း၊ ငမ်းငမ်းတက်သည့်ခေတ်။

ကျောင်းထိုင်ဆရာတော် အမည်ပေါ်၊ ဂုဏ်နော်များသည့်ခေတ်။

ဓာတ်စက်မပါ အလှူမှာ ဆရာ-ပါမကြိုက်သည့်ခေတ်။

အိုးစည်ဗုံမောင်း တပြောင်းပြောင်း၊ ကျောင်းမှာဆူသည့်ခေတ်။

ဒကာလျှောက်ကြား ထိုစကား၊ မှန်ပါ့ဘုရားလိုက်သည့်ခေတ်။

တောလက်ကျေးရွာ ကျောင်းတိုင်းမှာ စာပေရှားသည့်ခေတ်။

ဘုရားအကြိုက် ငါမလိုက်၊ ဒကာအကြိုက်လိုက်သည့်ခေတ်။

ဆရာကျေးဇူး၊ ဂုဏ်အထူး၊ မေ့မူးလေသည့်ခေတ်။ 

မိဘနှစ်ပါး ပုဂ္ဂိုလ်များ ပစ်ထားလေသည့်ခေတ်။

အရက်ထိုထို သောက်စားမြို၊ ဆိုရှယ်ကျသည့်ခေတ်။

ရောင်းရေး ဝယ်ရေး မှန်မပေး၊ အလေးခိုးသည့်ခေတ်။

ပိတ်ဖြူစလွယ် အရပ်လည်၊ ဆန် လည်တောင်းသည့်ခေတ်။

(၁၃၂၄)ခုနှစ်၊ ဝါခေါင်လဆန်းတွင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင် ကသစ်ဝိုင်ဆရာတော် ဘဒ္ဒန္တ ပဒုမ 
ရေးသားသီကုံးအပ်သော သောင်းပြောင်းထွေလာ သံပေါက်စာများ

Monday, August 30, 2010

သောင်းပြောင်းထွေလာ သံပေါက်စာများ အပိုင်း (၂)


ဥပုလ်စောင့်သွား၊ အိုလူသား ဘာများ နင်ကျင့်တယ်။

ကြက် ဝက် ဆိတ် ငါး ချက်ခါ သွား၊ ငါကား ကျောင်းထွက်တယ်။

ကျောင်းကန်ကိုရောက်၊ ဟိုဒီလျှောက် တစ်ယောက်တစ်ပေါက် ပြောကြတယ်။

ရုပ်နာမ် အစု ဖြစ်ပျက်မှု၊ မရှုပဲသာ နေကြတယ်။

သူများ ကျွေးလှူ ဗိုက်တွေပူ၊ စူနေအောင်သာ စားခဲ့တယ်။ 

ပုတီးကို ချိတ်၊ နေကုန်အိပ်၊ တိတ်ဆိတ်စွာသာ နေကြတယ်။

စားချိန်ရောက်သော် တစ်ကြော်ကြော် အော်ခေါ်လို့သာ ရှိကြတယ်။

နေကုန် မိုးချုပ် အိမ်ပြန်သုတ်၊ ဥပုပ်သည်လို့ ခေါ်ကြတယ်။

Tuesday, August 10, 2010

သောင်းပြောင်းထွေလာ သံပေါက်စာများ အပိုင်း (၁)


မသေခင်ချစ်၊ သေလျှင်ပြစ်၊ စင်စစ် တွေးတောထား။ 

မသေခင်သုံး၊ သေလျှင်မုန်း၊ လုံးလုံးနှလုံးပွါး။

မသေခင် ပေါင်း၊ သေလျှင် ခေါင်း အကြောင်းဤသို့များ။ 

မသေခင် ရုပ်၊ သေလျှင် ပုပ်၊ “ငါ” ဟုတ်သေးရဲ့လား။

မသေခင် ထုတ်၊ သေလျှင် မြုပ် ဒါ ရုပ် ဒါ နာမ်လား။

မသေခင် မွှေး၊ သေလျှင် ပြေး၊ ဘယ်ရေးမလှပါ။
မသေခင် ဆို၊ သေလျှင် ငို ငါ့ကိုယ် ဟုတ်သလား။
မသေခင် ကြံ၊ သေလျှင် ခံ ဖန်ဖန် နင်တွေးထား။

မသေခင် ခေါ်၊ သေလျှင် အော် “ငါ” နော်အပုပ်ပဲ။ 

မသေခင် လှ၊ သေလျှင် ပွ၊ ဘာမျှ မကောင်း ရုပ်အလောင်း။
မသေခင် ထား၊ သေလျှင် သွား “ငါ” ကား ကိုယ်ပိုင်မရှိပါ။ 

ရုပ်နာမ်မထင် ထိုသူလျှင် ပါယ်ခွင်ရောက်လိမ့်များ။

(၁၃၂၄)ခုနှစ်၊ ဝါခေါင်လဆန်းတွင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင် ကသစ်ဝိုင်ဆရာတော် ဘဒ္ဒန္တ ပဒုမ 
ရေးသားသီကုံးအပ်သော သောင်းပြောင်းထွေလာ သံပေါက်စာများ

Friday, August 6, 2010

ဆရာတော်ဘဒ္ဒန္တပဒုမ၏ ထေရုပတ္တိ (နိဂုံး)

သာသနာ့တာဝန်များကို ကိုယ်ကျိုးမဖက် အနစ်နာခံကာ ကြိုးစားဆောင်ရွက်တော်မူခဲ့ကာ နောက်ပိုင်းနှစ်များတွင် နေထိုင်မကောင်းမှုများ မကြာခဏဖြစ်ခဲ့ပြီးနောက် ဆရာတော်ဦးပဒုမသည် (၁၃၇၀)ခုနှစ် တပေါင်းလဆုတ် (၉)ရက်၊ (၁၉-မတ်-၂၀၀၉) ကြာသပတေးနေ့ ညနေ (၄း၂၀) မိနစ် အချိန်တွင် ပဲခူးမြို့၊ အောင်မင်းခေါင်ကုန်းမြေ၊ ကသစ်ဝိုင်ဓမ္မရိပ်သာကြီး၌ တစ်ဘဝခန္ဓာ ဇာတ်သိမ်းတော်မူခဲ့ပါသည်။

တင့်တယ် လျှောက်ပတ် ပူဇော်ကြ
ဆရာတော်ကြီး၏ ဥတုဇရုပ်လောင်းစံကျောင်းတော်၌ သီတင်းသုံးစဉ် ဓမ္မကထိကများ ပင့်ဆောင်၍ တရားပွဲကြီးကို သုံးညတိုင်တိုင် ကျင်းပပြုလုပ် ပူဇော်ကြပါသည်။  ဆရာတော်ကြီး၏ ဥတုဇရုပ်လောင်းတော်ကို (၁၃၇၀)ခုနှစ် နှောင်းတန်ခူးလဆန်း (၂)ရက်၊ (၂၇-မတ်-၂၀၀၉) သောကြာနေ့တွင် ကြီးကျယ်ခမ်းနားစွာ တပည့်သံဃာ သီလရှင် ယောဂီ ဆွေတော်မျိုးတော်၊ မြို့သူ မြို့သား ပရိတ်သတ်တို့သည် ဆရာတော်ကြီး၏ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သော သနပ်ပင်မြို့ အောက်စုရပ်ကွက်ရှိ သုဿန်၌ လျောက်ပတ်တင့်တယ်စွာ မီးသင်္ဂြိုလ် ပူဇော်ကြပါသည်။

(၁၃၇၀)ခုနှစ် နှောင်းတန်ခူးလဆန်း (၁၃)ရက်၊ (၇-ဧပြီလ-၂၀၀၉) အင်္ဂါနေ့တွင် ရန်ကုန်တိုင်း ဦးတင်လှိုင်+(ဒေါ်ခင်စန်းကြည်)မိသားစုတို့မှ ဦးဆောင်မတည်၍ တပည့်ဒါယကာ ဒါယိကာမများက မန်းကျောင်းတိုက် ဓမ္မရိပ်သာ၌ ဘုရားအမှူးရှိသော ထေရ်သံဃာအရှင်မြတ်များနှင့် ဧည့်ပရိတ်သတ်တို့အား ဆွမ်းအစရှိသော ဒါတဗ္ဗဝတ္ထုအစုစုတို့ကို လှူဒါန်းကြပြီး ဓမ္မာနုဂ္ဂဟ အမျှတန်းပေးဝေကာ တရားဖြင့် ကျေးဇူးဆပ်ပူဇော်ကြပါသည်။
နေ့ (၁)နာရီ အချိန်တွင် စစ်တောင်းမြစ် မြစ်လက်တက် တူးမြောင်း သနပ်ပင်ချောင်းတွင် ခမ်းခမ်းနားနား တင့်တယ်စွာ စုပေါင်း၍ သရီရဓာတူဒက အရိုးဓာတ်ပြာမျှော ပူဇော်ပွဲကို ကျင်းပပြုလုပ်ကြပါသည်။

ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး၏ တစ်ဘဝနိဂုံး ပြီးဆုံးပါသော်လည်း ဆရာတော်ဘုရားကြီး၏ အရိပ်၊ ဆုံးမသြဝါဒ၊ ပြုခဲ့သော သာသနာအပေါ် ကြည်ညိုဖွယ်ရာ ကောင်းလှပါပေသည်။ သရီရဓာတူဒက အရိုးဓာတ်ပြာရေမျှောပူဇော်ပွဲ စည်ကားသိုက်မြိုက်ဖြစ်မြောက်အောင် ဦးဆောင်မတည်ပေးသော ဆရာတော်၏ တပည့်များဖြစ်သော ရန်ကုန်မြို့မှ ဦးတင်လှိုင်+ဒေါ်ခင်စန်းကြည် မိသားစုတို့နှင့် တပည့်ဒကာ ဒကာများအားလုံး၏ ကျေးဇူးသိတတ်မှုကို မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
 သနပ်မြို့၊ မန်းကျောင်းတိုက်အတွင်းဝယ် ဆရာတော်ဦးပဒုမ သီတင်းသုံးနေထိုင်ခဲ့သော ကျောင်းတိုက်။