Thursday, December 25, 2008

ရတနာသုံးပါး ဂုဏ်တော်များ (အပိုင်း ၁)




ကျေးဇူးတော်ရှင် မူလကသစ်ဝိုင်ဆရာတော်ဘုရား ရေးသားစီရင်တော်မူခဲ့သော
ဘုရားဂုဏ်တော် မြန်မာပြန်
ဘုရားဂုဏ်တော် (၉)ပါး ဘုရားရှိခိုး
ဣတိပိသော ဘဂ၀ါ အရဟံ၊
သမ္မာ သမ္ဗုဒ္ဓေါ၊
ဝိဇ္ဇာ စရဏ သမ္ပန္နော၊
သုဂတော၊
လောက၀ိဒူ၊
အနုတ္တရောပုရိသ ဓမ္မသာရထိ၊
သတ္တာဒေ၀မနုဿနံ၊
ဗုဒ္ဓေါ၊
ဘဂ၀ါ။
အရဟံဂုဏ်တော် အဖွင့်
ပစ္စေကဗုဒ္ဓါ ရဟန္တာတို့သော်မှ မပယ်နိုင်ရှာသည့် ဝါသနာအိုး ကိလေသာဆိုး အပူမျိုးတို့မှ အလွန့် အလွန် ပြတ်စဲဝေးကွာတော်မူလှသည်၏ အဖြစ်ကြောင့် အရဟံ ဂုဏ်ထူးဖြင့် ချီးကျူး ခြင်း ငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
တစ်ထောင့်ငါးရာ ကိလေသာမှန် သူပုန်ရန်တို့ကို ဝါသနာပါမကျန်အောင် လေးတန်သော မဂ်လက်နက်ဖြင့် တွန်းလှန်ဖြိုဖျက်တော်မူနိုင်သည်၏ အဖြစ်ကြောင့်လည်း အရဟံ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
အဝိဇ္ဇာပုံတောင်း ဆယ်ချောင်းကန့်ထောက် အို သေ ပျောက်ထာ အကွပ်ထားပြီး လှည်းဘီးပမာ စက်သံသရာ ၏ ဆယ်ဖြာသော အကန့်ထောက်ဆံတို့ကို မလည်နိုင်လောက်အောင်ပစ်ချိုးပြီး ဖျက်ဆီးပယ်နိုင်သည်၏ အဖြစ်ကြောင့်လည်း အရဟံ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
အလှူခံအမြတ်ဆုံးဖြစ်၍ လူသုံးဦးတို့ အထူးပူဇော် အလှူတော်အမျိုးမျိုးကို ကောင်းကျိုးဖြစ်စေရန် အလှူခံတော်မူထိုက်သည်၏ အဖြစ်ကြောင့်လည်း အရဟံ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
ပညာရှိယောင်ယောင် ဟန်ဆောင်သူယုတ်မာများကဲ့သို့ မကောင်းမှု အကုသိုလ် ပြုလုပ်စရာ ဆိတ်ကွယ်ရာ အရပ်မရှိသည်၏ အဖြစ်ကြောင့်လည်း အရဟံ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
သင်္ကန်းစွန်းကိုင်ခါ ထက်ကြပ်မကွာ နောက်တော်က လိုက်ပါငြားသော်လည်း တရားပျက်ပြား ကြသည့် သူယုတ်မာများနှင့် အလွန်တစ်ရာဝေးကွာခြားတော်မူသည်၏ အဖြစ်ကြောင့်လည်း အရဟံဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
ယူဇနာတစ်ရာ ဘုရားနှင့် ဝေးကွာခြားပါသော်လည်း တရားမြင်ကြသည့် သူတော်စင်တို့နှင့် အလွန်တရာပင် နီးကပ်နေတော်မူသည်၏ အဖြစ်ကြောင့်လည်း အရဟံ ဂုဏ်ထူးဖြင့် ချီးကျူး ခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
မကောင်းကျိုးလည်းဆောင် ကမ္မဋ္ဌာန်းဘောင်နှင့်လည်း ဆန့်ကျင်ပါသဖြင့် သူတော်စင်တို့အကျင့် ပြည့်စုံ ဘို့ရာဝေးစွာကပင် ပယ်စွန့်ထားအပ်သည့် အကုသိုလ်တရား မရှိငြားသည်၏ အဖြစ်ကြောင့်လည်း အရဟံ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
တရားကိုမြင်ကြသည့် အရိယာအရှင် ကလျာဏပုထုဇဉ်တို့ အမြဲပင်မပြတ် မစွန့်အပ် မစွန့်နိုင်သည်၏အဖြစ် ကြောင့်လည်း အရဟံ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
ဘဝသံသရာမှာ တဖန် ပြောင်းရွေ့သွားလာခြင်း မရှိသည်၏ အဖြစ်ကြောင့်လည်း အရဟံ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
ဘုရားဂုဏ်အရပ်ရပ်ကို ခွဲခြားဝေဖန်၍ ဟောတော်မူအပ်သည်ရှိသော် ဘုရားကိုယ်တော်တောင်မှ ဂုဏ်တော် ကို ကုန်စင်အောင် မဟောနိုင်ပါကလားဟု ပညာရှိအများချီးမွမ်းပြောကြားအပ်သည်၏ အဖြစ်ကြောင့်လည်း အရဟံ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
သမ္မာသမ္ဗုဒ္ဓေါဂုဏ်တော် အဖွင့်
ကိစ္စလေးပါး ခွဲဝေငြား၍ လေးပါးသစ္စာ ညေယျအဖြာဖြာကို လက်ပေါ်မှာတင်ထားသည့် မျက်ရှင်ပတ္တမြား ကဲ့သို့ ထင်ရှားပိုင်ပိုင် ကိုယ်တော်တိုင်သာလျှင် တပ်အပ်ထင်ထင် အကုန်သိမြင်တော်မူနိုင်သည်၏ အဖြစ် ကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
တရားတစ်ခု လေးခုသစ္စာ ဝေဖန်ကာဖြင့် စိတ်ဖြာပေါင်းစည်း အစဉ်မှီးပြီး တစ်ကြိမ်တည်းသာ လိုရာမကျန် ဖေါက်ပြန်မရှိ မိမိအလိုလိုသာလျှင် တပ်အပ်ထင်ထင် အကုန်သိမြင်တော်မူနိုင်သည်၏ အဖြစ်ကြောင့်လည်း သမ္မာသမ္ဗုဒ္ဓဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
ဝိဇ္ဇာစရဏသမ္ပန္နောဂုဏ်တော် အဖွင့်
အကျဉ်းး
မိမိနှင့်ဆိုင်ရာကို ပိုင်နိုင်စွာ သိနိုင်သည့် သုံးပါး-ရှစ်ပါး ဝိဇ္ဇာဉာဏ်၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းတရား စရဏတစ်ဆယ့်ငါးပါးနှင့်ပြည့်စုံလုံလောက်တော်မူသည်၏ အဖြစ်ကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
အကျယ်း ရှေးဘဝက နေအပ်ခဲ့ဘူးသော ခန္ဓာအစဉ်ကို လိုသလိုသိမြင်နိုင်သည့် ပုဗ္ဗေနိဝါသာ နုဿတိဉာဏ်၊ အာသဝေါလေးတန် အမှန်ကုန်ခမ်း စေနိုင်သည့် အာသဝက္ခယဉာဏ်၊ အဝေးကွယ်ရာ သိမ်မွေ့နူးညံ့လှစွာသော အဆင်းကို လိုသလိုမြင်နိုင်သည့် ဒိဗ္ဗစက္ခုဉာဏ်၊ ဤဉာဏ်သုံးတန်သော ဝိဇ္ဇာဉာဏ်တို့နှင့် ပြည့်စုံ လုံလောက်သည်၏ အဖြစ်ကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
အဝေးကွယ်ရာ သိမ်မွေ့ နူးညံ့လှစွာသော အသံကို လိုသလိုကြားနိုင်သည့် ဒိဗ္ဗသောတဉာဏ်၊ သူတစ်ပါး၏စိတ်ကို လိုသလိုသိမြင်နိုင်သည့် ပရစိတ္တ ဝိဇာနနဉာဏ်၊ ဉာဏ်ပေါင်းစုံပေးလျက် ရင့်ကျက် နက်နဲ ခက်ခဲ သိမ်မွေ့ပါသဖြင့် သူတကာနှင့်မတူ နည်းမျိုးစုံ ရှုနိုင်သည့် ဝိပဿနာဉာဏ်၊ တန်ခိုးအမျိုးမျိုး တို့ကို လိုသလိုဖန်ဆင်းနိုင်သည့် ဣဒ္ဓိဝိဓဉာဏ်၊ မိမိကိုယ်တွင်းမှာ ခန္ဓာကိုယ်တစ်ခုကို ဈာန်စိတ်ဖြင့် ပြုလုပ်နိုင်သည့် မနောမယသိဒ္ဓိဉာဏ် ဤရှစ်တန်သော ဝိဇ္ဇာဉာဏ်တို့နှင့် ပြည့်စုံ လုံလောက်တော်မူသည်၏ အဖြစ်ကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
သီလမျိုးစုံ လုံခြုံတော်မူသည့် သီလသံဝရဂုဏ်၊ ဣနြေ္ဒခြောက်ပါး တံခါးခြောက်ပေါက်၌ အကုသိုလ် မဝင်နိုင်လောက်အောင် စောင့်ရှောက်တော်မူနိုင်သည့် ဣနြ္ဒိယဂုတ္တဒွါရတာဂုဏ်၊ ကောင်းမြတ်သော အာဟာရ၌သော်လည်း အတိုင်းအရှည်ကို သိတော်မူလေ့ရှိသည့် ဘောဇနေမတ္တညုတဂုဏ်၊ မိုးသောက်ယံကို သုံးပုံပုံကာ အလယ်အပုံ၌သာ ကျိန်းစက်တော်မူပါသဖြင့် နိုးကြားထကြွ လုံ့ လရှိတော်မူသည့် ဇာဂရိယာနုယောဂဂုဏ်၊ သဒ္ဓါ သတိ ဟိရိ ဩတ္တပ္ပဗာဟုဿစ္စ ဝိရိယ ပညာ သူတော်ကောင်းတရား (၇)ဖြာကိုယ်တော်မှာရှိသည့် သဒ္ဓမ္မဉာဏ်၊ ရူပဈာန်လေးဖြာ ကိုယ်တော်မှာရှိသည့် ဈာနိကဂုဏ်၊ ဤဂုဏ်တစ်ဆယ့်ငါး စရဏတရားနှင့် ပြည့်စုံ လုံလောက်တော်မူသည်၏ အဖြစ်ကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
သုဂတောဂုဏ်တော် အဖွင့်
တင့်တယ်သန့်ရှင်း အပြစ်ကင်းသည့် အရိယာမဂ်တည်းဟူသော သွားခြင်းဖြင့် ဘယ်သင်းတစ်ခု တွယ်တာ ခြင်းမပြုဘဲ နိဗ္ဗူနန်းသို့ကြွမြန်းတော်မူသည်၏ အဖြစ်ကြောင့် သုဂတ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
မကောင်းဟူသမျှ ဒုက္ခသင်္ခါရ မဖြစ်ပါသဖြင့် ဘေးကင်းရာမှန်သည့် အမတပြည်နိဗ္ဗာန်သို့ ဧကန်ကြွသွား တော်မူတတ်သည်၏ အဖြစ်ကြောင့်လည်း သုဂတ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
ထိုထိုမဂ်ဖြင့် ပယ်ဖြတ်ကိလေ နောက်တခါ ပြန်မလာစေဘဲ ရန်သူတွေကင်းကွာ၍ ကောင်းမွန်စွာကြွသွား တော်မူတတ်သည်၏ အဖြစ်ကြောင့် သုဂတ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
နိယတဗျာဒိတ်ပန်းကို ဆင်မြန်းသည်ကစ၍ ဗောဓိပင်နှင့်ရွှေပလ္လင်ရသည့်တိုင်အောင် သဿတ ဥစ္ဆေဒဒိဋ္ဌိ တွေပြုတ်၍ အယုတ်တရား နုယောဂနှစ်ပါးသို့ မကပ်ငြားပါဘဲ ကောင်းမွန်စွာ ကြွသွားတော်မူတတ်သည်၏ အဖြစ်ကြောင့်လည်း သုဂတ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
စကားဆိုရန် ခွန်းခြောက်တန်တွင် ဟုတ်မှန်ကြောင်းကျိုး မမြတ်နိုးအပ် မြတ်နိုးအပ်သည့် နှစ်ရပ်သော စကားကိုသာ ကောင်းမွန်စွာ ပြောဆိုတော်မူတတ်သည်၏ အဖြစ်ကြောင့်လည်း သုဂတ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
လက္ခဏတော်ကြီး လက္ခဏတော်ငယ် ကိုယ်တော်ဝယ်ပြည့်စုံပါ၍ တုန်လှုပ်ဆွဲငင် ချွတ်လျှင်နှိပ်ကြွား ကောက်ငြားရောထွေး အပြစ်ဝေးပါသဖြင့် ကောင်းမွန်တင့်တယ်စွာ ကိုယ်တော်၏ ကြွသွားတော်မူခြင်းနှင့် ဝေနေယျအများစီပွါးဖြစ်ထွန်းစေနိုင်သည့် ဉာဏ်တော်၏သွားလာခြင်းရှိတော်မူသည်၏ အဖြစ်ကြောင့်လည်း သုဂတ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
လောကဝိဒူ ဂုဏ်တော် အဖွင့်
သတ္တဝါဘုံအမျိုးမျိုး ဖြစ်ပျက်နေပုံနှင့် သင်္ခါရခေါ်တုံသည့် ရုပ်နာမ်အကုန် ပရမတ်ဖြစ်ပျက်နေပုံ အမျိုးစုံကို အကုန်အစင် ဉာဏ်ပေါ်မှာတင်၍ သိမြင်တော်မူသည်၏ အဖြစ်ကြောင့်လည်း လောကဝိဒူ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
သတ္တောကာသ သင်္ခါရဟု လောကသုံးခွင် ဘုံအပြင်ကို ကုန်စင်ခြင်းရာ လိုသလိုသာလျှင် အလင်းထင်ပေါ်သိ မြင်တော်မူသည်၏ အဖြစ်ကြောင့်လည်း လောကဝိဒူ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
အနုတ္တရော ပုရိသဒမ္မသာရထိ ဂုဏ်တော် အဖွင့်
ယဉ်ကျေးပြီးသူ နတ်လူဗြဟ္မာ သတ္တဝါတို့ကို ဣရိယာတစ်ပါးတည်းဝယ် ရှစ်သွယ်သမာပတ် နိရောဓ သမာပတ် နိဗ္ဗာန်ရပ်သို့ ပြေးသွားနိုင်လတ်အောင် ဒေသနာဆောင်ပြု၍ ဆုံးမမှုဝယ် အတုမရှိ အမြတ်ဆုံး အသာဆုံးဖြစ်တော်မူသည်၏ အဖြစ်ကြောင့် အနုတ္တရော ပုရိသဒမ္မသာရထိ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
သတ္တာ ဒေဝမနုဿနံ ဂုဏ်တော် အဖွင့်
လူနတ် နိဗ္ဗာန် သုံးတန်ချမ်းသာ လျော်စွာ ပြလတ်၍ ဆုံးမတော်မူတတ်ပါသဖြင့် လူနတ်တို့အရှင် ဆရာသခင်ဦးထိပ်တင်ကြီး ဖြစ်တော်မူသည်၏ အဖြစ်ကြောင့်လည်း သတ္တာဒေဝမနုဿာန ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
လှည်းမှုးကြီးပမာ နတ်လူဗြဟ္မာ သတ္တဝါတို့ကို အိုနာသေရေး ဒုက္ခစုံရောထွေးသည့် ကန္တာရကြီး သံသရာခရီးမှ အမတပြည်ကြီးသို့ ဦးစီးခေါင်းဆောင်၍ ရောက်အောင်ပို့ဆောင်တော်မူသည်၏ အဖြစ်ကြောင့်လည်း သတ္တာဒေဝမနုဿာန ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
ဗုဒ္ဓဂုဏ်တော် အဖွင့်
သစ္စာလေးတန် တရားမှန်ကို ဧကန်သိပေ များဝေနေကိုလည်း ခရီးနှေးသုံးလှမ်း အမြန်တလှမ်းဖြင့် ကြွမြန်း တော်မူလတ်၍ သိစေတော်မူတတ်သည်၏ အဖြစ်ကြောင့်လည်း ဗုဒ္ဓ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
ဝါသနာတွင်း မှောင်အလွန်ပြင်းသည့် မောဟတည်းဟူသော အိပ်ပျော်ခြင်းမှ နှိုးမည့်သူကင်း၍ လင်းချိန် ရောက်ပြန် ဧကန်ပင် နှိုးတော်မူတတ်သည်၏ အဖြစ်ကြောင့်လည်း ဗုဒ္ဓ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
ဘဂဝါဂုဏ်တော် အဖွင့်
လောကီ၊ လောကုတ္တရာ ချမ်းသာနှစ်မျိုး ဖွံ့ဖြိုးဝေလှိုင်၍ မတုနိုင်စေရန် ကျိုးပေးသန်လှသည့် ဘုန်းကံတန်ခိုး ထိပ်တန်းစား ပါရမီမျိုးရှိတော်မူသည်၏ အဖြစ်ကြောင့် ဘဂဝါ ဂုဏ်ထူး ဖြင့် ချီးကျူးခြင်းငှာ ထိုက်တော် မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
ဒေဝပုတ္တ ကိလေသနှင့် အဘိသင်္ခါရ ခန္ဓ မစ္စု မာရ်ငါးခုကို တစ်ခုမကျန် ဧကန် ဖျက်ဆီး ပြီးတော်မူသည်၏ အဖြစ်ကြောင့်လည်း ဘဂဝါ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
ရှစ်ဖြာသော လောကီတန်ခိုး စိတ်တော်ကို ပိုင်စိုးနိုင်သည့် “ဣဿရိယ“ ဘုန်းတော်၊ တရား လောကုတ္တရာ ကိုယ်တော်မှာ ရှိသည့် “ဓမ္မ”ဘုန်းတော်၊ ဘဝဂ်ဘုံမဆန့်အောင် ဂုဏ်သတင်း ပြန့်သင်း၍ သန့်ရှင်းကျော်ကြားတော်မူသည့် “ယသ”ဘုန်းတော်၊ လက္ခဏာကြီးငယ် ကိုယ်တော်ဝယ် တင့်တယ်လှပပါသဖြင့် ဖူးလို့ပင် မဝနိုင်သည့် “သီရိ” ဘုန်းတော်၊ မိမိသူတစ်ပါး အကျိုး စီးပွါး ကိုလိုသလိုပြီးစေနိုင်သည့် “ကာမ” ဘုန်းတော်၊ ဝိရိယပါရမီဖြစ်၍ မဂ်မှာတည်ဘိ သဖြင့် ဝိရိယခေါ်သည့် “ပယတ္တ”ဘုန်းတော်၊ ဤဘုန်းတော်ခြောက်စုံအံ့မကုန်နိုင်သည့် ဂုဏ်တော်တို့ နှင့် ပြည့်စုံတော်မူသည်၏ အဖြစ်ကြောင့်လည်း ဘဂဝါဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော် မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
အလုံးစုံသော တရားဓမ္မကို ကုသလာဒိဘေဒတသွယ် ထိုဝယ်တစ်ခါ ခန္ဓာဒိဘေဒဆွယ်၍ လေးသွယ်သစ္စာ တစ်ဆယ့်ခြောက်ဖြာ ဝေဖန်ခါဖြင့် ဒေသနာဖြန့်ဖြူး၍ ရောင်ခြည်တော်ကွန့်မြူးအောင် အထူးပင်သုံးသပ် လျက် တာဝတိံသာနတ်ပြည်ကြီး၌ မယ်တော်မိနတ်သား အမှုးထား၍ ဟောကြားတော်မူအပ်သည်၏ အဖြစ် ကြောင့်လည်း ဘဂဝါ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
ဒိဗ္ဗ ဗြဟ္မ အရိယဝိဟာရနှင့် ကာယ၊ စိတ္တ၊ ဥပဓိဝိဝေသုံးထွေဝိမောက္ခ ဥတ္တရိမနုဿ ခေါ်ဆိုကြသည့် ဈာန်မဂ်ဖိုလ်ကို လိုသလိုသာလျှင် များစွာမှီဝဲဆည်းကပ်တော်မူသည်၏ အဖြစ်ကြောင့်လည်း ဘဂဝါ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
မြို့ရွာသံတိတ် လူကင်းဆိတ်၍ တခြားစိတ်မပြောင်းကမ္မဋ္ဌာန်းဝင်ဘို့ ကောင်းသည့် တောရကျောင်းကို ကိန်း အောင်းမွေ့လျှော် မှီဝဲဆည်းကပ်တော်မူသည်၏ အဖြစ်ကြောင့်လည်း ဘဂဝါ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
နိဂုံးချုပ်ဘုရားရှိခိုး
ဤသို့ အရဟံ-အစ ဘဂဝါ-အဆုံး အကျဉ်းချုံးငြား ဂုဏ် (၉)ပါးနှင့် ဂုဏ်ခြောက်ဆယ်ပွါး၍ မြတ်ဘုရား သည်ပင် စကားမသုံးဘဲ အသက်ထက်ဆုံး သီကုံးထောမနာ ဟောမြွက်ပါလည်း သက်တော်သာကုန် ဂုဏ်မစုံနိုင်ကြ၍ အနန္တဂုဏ် အသင်္ချေယျဂုဏ် အပ္ပမေယျဂုဏ်တို့နှင့် ပြည့်စုံတော်မူလတ်သည့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုလည်းကောင်း၊ ရှင်တော်မြတ်၏ကိုယ်စား ဓိဋ္ဌာန်ထားတော်မူအပ်ခဲ့သည့် ဓာတ်တော်သုံးသွယ် စွယ်တော်လေချောင်း ဆံတော်ပေါင်းစု ဆင်းတုစေတီတော် ပရိဘောဂစေတီတော် ဓာတုစေတီတော်မြတ်တို့ကိုလည်းကောင်း၊ ရုပ်ဓာတ်နာမ်ဓာတ် ပရမတ်ပေါ်တွင် ပညတ်တင်ခေါ် တပည့် တော်သည် ဂုဏ်တော်ကို စိတ်ဖြင့်ရည်မှန်း နှုတ်ဖြင့်ချီးမွမ်းပြီးလျှင်နဖူးတွင် လက်အုပ်တင်ထား၍ ကိုယ်ကို ညွတ်တွားကာ ထိငါးဖြာဖြင့် ရိုသေစွာ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။ လောကဓာတ်အားလုံးတွင် အမြတ်ဆုံးဟုယုံကြည်ပြု၍ ကိုးကွယ် ဆည်းကပ်မှုလည်းပြုပါ၏ အရှင်မြတ်ကြီးတို့ဘုရား။