Friday, May 8, 2009

နည်းပြ ဝိပဿနာ သင်ခဏ်းစာ အပိုင်း (၁)

သာသနာတော် သက္ကရာဇ် ၂၅၁၀ ခု၊
ကောဇာ သက္ကရာဇ် ၁၃၂၈ ခု၊
ကျေးဇူးရှင်ကသစ်ဝိုင် ဆရာတော်ဘုရားကြီး၏
အန္တေဝါသိက တပည့်ရင်းဖြစ်သော
ပဲခူးမြို့၊ ကသစ်ဝိုင်ဓမ္မရိပ်သာ ၌
သီတင်းသုံး နေထိုင်တော်မူသော
ကမ္မဋ္ဌာနာစရိယ အရှင်တေဇောသာရ
ရေးသားအပ်သော
နည်းပြ ဝိပဿနာ သင်ခဏ်းစာ
၁၃၂၈ ခု၊ နယုန်လ။

နည်းပြ ဝိပဿနာ သင်ခဏ်းစာအလုပ်ပေးစကားအတိုချုပ်
မိမိစိတ်ဖြင့် မိမိကိုယ်ပေါ်၌ ဖြစ်ပေါ်တာကို အမြဲမပြတ် ရှုမှတ်နေတဲ့အလုပ်သည် ဝိပဿနာအလုပ်ဟူ၍ ခေါ်ပါတယ်။ အကျယ်နည်းနည်း ချဲ့ပြောပြပါအုံးမယ်။
မိမိစိတ်နှင့် ရှုမှတ်နေရပါမယ်။ ကိုယ်နှင့်လုပ်လို့ မရပါ။ နှုတ်နဲ့ ရွတ်ဆိုပြီး စီးဖြန်းနေလို့မရပါ။အနိစ္စ၊ ဒုက္ခ၊ အနတ္တ ပါးစပ်မှ ရွတ်ဆိုပြီး ပုတီးစိတ်နေခြင်းသည်လည်း ဝိပဿနာအလုပ် မဟုတ်ပါ။ ဝိပဿနာ အလုပ်ကို ကိုယ် နှင့် နှုတ် လုပ်လို့မရပါဘူး။ ဝိပဿနာ အလုပ်ဆိုတာ စိတ်နဲ့လုပ်မှ ရ၏။ ကိစ္စပြီး၏။ ကိုယ်ဖြင့် လုပ်လဲမရ၊ နှုတ်ဖြင့်ရွတ်ဖတ်ပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တစသည်ဖြင့် စီးဖြန်းနေလို့လဲမရပါဘူးနော်။ ဒါကြောင့် ဝိပဿနာ အလုပ်ဆိုတာ အဇ္ဈတ္တကို ရှုမှတ်ခြင်းကိစ္စက ပဓာန လိုရင်းအချုပ်ပါ၊ အဇ္ဈတ္တကို ရှုမှတ်ခြင်းကိစ္စပြီးဆုံးခဲ့သော် အလုံးစုံသော အဇ္ဈတ္တရောဗဟိဒ္ဓရော အတိတ်-အနာဂတ်-ပစ္စုပ္ပန်-ကာလ သုံးပါးမှာရှိတဲ့ ရုပ်နာမ် တွေကို အလုံးစုံရှုမှတ်ခြင်းကိစ္စ ပြီးစီးတယ်ဆိုတာမှတ်ပါ။
ကိုယ်ဆိုတဲ့နေရာမှာ ကိုယ်ဆိုသည်မှာ အပ်ဖျားလေးနဲ့ဖြစ်စေ၊ စူးလေးနဲ့ဖြစ်စေ၊ တစ်စုံတစ်ခုသော အရာဝတ္ထုဖြင့် ဖြစ်စေ ထိလို့ သိတဲ့နေရာ အရပ်မှန်သမျှကို ဝိပဿနာရှုမှတ်တဲ့အလုပ်မှာ ကိုယ်ဟူ၍ မှတ်ကြပါ။ တစ်စုံတစ်ခုသော ဝတ္ထုဖြင့် ထိလို့မသိတဲ့ ဆံပင်၊ ခြေသည်း၊ လက်သည်း စသည်တို့ကို ကိုယ်ဟူ၍ မခေါ်ရပါဘူး။ ကိုယ်ဆိုရင် တစ်ကိုယ်လုံးကို ဆိုလိုပါတယ်။ ဒီလောက်ဆိုရင် ကိုယ်ဆိုတာကို ယောဂီတို့ သဘောပေါက်ကြပါပြီ။
ယောဂီတို့ ကိုယ်ဆိုတာ သိပြီဆိုရင် မျက်လွှာလေးအသာချပြီး ခန္ဓာဥာဏ်စိုက်လိုက်ရအောင်။ ခန္ဓာဥာဏ်စိုက်ပြီး ကိုယ်က ပေါ်ဒါကို မှတ်နေရပါမယ်။ ခန္ဓာကိုယ်ကြီးကို မြင်နေရင် ဒါဆိုအမှတ်မှား နေပါတယ်။ ဖြစ်တာ ပေါ်ဒါ ဖြစ်ပေါ်ဒါ အတူတူလို့မှတ်။ မှတ်-ဆိုတဲ့ စကား၊ ရှု-ဆိုတဲ့စကား နှင့် သိ-ဆိုတဲ့စကား ဒီစကားလုံးသုံးနှုန်းများကို အတူတူလို့သာ မှတ်ကြပါ။
ကိုယ်မှာ ပေါ်ဒါကို မှတ်တာတော့ ဟုတ်ပါပြီ၊ ပေါ်ဒါက ဘယ်နှစ်မျိုးပေါ်တတ်သလဲဆိုရင် (၅)မျိုး ပေါ်တတ်တယ် ဆိုတာ သေချာစွာ မှတ်ပါ။ (၅) မျိုး က ဘာတွေလဲဆိုရင်
၁) ပူဒါ
၂) အေးဒါ
၃) လှုပ်ထာ
၎) ဆင်းရဲဒါ
၅) ချမ်းသာဒါ
ပေါ်ဓာတ် (၅) မျိုး လို့လဲခေါ်တယ်။ အလုပ်ဓာတ်လို့လဲခေါ်တယ်။ ယောဂီတို့ ရှုမှတ်ရန်တရား ငါးမျိုးဖြစ်ပါတယ်။ ဒီ (၅) မျိုးအပြင် မှတ်ရမှာမရှိပါ။ ပေါ်ဒါ ငါးမျိုးသည် တစ်ကိုယ်လုံးမှာ ပေါ်တတ်ပါတယ်။
ကိုယ်မှာ ပူဒါ ပေါ်လာရင် “ပူဒါ က ပူဒါ” လို့မှတ်ပါ။ ပူဒါ ကို သိနေပါ။ (ပူဒါ) အသား၊ အရေ၊ လက်၊ ခြေ၊ ငါ၊ ကိုယ်၊ ငါ့ကိုယ် က ပူနေဒါ မဟုတ်ပါ။ ပူဒါ က ပူဒါပါ။ ပူဒါပေါ်လို့ ပူပါတယ် လို့မှတ်နေပါ။ သိနေပါ။ မှတ်နေပါ။ ယခုလို ဥာဏ်အမြင်နဲ့ ကျတော့ ရှင်းသွားပါတယ်။ အေးဒါ နှင့် လှုပ်ထာ မှာလဲ အေးဒါ အေးဒါ၊ လှုပ်ထာ က လှုပ်ထာ လို့သာမှတ်ရပါမယ်။ အသားအရေ က အေးဒါ၊ လှုပ်ထာလို့ မမှတ်ရပါ။ ကိုယ်မှာ ပေါ်တာတစ်မျိုးမျိုးကို မှတ်ရပါမယ်။ ငါ့ကိုယ်က အေးဒါ လှုပ်ထာလို့ မမှတ်ရပါဘူး။မပေါ်ခင်လည်း လိုက်မရှာရပါဘူး။ ပေါ်တာကိုလည်း စောင့်ရတာမျိုးမဟုတ်ပါဘူး။ဒါဖြင့် ပူဒါ၊ အေးဒါ၊ လှုပ်ထာက တခြား၊ လက်က တခြား၊ ပုဒါ၊ အေးဒါ၊ လှုပ်ထာ က တခြား၊ အသားက တခြား၊ ပူဒါ၊ အေးဒါ၊ လှုပ်ထာက တခြား၊ ခြေထောက်က တခြား၊ ငါက တခြား၊ ကိုယ်က တခြား။ တခြားစီပါ၊ မရောပါဘူး။
(မရောဘဲ တခြားစီနေဒါ ကွဲပြားနေဒါကို ဥာဏ်မှာသိပါစေ)။ ဥာဏ်မှာ ကွဲကွဲပြားပြား သိအောင် ကြိုးစားရှုမှတ်အားထုတ်ကြပါလို့ အားပေးတိုက်တွန်းပါတယ်။
ဆက်ရန်.....

No comments: