Monday, March 9, 2009

မူလကသစ်ဝိုင် ဆရာတော်ကြီး ၏ ထေရုပ္ပတ္တိအကျဉ်း (၃)

အရပ်တစ်ပါးသို့ ပညာရှာထွက်ခြင်း

ထို့နောက် ပခုက္ကူမြို့၊ မဟာဝိသုတာရာမတိုက် ဆရာတော်များထံတွင် ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာများကို (၃) နှစ်တိုင်တိုင် သင်ယူဆည်းပူးခဲ့၏။ ထိုစဉ်က ပခုက္ကူမြို့၊ မဟာ ဝိသုတာရာမကျောင်းတိုက်ကြီးအတွင်း၌ စာသင်သားရဟန်းသံဃာ ငါးရာကျော်ခန့်ရှိ၏။ ထိုကျောင်းတိုက်ကြီးကို အုပ်ချုပ်သော ဆရာတော်များမှာ အဂ္ဂမဟာပဏ္ဍိတဆရာတော် ဦးပညာ မဟာထေရ်၊ အဂ္ဂမဟာပဏ္ဍိတဆရာတော် ဦးနန္ဒဝံသ မဟာထေရ်၊ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇ မဟာရဋ္ဌဂုရု ဆရာတော် ဦးသုန္ဒရမဟာထေရ် တို့ဖြစ်ကြ၏။ ထိုဆရာတော်ကြီးများထံ၌ ပါဋ္ဌိတော် အဋ္ဌကထာ ဋီကာတို့ကို လိုက်စာအဖြစ်ဖြင့် သင်ကြားခွင့်ရခဲ့၏။ ရန်ကုန်မြို့၊ ဘုရားကြီးတိုက် အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဦးကောဏ္ဍညသည် ပခုက္ကူမြို့၌ သီတင်သုံးနေစဉ် အဘိဓမ္မာများကို ဆိုဝါများဖြင့်လည်းကောင်း၊ ပရိယတ်ပဋိပတ်တို့၌ အလွန်ကျော်ကြားတော်မူသော အဂ္ဂမဟာပဏ္ဍိတ အရှင်ဇနကာဘိဝံသ ထံ၌ နေ့ပိုင်း ဆိုဝါများဖြင့်လည်းကောင်း သင်ယူခဲ့ရာ ပိဋကတ် သုံးသွယ် နိကာယ်ငါးရပ်တို့ကို တဖက်ကမ်းပေါက်ရောက်တော်မူခဲ့၏။ ထို့ပြင် စာပေကျမ်းဂန် တို့တွင် ထူးချွန်တတ်မြောက်၍ အနေအထိုင် ဣနြေ္ဒရှိခြင်း၊ ဂါရဝတရားရှိခြင်း၊ တပည့်ဝတ် တရား ကျေပွန်သော ကသစ်ဝိုင် ဆရာတော် လောင်းလျာသည် ဆရာသမားများ၏ ချီးကျူး မိန့်ကြားခြင်းကို ခံရတော်မူလေ၏။

ဆိုဝါ။ ။ ရဟန်းတော်များ သင်ကြားလေ့လာရသော စာပေများသည် ဘုရားဟော ကျမ်းစာများဖြစ်၍ ပါဋ္ဌိဘာသာဖြင့် ရေးသားထားခြင်းဖြစ်သဖြင့် ခက်ခဲနက်နဲသော အဓိပ္ပါယ် အယူအဆအဆုံးအဖြတ်တို့ကို မသိရှိမီ ရှေးဦးစွာအနက်ခေါ်သော ဘာသာပြန်ကို သိရန်လိုအပ်၏။ ဆရာ့ထံတွင် စာတက်ကြသူ စာသင်သားတိုင်း အနက်ကိုသိပြီးသူမဟုတ်ကြသောကြောင့် စာချဆရာတော်သည် ရှေးဦးစွာအနက်ကိုချပေး၏။ စာဆိုသူက လိုက်၍ဆိုရ၏။ အခြားသော စာလိုက်သံဃာများက အသံမထွက်ဘဲ စိတ်ဖြင့်ဖြစ်စေ၊ ရေးမှတ်၍ဖြစ်စေ မှတ်သား ကြရ၏။ စာဆိုရဟန်းက ဆရာနှင့်အတူ ပထမတစ်ခေါက်လိုက်ပြီးနောက် ဒုတိယအခေါက်၌ ဆရာက စာချမပေးတော့ပါ၊ မိမိကိုယ်တိုင် အနက်ကိုဆိုရ၏။ အမှားအယွင်းပါလာမှသာ ဆရာက ထောက်မ၍ ပေးရလေ၏။ နောက်တနေ့တွင်မှ အနက်ချခဲ့သော ပါဋ္ဌိ၏ ခက်ခဲနက်နဲသော အဓိပ္ပါယ်တို့ကို စာချဆရာတော်က နည်းအမျိုးမျိုးတို့ဖြင့် ရှင်းလင်းမိန့်ကြားတော်မူလေ့ရှိ၏။

ထို့ကြောင့် စာချဆရာတို့သည် စာဆိုမည့် တပည့်ရဟန်းကို ဂရုစိုက်၍ ရွေးကြရ၏။ စာဆို ရဟန်းသည် မူလကပင် အသင့်အတင့်အနက်ထင်ပြီးဖြစ်၍ စာဉာဏ်ပေဉာဏ် အတော်အတန် ရှိမှသာ စာဆိုနိုင်မည်ဖြစ်တော့၏။ စာပေဗဟုသုနည်းသူကို စာဆိုခိုင်းမိသော စာချဆရာ နှင့် တပည့်သံဃာများ များစွာအခက်အခဲဖြစ်တတ်၏။ စာဆိုရဟန်းကို စာလိုက်သံဃာများ၏ ငြိုငြင်မှုကိုခံရတတ်၏။ စာဆိုပုပ္ပိုလ်သည် ကြွားဝါတတ်သော ရဟန်းဖြစ်လျှင်လည်း ဆရာအတွက် လွန်စွာအနှောင့်အယှက်ဖြစ်စေ၏။

ထို့ကြောင့် စာဆိုရဟန်းကို ရွေးချယ်ရာတွင် စာချဆရာနှင့် စာလိုက်သံဃာများအကြား ပေါင်းကူးသဖွယ် ဆောင်ရွက်နိုင်သူကို လေးနက်စွာဂရုပြုရွေးရ၏။ စာချဆရာက မေးခွန်းများမေး လျှင် စာဆိုသူသည် မဆိုင်းမတွဖြေဆိုနိုင်ရန် စာကို ပိုမို၍ဂရုစိုက်ရလေ၏။ တဖန် စာချဆရာ များက စာလိုက်မှန် စာတက်မှန်သော ရဟန်းကို ဆိုဝါပေးကြ၏။

အထက်ပါဂုဏ်အင်္ဂါအရည်အချင်းများနှင့် ပြည့်စုံလုံလောက်သဖြင့် ရဟန်းတော် အရှင်ရေဝတ သည် စာချဆရာနှင့် စာလိုက်သံဃာများ နှစ်ဦးနှစ်ဖက် အဆင်ပြေကျေနပ်မှုရအောင် စာဆို နိုင်စွမ်းရှိခဲ့သူ ရဟန်းတော်တစ်ပါးဖြစ်ခဲ့၏။

ဤသို့လျှင် ရဟန်း(၃)-ဝါ ရချိန်တွင် ပထမလတ်တန်းကို လွယ်ကူစွာ အောင်မြင်တော်မူခဲ့၏။ ထိုမှတဖန် မန္တလေးမြို့သို့ ပြောင်းရွှေ့ ၍ ရွှေရေးဆောင်တိုက် ဆရာတော်ဦးကြည်နှင့် ဦးပဏ္ဏဝ တို့ထံတွင်လည်းကောင်း၊ ဘုံကျော်တိုက်ဆရာတော် ဦးဃောသိတ ထံ၌လည်းကောင်း၊ ဘုရား ကြီးတိုက်ဆရာတော်ဦးနာရဒနှင့် ဟံသာဝတီဆရာတော် ဦးဣန္ဒာသဘတို့ထံ၌လည်းကောင်း ပဋိကတ်ကျမ်းစာ နေ့ဝါ ညဝါများကို အများဆုံး ထပ်မံသင်ယူခဲ့ပြန်လေသည်။ အမရပူရတောင်မြို့၌ ညဝါယမိုက်ကျမ်းနှင့် ပဋ္ဌာန်းကျမ်းတို့ကို သင်ယူခဲ့ပြီး သိက္ခာ (၆)-ဝါ ရသောအခါ အစိုးရ ပထမပြန်စာမေးပွဲ၌ ပထမကြီးတန်းကို ရည်မှန်းသည်ထက်လွယ်ကူစွာ အောင်မြင်ခဲ့၏။

No comments: