Wednesday, May 20, 2009

နည်းပြ ဝိပဿနာ သင်ခဏ်းစာ အပိုင်း (၇)

သတိပေး တိုက်တွန်းချက်-ရှစ်လုံးဘွဲ့ကဗျာ


ဒုလ္လဘတဲ့ ကြုံရလူ့ရွာ၊
သာသနာကြီး အပြီးကြုံလာ၊
ဤမျှခွင့်ကောင်း မနှောင်းစေရာ၊
စဉ်းစားရင်း မောင်မင်းရက်တွေကြာ။
စဉ်းစားရင်း မယ်မင်းရက်တွေကြာ။


ကြိုးစားပါကွဲ့ မာတဲ့အခါ၊
ဘာကိုငဲ့၍ ကြာတဲ့နေဒါ၊
ဒီလင်ဒီသား မယားကိုညှာ၊
သူညှဉ်းဆဲ ဆင်းရဲရက်တွေကြာ။



ခန္ဓာကိုယ်မှာ ဒီလိုအသိဉာဏ်မျိုးတွေ တစ်ခါမှ မရရှိသေးခင် နိဗ္ဗာန်ကို ရပါလို၏၊ ရောက်ရပါလို၏ လို့ ကုသိုလ်လုပ်တိုင်းလုပ်တိုင်း ဆုကိုချည်းတောင်းနေပါလျှင် နိဗ္ဗာန်နှင့် ဝေလာဝေး အဝေးကြီးရှိပါသေးသတဲ့။ သုတ္တန်ဒေသနာတော်နည်းအားဖြင့် ရတော့ရပါလိမ့်မယ်၊ ဝိပဿနာဉာဏ်မပါဘဲ နိဗ္ဗာန်ကို ဘယ်နည်းနဲ့မှ မရနိုင်ပါဘူး။ တောင်းတမှုပတ္ထနာချက်ဖြစ်လို့ မရရှိဘူးလို့တော့ မဆိုနိုင်ပါဘူး၊ သုတ္တန် ဒေသနာတော် နည်းအားဖြင့် ရတော့ရပါလိမ့်မည်၊ သို့သော် မည်သို့သောအချိန်ကြာမှ ရနိုင်မှန်းမသိနိုင်ပါဘူးနော်။ အကယ်၍ အကြောင်းညီညွှတ်ပြန်လျှင်လည်း ဝိပဿနာဉာဏ်မပါဘဲ နိဗ္ဗာန်ကို မရနိုင်၊ မရောက်နိုင်ပါဘူး။ ဆုတောင်းပြီး ပြုတဲ့ ဝိဝဋ္ဋနိဿိတ ကုသိုလ်သည် နိဗ္ဗာန်ကို ရောက်အောင် မပို့နိုင်သော်လည်း ပို့နိုင်သော ၊ ဝိပဿနာကို ဆက်ပေးလိုက်တာဖြစ်ပါတယ်။ ဒါကြောင့် နိဗ္ဗာန်ကို ဆုတောင်း၍ ပြုတဲ့ ဝိဝဋ္ဋနိဿိတကုသိုလ်ကို ဝိပဿနာကို ဆက်ပေးလိုက်တာဖြစ်တဲ့အတွက် ဆက်သွယ်ရေးဒါန လို့ ခေါ်ကြနိုင်ပါတယ်။


ယခုအခါ တရားအလုပ်အားထုတ်နေတဲ့ ယောဂီတို့ ခန္ဓာမှာ ဝိပဿနာဉာဏ်အမြင်တွေ ရရှိနေကြပြီဖြစ်လို့ နိဗ္ဗာန်ကို ရပါလို၏၊ ရောက်ရပါလို၏ လို့ ဆုတောင်းနေဖွယ် မလိုတော့ဘူးနော်။

ဟောပြပြီးခဲ့တဲ့အတိုင်း အသိထူး အမြင်ထူး အယူထူး ဉာဏ်ထူးတွေရရှိအောင် ဝိပဿနာတရားကို ကြိုးစားအားထုတ်ကြပါ၊ ကြိုးစားအားထုတ်ကြတဲ့အတိုင်း ဝိပဿနာဉာဏ်တွေ အဆင့်ဆင့်တက်လှမ်းနိုင်ကြ၍ နောက်ဘဝ နောက်ခန္ဓာတွေ မရွေ့ မပြောင်းရတော့ဘဲ ဒီဘဝ ဒီခန္ဓာမှာ နိဗ္ဗာန်ကို ရရှိနိုင်တယ်ဆိုတာကို ယောဂီများ သေချာစွာ ယုံကြည်ကြပါ။ ဒီလို ဘုရားသာသနာအတွင်းမှာ နိဗ္ဗာန်ကို ရနိုင်ဖို့ ဘယ်မျှကောင်းလိုက်ပါ သလဲ။ အကယ်၍များ သာသနာအတွင်းမှာ ဝိပဿနာတရားကို ကြိုးစားအားထုတ်ကြပါလျှက် နိဗ္ဗာန်ကို မရနိုင်ဘူးဆိုရင် မြတ်စွာဘုရားကိုယ်တော်မြတ်ကြီး ပွင့်တော်မူလာရခြင်း အကျိုးကို မခံစားရဘူးတဲ့၊ သာသနာတော်ထားတော်မူခဲ့ခြင်းသည်လည်း အကျိုးမရှိတော့ဘူးတဲ့နော်။ မြတ်စွာဘုရားကိုယ်တော်မြတ်ကြီး ပွင့်တော်မူလာရခြင်း အကျိုးတရားကတော့ သတ္တဝါတွေ နိဗ္ဗာန်ကို ရရန်ဖြစ်ပါတယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်သွားသော်လည်း သာသနာတော်ထားတော်မူခဲ့ခြင်းကလည်း အတိုချုပ်အားဖြင့် သတ္တဝါတွေ နိဗ္ဗာန် ရရန်ဖြစ်ပါတယ်။


မြတ်စွာဘုရား လက်ထက်တော်က ပဋာစာရီ၊ ကိသာဂေါတမီ၊ သန္တတိအမတ် စသည့် ပုဂ္ဂိုလ်တွေသည် (၁၀)၊ (၁၅)ရက် စခန်းဝင်နေစရာမလိုပါဘဲ တစ်ပုဒ်တစ်ဂါထာမျှတရားနာကြားရယုံဖြင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရရှိသွားကြပါတယ်။ ပါရမီဉာဏ်ရင့်နေသော ပုဂ္ဂိုလ်တွေသည် တရားနာရင်း ဝိပဿနာအလုပ် အားထုတ်မှု ပါသွားသောကြောင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရောက်ရှိသွားကြတာဖြစ်ပါတယ်။

ပါရမီခေါ်သော အသိဉာဏ်တွေက ရင့်ကျက်ပြီးသားဖြစ်တဲ့အတွက် တရားကို အကျဉ်းမျှ ဟောပြတာနှင့် ခန္ဓာမှာ သိမြင်သဘောပေါက်ပြီးသား ဖြစ်သွားကြတာဖြစ်ပါတယ်။ ဒီလို ခန္ဓာမှာ သိမြင်သွားခြင်းသည် ဝိပဿနာအလုပ် ဖြစ်ပါတယ်။ ဒါလောက်ဆိုရင် တရားရှုသူယောဂီအပေါင်း သဘောပေါက်နားလည်နိုင်ကြပြီ ဖြစ်ပါသဖြင့် တရားသိမ်းကြစို့နော်။


ဤသို့အားဖြင့် တရားအားမထုတ်တတ်သေးသောသူများကို အားထုတ်တတ်ပါစေ၊ မသိသေးသောသူများကို သိကြပါစေ၊ မရှင်းသေးသော သူများလည်း ရှင်းကြပါစေ-ဆိုတဲ့ သဘောမျိုးဖြင့် ဂရုဏာသန်သန်ထား မေတ္တာတွေများများဖြင့် ဟောကြားလိုက်တာကို ကြားနာကြရတဲ့ သင်သူတော်ကောင်း အပေါင်းတို့မှာ တရားအားထုတ်ကာ သဘောပေါက်ကြ၍ ရှင်းရှင်းလင်းလင်းဖြစ်ကြပါလျှင် ညီညီညာညာ အားရပါးရ စိတ်ပါလက်ပါနှင့် ကြားလောက်သောနေရာ ဌာနတိုင်းက တရားတော်ကို ကောင်းချီးပေးသောအားဖြင့် သာဓု သုံးကြိမ် ခေါ်ဆိုနိုင်ကြပါစေကုန်သတည်း။

သာဓု…..သာဓု…..သာဓု။



(ဤတရားစာပေများကို ရေးသားလှူဒါန်းရသော အမြတ်ဆုံးသောကောင်းမှုများဖြင့် အနန္တကျေးဇူးတော်အရှင် ဘဝနတ်ထံဝင်စံတော်မူပြီးသော မူလကသစ်ဝိုင်ဆရာတော်ဘုရားကြီးနှင့်တကွ ကသစ်ဝိုင်ဆရာတော်ဘုရားများ အားလုံးကို လေးစားကော်ရော်ပူဇော်အပ်ပါသည်။



နောက်တင်မည့်ပိုစ့်တွင် မူလကသစ်ဝိုင်ဆရာတော်ဘုရားကြီးဟောကြားတော်မူသော နာမရူပ ပရိစ္ဆေဒဉာဏ် နှင့် ဒိဋ္ဌိဝိသုဒ္ဓိတရားတော်ကို ကုသိုလ်ပြုသွားပါမည်ဖြစ်ပါသည်။)

Friday, May 15, 2009

နည်းပြ ဝိပဿနာ သင်ခဏ်းစာ အပိုင်း (၆)

ဒါကြောင့် လယ်တီဆရာတော်ဘုရားကြီးက “ဒိဋ္ဌိသက္ကာ မကွာသမျှ လေးဝအပါယ်ရောက်ဦးမယ်၊ နင်ဝယ်သတိထား သို့အလားကြောင့် မြတ်စွာဘုရားက ရင်ဝမှာလှံစူး ထိပ်ဦးမီးလောင် မရှောင်အဟုတ် နောက်မဆုတ်ဘဲ အားထုတ်ရန် သဘောကို (သတ္တိယာ ဝိယ ဩမဋ္ဌော) ဟုဟောကြားတော်မူခဲ့လေပြီ တကား” လို့မိန့်ဆိုတော်မူထားပါတယ်။


သက္ကာယဒိဋ္ဌိဆိုတဲ့ အယူမှားကြီးကို တစ်ခါတည်းစွန့်ပယ်ပစ်နိုင်တဲ့ သောတာပန်၊ သကဒါဂါမ်စတဲ့ အရိယာ ပုဂ္ဂိုလ်တွေကတော့ မဂ္ဂသစ္စာဆိုတဲ့ အမြင်မှန်ကို ရ၍ သက္ကာယဒိဋ္ဌိအယူမှားကြီးကို အဆုံးတိုင်စွန့်လိုက်သောအခါ အပါယ်လေးပါးကလည်း တစ်ခါတည်းလွတ်မြောက်သွားပါရောတဲ့။ သက္ကာယဒိဋ္ဌိကို စွန့်လိုက်တာနဲ့ အပါယ်လေးပါးက အပြီးတိုင်လွတ်သွားတာနဲ့ တစ်ပြိုင်နက်ဆိုတာကို မှတ်ကြပါနော်။


ယခုယောဂီများ၏ ခန္ဓာကိုယ်မှာ ပေါ်လာတဲ့ ပူမှု အေးမှု လှုပ်ရှားမှု ဆင်းရဲမှု ချမ်းသာမှုဆိုတဲ့ ဓာတ်တရား ဝေဒနာတရားတွေပေါ်မှာ ငါကပူတယ်၊ ငါ့လက်က ပူတယ်၊ ငါ့ခြေက ပူတယ်၊ ငါက နာတယ်၊ ငါက ချမ်းသာတယ်-စသည်ဖြင့် သက္ကာယအယူအားဖြင့် မယူဆ မမှတ်သားတော့ဘဲ ပူဒါကသာ ပူတယ်၊ အေးဒါက အေးတယ်၊ လှုပ်ထာက လှုပ်တယ်၊ နာဒါကသာ နာဒါတယ်၊ ချမ်းသာဒါက ချမ်းသာတယ်လို့ သမ္မာဒိဋ္ဌိ မဂ္ဂသစ္စာ အမြင်မှန်အားဖြင့် သိမြင်ခြင်းသည် ဃနပညတ် သဏ္ဍနပညတ် နာမပညတ်ဆိုတဲ့ ပညတ်(၃)ပါး ကွာသွားသည့်အပြင် အပါယ်နှင့်ဆက်သွယ်နေတဲ့ သက္ကာယဒိဋ္ဌိ၊ အပါယ်ကို ပစ်ချတတ်သေးတဲ့ သက္ကာယဒိဋ္ဌိ၊ အယူဆိုး အယူမှားကြီးကိုလည်း ပယ်ဖျက်ပြီးသား စွန့်လွှတ်ပြီးသား ဖြစ်သွားတယ်ဆိုတာမှတ်ကြပါနော်။

ပယ်စွန့်တယ်ဆိုသော်လည်း ဝိပဿနာဉာဏ်နေရာဖြစ်၍ တဒင်္ဂပဟာန်မျှသာ ပယ်စွန့်နိုင်တယ်၊ လောကုတ္တရာမဂ်ဉာဏ်ကျမှ သမုစ္ဆေဒပဟာန်အားဖြင့် အကြွင်းမဲ့ ပယ်စွန့်ဖျက်ဆီးနိုင်တယ်။ ဒါကြောင့် ကမ္ဘာပေါင်း ဘဝပေါင်းအသေင်္ချ ဘယ်လောက်ပင် လွန်လေငြားသော်လည်း ကြဉ်လည်ခဲ့ရငြားသော်လည်း အလွန်တရာတွေ့နိုင်ဆုံနိုင်ခဲ ရနိုင်ခဲသော သာသနာတော်မြတ်ကြီးကို ယခုလို ကုသိုလ်ကံကောင်းစွာဖြင့် လူ့ဘဝကြီးနှင့်ကြုံကြရသောအချိန်တွင် ဘာမျှအဖိုးမတန်သော လောကီကိစ္စများနှင့်သာ တစ်ဘဝ အလကား အချိန်ကုန်ခံမသွားကြစေချင်ပါ။ အနမတဂ္ဂ သံသရာအဆက်ဆက်က ဘဝတိုင်း ဘဝတိုင်းတွင် လက်ကပူတယ်၊ ခြေကပူတယ်၊ ငါပူတယ်၊ သူပူတယ် စသည်ဖြင့် အယူမှား အမှတ်မှား အသိမှားဆိုတဲ့ သက္ကာယဒိဋ္ဌိတရားကို ပယ်ရှားသုတ်သင်နိုင်တဲ့ ကိုယ်တွေ့ ဉာဏ်မြင် ဝိပဿနာလုပ်ငန်းစဉ်တို့ကို ကျန်းကျန်းမာမာချမ်းချမ်းသာသာ ဉာဏ်မြင်ရှိရှိ အဖိုးတန်မှန်းသိသိနှင့် ပေါက်ရောက်အောင်မြင်အောင် ဖတ်ရှုသူ ယောဂီများ ကြိုးစားအားထုတ်နိုင်ကြပါစေ၊ ကြိုးစားအားထုတ်ကြသည့်အတိုင်း အဟောင်းအသစ် အဟောင်းအသစ် ပြောင်းလွှဲ ပြောင်းလွှဲ ဖြစ်နေတဲ့ ပရမတ်အစစ် ဓာတ်အနှစ်တွေကို မလစ်လပ်အောင် ဝိပဿနာဉာဏ်ဖြင့် တကယ်တမ်း ရှုမှတ်နိုင်ကြပြီးလျှင် ရှုမှတ်နေရင်း ရှုမှတ်နေရင်း အလုံးစုံရပ်သွားတဲ့ နိဗ္ဗာန်ဓာတ်ကို တစ်ကြိမ်တည်း တစ်ရှိန်တည်းနှင့် လျှင်မြန်စွာ ကူးခပ်နိုင်တဲ့ကိုယ် တွေ့ မြင်နိုင်တဲ့ကိုယ်ဖြစ်ကြပါစေကုန် သတည်း။

သာဓု…..သာဓု…..သာဓု။

နည်းပြ ဝိပဿနာ သင်ခဏ်းစာ အပိုင်း (၅)

အပူဓာတ်တွေထဲမှာ ရှည်ရှည်လုံးလုံး ဝိုင်းဝိုင်း စတဲ့ ပုံသဏ္ဍာန်တွေပါ မပါတော့ပါဘူး။
မြင်လည်းမမြင်ရတော့ဘူးနော်။


အပူဆိုတာလေးကိုသိနေတဲ့ ဉာဏ်မှာ ပုံသဏ္ဍာန်တွေပါ မပါတော့ပါဘူး။ မတွေ့ရတော့ပါဘူး။ အစကတည်းက မရှိလို့မမြင်ရတာပါ။ ယခုမှမရှိတာမဟုတ်ပါဘူး။ အစကတည်းက မရှိတာပါနော်။ အရင်ကပေါ်ခဲ့သော အပူဓာတ်တွေထဲမှာလည်း ပုံသဏ္ဍာန်တွေမရှိပါဘူး။


မရှိဘူးဆိုတာကို ယခုမှ မိမိ၏ ဉာဏ်မှာ ရှင်းရှင်းသိရတာဖြစ်ပါတယ်။ ဒါကို ပရမတ်အစစ်ဖြစ်တဲ့ အပူဓာတ်ကို ခန္ဓာမှာ ဉာဏ်နှင့်အသေအချာသိရပြီဖြစ်ပါသဖြင့် သဏ္ဍာနပညတ် အလိုလိုကွာတယ်လို့ခေါ်ပါတယ်။


ပညတ်ခွာတယ်ဆိုတာ လူကလုပ် (တွန်း)မခွာနေရပါဘူး။ ဆွဲမခွာနေရဘူး။ ပရမတ်တရားစစ်စစ်ကိုသာ ခန္ဓာမှာ တွေ့အောင်ရှာ မြင်အောင်ကြည့်၊ ရှာလို့မြင်ခဲ့ရင် ပညတ်မှန်သမျှ အလိုလိုကွာပြီးသားဘဲ၊ ပညတ်ကို မြင်နေတုံးကလဲ ပရမတ်ကို မမြင်ခဲ့ဘူး။ ပရမတ်ကိုမြင်တော့လည်း ပညတ်မမြင်တော့ဘူး။ ပညတ်နှင့်ပရမတ်သည် ယောဂီအမြင်ဓာတ်မှာ နှစ်ခုတစ်ပြိုင်နက်တွဲစပ်လို့ မရဘူးတဲ့၊ မီးနဲ့ရေ၊ အမှောင်နဲ့အလင်း၊ အရှင်းနှင့်အရှုပ် နှစ်ခုတစ်ပြိုင်နက်တွဲစပ်လို့မရသလိုဖြစ်ပါတယ်။

ဒါဆိုနာမ ပညတ်အကြောင်းဆက်ပြောကြအုံးစို့။
ငဖြူ၊ ငနီ၊ ငကြား၊ မဖြူ၊ မလှ၊ ခေါင်း၊ ကိုယ်၊ ခြေလက်၊ အသားအရေ အကြောစတဲ့ နာမည်အမျိုးမျိုးတွေကို နာမပညတ်လို့ခေါ်ပါတယ်။

ယောဂီများရဲ့ ခန္ဓာမှာ ဉာဏ်နဲ့ တွေ့မြင်ရတဲ့ အပူဓာတ်လေးကို ငဖြူ ငနီ စတဲ့ နာမည်ပေးလို့ကော မရပါ၊ ငဖြူ ငနီ စတဲ့ ခေါ်လို့လည်း မရပါ၊ ဒါကို အပူလို့ပဲခေါ်ရပါမယ်။

အပူကို အပူဆိုတဲ့ နာမည်မှတစ်ပါး အခြားသောနာမည်တွေကော ခေါ်ဝေါ်စရာရှိသေးလား၊ မရှိပါဘူးနော်။ ဒါဆို ဘယ်သူ ပူဒါလဲဆိုရင် ပူဒါက ပူဒါပါ။

ငါက ပူဒါကော ဟုတ်ကဲ့လား၊ မဟုတ်ပါဘူးနော်။

လက်က ခြေက ပူဒါကော ဟုတ်ကဲ့လား၊ မဟုတ်တော့ပါဘူးနော်။

ယောကျာ်း၊ မိန်းမ၊ လူ နတ် ဗြဟ္မာ ပုဂ္ဂိုလ် သတ္တဝါတွေက ပူနေဒါ ဟုတ်သေးရဲ့လား၊ လုံးဝမဟုတ်ပါဘူးနော်။

ခန္ဓာကိုယ်အပြင်ဘက်မှာ ရှိနေတဲ့ အပူဓာတ်နဲ့အတွင်းမှာရှိကြတဲ့ အပူဓာတ်သည် တူသလား၊ ထူးနေပါသေးလား ဆိုရင်အတူတူပါဘဲ။ မထူးပါဘူး၊ အပြင်ကအပူဓာတ်ကလည်းပူဒါပါဘဲ၊ အတွင်းကအပူဓာတ်လည်း ပူဒါပါဘဲနော်။

ဒီလို ခန္ဓာမှာ ပိုင်ပိုင်နိုင်နိုင်ဉာဏ်နဲ့သိသွားပြီဆိုရင်တော့ နာမပညတ်တွေလဲကွာပြီ စင်ပြီ၊ တချို့ကယခုလို ဉာဏ်အမြင်မရရှိကြသေးတဲ့ ပုဂ္ဂိုလ်များကတော့ အပြင်က ပူဒါကိုတော့ မီးဓာတ်က ပူတယ်ဆိုဒါ အသိသား၊ မိမိ ခန္ဓာတွင်းက ပူဒါကြတော့ ငါကပူတယ်၊ လက်က ပူတယ်၊ ခြေက ပူတယ်၊ သားက ပူတယ်၊ သမီးက ပူတယ် စသည်ဖြင့် အပူကို လက်-မှတ်တယ်၊ ငါ-မှတ်တယ်၊ ခြေ-မှတ်တယ်၊ သား-မှတ်တယ်၊ သမီး-မှတ်တယ်။


ဒီလို အပူကို လက်-မှတ်နေတယ်၊ ငါ-မှတ်တယ်၊ ခြေ-မှတ်တယ်၊ သား-မှတ်တယ်၊ သမီး-မှတ်တယ် စသည်ဖြင့် ဒီလိုယူတဲ့ အယူဝါဒတွေကို သက္ကာယဒိဋ္ဌိအယူလို့ခေါ်ပါတယ်။ အတ္တဒိဋ္ဌိအယူလို့ခေါ်တယ်၊ အပါယ်လေးပါးကို ကျစေတာ ဒီအယူဆိုးတွေသာဖြစ်ပါတယ်။


အပါယ်လေးပါးကို မလွတ်နိုင်တာလည်း ဒီအယူဆိုးတွေကြောင့်ဖြစ်ပါတယ်။ ဒီအယူဆိုးတွေရှိနေသမျှ အပါယ်လေးပါးက အဆုံးတိုင် ဘယ်တော့မှ မလွတ်မြောက်နိုင်သေးဘူးဆိုဒါကို မှတ်ကြစေချင်ပါတယ်။ လွတ်ပါတယ် ဆိုရင်လည်း တခဏပါ၊ ကုသိုလ်လေး အရှိန်ကုန်သွားခဲ့ရင် တစ်နေ့ အပါယ်ပြန်ရောက်မှာ အမှန်ပါ။

Tuesday, May 12, 2009

နည်းပြ ဝိပဿနာ သင်ခဏ်းစာ အပိုင်း (၄)

မြတ်စွာဘုရားက ရှင်ရာဟုလာကို ကိုယ်တော်တိုင်ဟောကြားတော်မူတာကို ပြောပြပါအုံးမယ်။
ချစ်သား ရာဟုလာ- ပူမှု၊ အေးမှုဆိုတဲ့ တေဇောဓာတ်တစ်လုံးကို ခန္ဓာမှာ သေသေချာချာ ပိုင်ပိုင်နိုင်နိုင် သိမြင်ရင်လည်း နိဗ္ဗာန်ကို ရောက်နိုင်ပါတယ်။
ချစ်သား ရာဟုလာ-လှုပ်ရှားမှုဆိုတဲ့ ဝါယောဓာတ်တစ်လုံးကို ခန္ဓာမှာ သေသေချာချာ ပိုင်ပိုင်နိုင်နိုင် သိမြင်ရင်လည်း နိဗ္ဗာန်ကို ရောက်နိုင်ပါတယ် စသည်ဖြင့် ဒီလို မြတ်စွာဘုရားက ဟောထားတဲ့ ဒေသနာတော်ရှိပါတယ်။ ဒါကြောင့် အလုပ်စခန်းမှာ နိဗ္ဗာန်ကို ရောက်ဖို့ဘယ်လောက်လွယ်ထားသလဲ ယောဂီတို့၊ ဧကော ဓမ္မော-တရားတစ်ခုခုကိုသာ ခန္ဓာမှာ သေသေချာချာ ပိုင်ပိုင်နိုင်နိုင်သိအောင် အားထုတ်ကြပါ။ နိဗ္ဗာန်ကို ဧကန်ရနိုင်ပါတယ်။ ကျန်တရားတွေ အတွင်းဝင်ပြီးသား၊ အားထုတ်ပြီးသားဆိုရင် အသိတစ်လုံးကြောင့်ပင် နိဗ္ဗာန်ကို ဧကန်ရောက်နိုင်ပါတယ်။


ခန္ဓာမှာ ဉာဏ်မြင်နဲ့ ကိုက်၍ ပညတ်၊ ပရမတ်ကို ခွဲပြောပြပါအုံးမယ်။
ပဋ္ဌမ စာလို ပညတ်၊ ပရမတ် ခွဲပြအုံးမယ်၊ ပညတ်သည် စာလိုတော့ ဝိဇ္ဇမာနပညတ်၊ အဝိဇ္ဇမာနပညတ်-စသည်ဖြင့် (၆)မျိုး၊ တစ်နည်းအားဖြင့် ဃနပညတ် သဏ္ဍာနပညတ်၊ နာမပညတ်စသည်ဖြင့် များစွာရှိကြ၏။ ထိုတွင်လိုရင်းအတိုချုပ်ပြောရလျှင် အစိုင်အခဲဖြစ်ပေါ်လာတာက ဃနပညတ် လို့ခေါ်ပါသည်။ ပုံသဏ္ဍာန်တွေ ပေါ်လာတာက သဏ္ဍာနပညတ်လို့ခေါ်သည်၊ အမည်အမျိုးမျိုးတွေက နာမပညတ်လို့ခေါ်ပါသည်။


ပရမတ်ဆိုရင်လဲ အကျဉ်းအားဖြင့် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ဆိုသော ပရမတ်တရား လေးပါးရှိသည်။ စိတ်မှာလဲအကျယ်အားဖြင့် (၁၂၁)ပါး ရှိပြန်သည်၊ စေတသိက်မှာ (၅၂)ပါး၊ ရုပ် (၂၈)ပါး၊ နိဗ္ဗာန်တွင် သဥပါဒိသေသနိဗ္ဗာန်၊ အနုပါဒိသေသ နိဗ္ဗာန်ဟူ၍ (၂)ပါး စသည်ဖြင့် ခွဲမယ်ဆိုရင် ပရမတ်တရားသည် စာလိုတော့ လွန်စွာ ကျယ်ဝန်းလှပေ၏၊ ဒါတွေကို အကုန်သိမှ ပရမတ်တရားကို သိတယ်ခေါ်သလား၊ ဒီပရမတ်တွေကိုသိမှ နိဗ္ဗာန်ကို ရမှာ လားဆိုရင်မဟုတ်ပါဘူး၊ စောစောက ပြောပြခဲ့သည့်အတိုင်း ဒေသနာနည်းအားဖြင့် ပညတ်၊ ပရမတ်သည် ကျယ်ဝန်းနေတာပါ၊ ယောဂီများ ခန္ဓာမှာ ဉာဏ်မြင်နှင့် ရှင်းရင်တော့ လွယ်လွယ်နဲ့ ကျဉ်းကျဉ်းလေးပါ။


ပညတ်နှင့် ပရမတ်ကို ခန္ဓာမှာ ဉာဏ်မြင်နဲ့ ဘယ်လိုရှင်းမလဲဆိုရင် ယောဂီများ ခန္ဓာထဲမှာ ဉာဏ်နဲ့ စိုက်ပြီး ပေါ်ဒါကိုသာ မှတ်နေပါ၊ ကိုယ်မှာ တွေ့တိုင်း တွေ့တိုင်း ဉာဏ်နဲ့မြင်ဒါတွေ ဟာ ပရမတ်တွေချည်းပါ။ ကိုယ်မှာလာမတွေ့လို့ ဉာဏ်နဲ့မမြင်ရဒါ ပညတ် တရားချည်းမှတ်၊ ပညတ်တရား တကယ်တန်း ဉာဏ်နဲ့ရှာရင် မရှိတဲ့တရား မရှိလို့ မတွေ့ရတဲ့တရားတဲ့၊ ပရမတ်တရားက တကယ်တန်း ဉာဏ်နဲ့ရှာရင် အဟုတ်ရှိတဲ့တရား အဟုတ်ရှိလို့ ကိုယ်နဲ့ အဟုတ်တွေ့ရတဲ့တရားအစစ်ပါ။

ခန္ဓာမှာ ဉာဏ်စိုက်ပြီး မှတ်လိုက်တော့ ပူဒါတွေကို တွေ့ရပါလိမ့်မယ်။ အေးဒါတွေလည်း တွေ့ရပါလိမ့်မယ်။ လှုပ်ထာတွေလည်း တွေ့ရလိမ့်မယ်။ ရှိန်ရှိန် ရှိန်ရှိန်နဲ့လည်း တွေ့ရလာပါလိမ့်မယ်။ ကိုယ်မှာ တွေ့တဲ့တရားတွေဟာ သန္ဒိဋ္ဌိကဂုဏ်တော်အတိုင်း ကိုယ်တိုင်သိအပ်တဲ့ ပရမတ်တရားအစစ်တွေပေါ့။
ယောဂီများ ကိုယ်မှာ တွေ့တဲ့ အပူဓာတ်ထဲမှာ အစိုင်အခဲတွေလည်း မပါတော့ပါဘူးနော်။ တွေ့လည်းမတွေ့ရ တော့ပါဘူး။ မြင်လည်းမမြင်ရတော့ဘူးနော်။

အစိုင်အခဲဖြစ်နေတာတွေက ဃနပညတ် လို့ခေါ်တယ်။

ယောဂီများခန္ဓာမှာ ဉာဏ်နဲ့တွေ့ရတဲ့ အပူဓာတ်ထဲမှာ အစိုင်အခဲဆိုတာလည်း မရှိတော့ပါဘူး။

ပါလည်းမပါတော့ပါသဖြင့် အစိုင်အခဲကို မတွေ့မမြင်ရတာသည် ပရမတ်အစစ်ကိုမြင်၍ ဃနပညတ်စင်သွားပုံ၊ ခန္ဓာကိုယ်မှာ ဉာဏ်နဲ့ရှာလို့တွေ့ရတာက ပရမတ်၊ မရှိဒါက ပညတ်ပါ။

ရှိဒါမြင် မရှိဒါစင်။
ပရမတ်မြင် ပညတ်စဉ်။
ပရမတ်ပေါက် ပညတ်ပျောက်။

Monday, May 11, 2009

နည်းပြ ဝိပဿနာ သင်ခဏ်းစာ အပိုင်း (၃)

ဒါဆိုရင် ဆင်းရဲဒါ၊ ချမ်းသာဒါနဲ့ ပတ်သက်၍ ပြောကြအုံးစို့။
ကိုယ်ထဲက ဆင်းရဲဒါပေါ်လာရင် ဆင်းရဲဒါလို့မှတ်ပါ။ ချမ်းသာဒါ ပေါ်လာရင်လဲ ချမ်းသာ ဒါလို့ဘဲမှတ်ပါ။ ဆင်းရဲဒါ ချမ်းသာဒါ ကိုယ်မှာ ဘယ်လို ပေါ်တတ်သလဲဆိုရင် မခံသာတဲ့ ဝေဒနာမှန်သမျှ ကိုယ်ထဲက ပေါ်လာရင် ဆင်းရဲဒါ လို့မှတ်ပါ။ ခံသာတဲ့ ဝေဒနာမှန်သမျှ ကိုယ်ထဲက ပေါ်လာရင် ချမ်းသာဒါ လို့မှတ်ပါ။ မူးဒါ၊ ကိုက်တာ၊ အောင့်တာ၊ တောင့်တင်းထုံကျင်တာစသည် မှန်သမျှ ဆင်းရဲဒါလို့ချည်းမှတ်ရပါမယ်။ တစ်ခုစီခွဲရင်တော့ မူးရင် မူးဒါမှတ်၊ ကိုက်ရင် ကိုက်တာမှတ်၊ အောင့်ရင် အောင့်တာမှတ်၊ နာရင် နာဒါမှတ်၊ ကျင်ရင် ကျင်ဒါမှတ်၊ ထုံရင် ထုံဒါမှတ်၊ အဲဒါ ဆင်းရဲတဲ့ သဘောတွေဘဲ။ နေကောင်းထိုင်သာနဲ့ ချမ်းသာတဲ့ ဝေဒနာသဘောလေး ကိုယ်ကပေါ်လာရင် ချမ်းသာဒါလို့မှတ်ပါ။ ယောဂီတို့ သဘောကျကြရဲ့လား၊ ရှင်းပါရဲ့လား။
ယောဂီများ အရင်တုန်းက လက်ကပူတယ်၊ ခြေကပူတယ်၊ အသားကပူတယ်၊ အရေကပူတယ်၊ ငါပူတယ်၊ သူပူတယ်၊ သား-ကပူတယ်၊ သမီး-ကပူတယ် စသည်ဖြင့် လက်နဲ့၊ အပူနဲ့ခြေ စသည်နဲ့ မကွဲဘဲ မှတ်လာခဲ့တာတွေ သည် အမှားကြီး မှားနေတာဖြစ်ပါတယ်။ ဒီအမှားတွေက ဘယ်ရက် ဘယ်အချိန်ကစပြီးမှားလာသလဲဆိုရင် အစမထင်သော သံသရာကစပြီး မှားလာခဲ့တဲ့ အမှားတွေပါ။ မသိမှုတွေကြောင့် မှားလာခဲ့သောအမှားများ ဖြစ်ပါတယ်။ မသိမှုကြောင့်လည်း အမှားတာရှည်ပါတယ်။ယခု အပူနှင့် လက် ကွဲပါပြီ၊ အပူနှင့်ငါ ကွဲပါပြီ၊ ပူဒါ က လက်မဟုတ်၊ လက်သည်ပူဒါမဟုတ်၊ လက် တခြား ပူဒါ တခြား၊ ပူဒါ က သာ ပူတာ၊ လက်က ပူဒါမဟုတ်လို့မှတ်လိုက်ပါသဖြင့် အရင်က အမှတ်တွေထက် ပိုထူးသွား တယ်နော်။ အမှတ်ထူးတော့ အသိအမြင်ပါထူးသွားပါပြီ။ အသိအမြင်တွေပါထူးသွားရင် အယူတွေပါထူးလာတတ်ပါတယ်။
အမြင်ထူးလာတာကို ဝိပဿနာလို့ခေါ်ပါတယ်။ ဝိပဿနာဆိုတာ ပါဠိစကားပါ။ ဝိ-ဆိုတာ အထူး၊ ပဿနာ-ဆိုတာ မြင်တာ။ ပုဒ်နှစ်ခုပေါင်းတော့ အထူးမြင်တာပါ။
အမြင်ထူးတာ ဝိပဿနာ။အသိထူးတာ ဝိပဿနာ။အယူထူးတာ ဝိပဿနာ။
ပူဒါကပူသည်၊ အေးဒါက အေးသည်၊ လှုပ်ထာကလှုပ်သည်၊ ငါကပူသည် မဟုတ်၊ သူကပူသည် မဟုတ်၊ သားက ပူသည် မဟုတ်၊ သမီးက ပူသည် မဟုတ်လို့ ရှုမှတ်လိုက်ခြင်းသည် အရင်အမှတ်၊ အရင်အသိ၊ အရင်အမြင်၊ အရင်အယူတို့ထက် ထူးခြားသွားခြင်းကြောင့် အမှတ်ထူး အမြင်ထူး၊ အသိထူး၊ အယူထူးတဲ့ ဝိပဿနာလို့ ခေါ်ပါသည်။
အမှတ်ထူး အမြင်ထူး၊ အသိထူး၊ အယူထူးတဲ့ ဝိပဿနာဥာဏ် ဝိပဿနာ ပညာတို့ဖြင့် သွားမှသာ နိဗ္ဗာန်ကို ရောက်နိုင်တယ်။ ခန္ဓာမှာ ယခုလို အသိဥာဏ်ထူးတွေရှိနေတဲ့ ယောဂီသည် နိဗ္ဗာန်နှင့် နီးနီးလေး ရှိပါတော့တယ်ဆိုတာ ယုံယုံကြည်ကြည်နှင့် သေချာစွာမှတ်သားကြပါ။
တရားအလုပ်အားထုတ်နေကြတဲ့ ယောဂီများအနေနဲ့ ရုပ်ဆိုရင် မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း ရုပ်(၂၈)ပါးကို လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန် နှင့်တကွ ရေတွက်တတ် ပြောတတ်မှ ရုပ်ကို သိတယ် ခေါ်တယ်၊ နာမ်ဆိုရင်လဲ စိတ်၊ စေတသိက်တွေကို လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန် နှင့်တကွ အကျယ်ကို ရေတွက်ပြနိုင်မှ ပြောနိုင်မှ နာမ်ကို သိတယ်ခေါ်တယ်။ အခုလို နာမ်နဲ့ရုပ်ကိုလဲသိမှ၊ ဘုန်းကြီးဟောတာတွေလည်း မှတ်မိမှ ယောဂီတို့ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် နိဗ္ဗာန်ကို ရမှာလို့ အထင်မမှားလိုက်ပါနဲ့၊ အားမငယ်ပါနဲ့နော်၊ ဒေသနာနည်းအရ အကျယ်ချဲ့ပြလို့သာ များနေတာပါ။ ကျယ်နေတာပါ။ ယောဂီများအားထုတ်မှုဆိုတဲ့တရားအလုပ်ကတော့ အလွယ်လေး အကျဉ်းလေးဆိုတာ သေသေချာချာမှတ်သားကြပါ။
အပြောမှာ ကျယ်၊ အလုပ်မှာ လွယ်၏။
ဆက်ရန်...

Saturday, May 9, 2009

နည်းပြ ဝိပဿနာ သင်ခဏ်းစာ အပိုင်း (၂)

ယခုလို ဝိပဿနာဥာဏ်နှင့် ခန္ဓာမှာ အမြင်မှန်ကို မရရှိကြသေးတဲ့ (အန္ဓပုထုဇဉ်) ပုဂ္ဂိုလ်တွေကတော့ ပူဒါနဲ့ လက်နဲ့၊ ပူဒါနဲ့ အသားနဲ့၊ ပူဒါ နဲ့ ငါနဲ့၊ ပူဒါနဲ့ ကိုယ်စသည် မကွဲကြပါဘူး။ အေးဒါလှုပ်ထာနဲ့ လက်ခြေနဲ့၊ အေးဒါလှုပ်ထာနဲ့ အသားနဲ့၊ အေးဒါလှုပ်ထာနဲ့ ငါနဲ့၊ အေးဒါလှုပ်ထာနဲ့ ကိုယ်စသည် မကွဲဘူးဖြစ်နေတတ်ပါတယ်။ ဥပမာ-ပူဒါကို လက်က ပူနေဒါ၊ အေးဒါ လှုပ်ထာကို လက်မှတ်နေတတ်ပါတယ်၊ ပူဒါ၊ အေးဒါ၊ လှုပ်ထာ ကို ခြေကလို့ မှတ်နေတတ်ပါတယ်။ အသား၊ အရေကလို့ မှတ်နေတတ်ပါတယ်။ ငါဖြစ်နေဒါလို့မှတ်နေတတ်တယ်။ ကိုယ့်ကိုယ်ကြီးမှာ ဖြစ်နေတယ်လို့မှတ်ထင်နေတတ်ပါတယ်။ ဒီလိုမှတ်နေတာ မြင်နေတာ က လမ်းမှား၊ အမြင်မှားနေတာပါ။ ဒါကြောင့်
လက်နဲ့ အပူနဲ့မကွဲ အန္ဓပုထုဇဉ်ဘဲ။
လက်နဲ့ အအေးနဲ့မကွဲ အန္ဓပုထုဇဉ်ဘဲ။
လက်နဲ့ လှုပ်ထာနဲ့မကွဲ အန္ဓပုထုဇဉ်ဘဲ။
လက်နဲ့ ပူဒါနဲ့ကွဲ ကလျာဏပုထုဇဉ်ဘဲ။
လက်နဲ့ အေးဒါနဲ့ကွဲ ကလျာဏပုထုဇဉ်ဘဲ။
လက်နဲ့ လှုပ်ထာနဲ့ကွဲ ကလျာဏပုထုဇဉ်ဘဲ။
တွဲနေတာက ပညတ်၊ ကွဲနေဒါမှ ပရမတ်။
မကွဲဒါက ပညတ်၊ ကွဲနေဒါမှ ပရမတ်။
ပညတ်ပရမတ်မကွဲ၊ အန္ဓပုထုဇဉ်ဘဲ။
ပညတ် ပရမတ်ကွဲ ကလျာဏပုထုဇဉ်ဘဲ။
ဒါကြောင့် အန္ဓပုထုဇဉ် အပါယ်ခွင်မလွတ်သေး၊ နိဗ္ဗာန် ချမ်းသာနဲ့ဝေး။ ကလျာဏပုထုဇဉ် အပါယ်ခွင်မရောက်ဝေး၊ နိဗ္ဗာန်ပေါက် လမ်းစပေး စသည်ဖြင့် ကျေးဇူးရှင်ဆရာတော်ဘုရားကြီးက လင်္ကာစီကုံးထားခဲ့ပါသည်။ ယောဂီများ စဉ်းစားကြည့်ကြပါ။ ပူဒါ ကသာ ပူဒါ ကို လက်က ပူတယ်လို့ မှတ်လျှင် တစ်ချက် မှားပြီ၊ ပူဒါကို လက် လို့မှတ်နေလို့တဲ့။ ပူဒါ ကို လက်နဲ့ မကွဲလို့တဲ့။ ငါ့လက်က ပူတယ်လို့မှတ်ရင် (၂) ချက်မှားပြီ၊ ပူဒါကို ငါလို့ လဲ မှတ်တယ်။ လက်လို့လဲ မှတ်တယ်။ ငါ့သား လက်ကလေး ပူတယ်လို့ မှတ်ရင် (၃) ချက်မှားပြီ၊ ပူဒါကို ငါလို့လဲ မှတ်နေတတ်တယ်၊ အသားလို့လဲ မှတ်နေတတ်တယ်။ လက်လို့လဲမှတ်နေတတ်တယ်။ အဲဒီလိုမှတ်ထာမျိုးတွေ ယူဆတာမျိုးတွေက ဥာဏ်မျက်စိနဲ့ ကြည့်တော့အတော်မှားတဲ့ အယူမျိုးတွေ ဖြစ်နေတယ်။
ဒါကြောင့်-ဒီအယူမျိုးကို မိစ္ဆာ ဒိဋ္ဌိ အယူလို့ခေါ်တယ်။ အတ္တဒိဋ္ဌိအယူလို့ ခေါ်တယ်။ သက္ကယ ဒိဋ္ဌိအယူလို့လဲ ခေါ်တယ်။ ဒီ-ဒိဋ္ဌိအယူရှိနေသမျှ ကာလပတ်လုံး အပါယ် လေးပါး ကျခြင်းဘေးမှ ဘယ်တော့မှ မလွတ်မြောက်နိုင်သေးဘူးတဲ့။ ကုသိုလ် အရှိန်ကလေး မကုန်ခင် ကုသိုလ်အရှိန်လေး ရှိနေသမျှတော့လူ့ဘဝ နတ်ဘဝ၊ ဗြဟ္မာဘဝမှာ ခေတ္တခဏအခိုက်အတန့် နေကြရသေး၏။ ၄င်းကုသိုလ်ကံ အရှိန်ကုန်သွားဒါနဲ့ တပြိုင်နက်ထဲ အပါယ်လေးပါးပြန်ကျရအုံးမှာအမှန်ဘဲတဲ့၊ ဒါကြောင့် မာန်လည်ဆရာတော်ဘုရားကြီးက “ဒိဋ္ဌိမကွာ ပုဂ္ဂိုလ်မှာလျှင် လူတွင် မန္ဓတ် နတ်မှာသိကြား မိုးဖျား ဗြဟ္မာ ဖြစ်တုံပါလည်း ခန္ဓာပြိုကွဲကုသိုလ်စဲက ဖေါက်လွဲပါယ်ရွာ ရောက်မြဲ ခါတည့်။” လို့ မိန့်ဆိုတော်မူခဲ့ပေသည်။ လက်ကို နမူနာထားပြီး သေချာစွာ ရှင်းပြလိုက်ပြီဖြစ်ပါသဖြင့် ကျန်ရှိသော ခြေ၊ အသားအရေ စသည်တို့ကို ဒီအတိုင်းသာ ယောဂီများ ချဲ့၍ သိကြစေချင်ပါသည်။
ဆက်ရန်.....

Friday, May 8, 2009

နည်းပြ ဝိပဿနာ သင်ခဏ်းစာ အပိုင်း (၁)

သာသနာတော် သက္ကရာဇ် ၂၅၁၀ ခု၊
ကောဇာ သက္ကရာဇ် ၁၃၂၈ ခု၊
ကျေးဇူးရှင်ကသစ်ဝိုင် ဆရာတော်ဘုရားကြီး၏
အန္တေဝါသိက တပည့်ရင်းဖြစ်သော
ပဲခူးမြို့၊ ကသစ်ဝိုင်ဓမ္မရိပ်သာ ၌
သီတင်းသုံး နေထိုင်တော်မူသော
ကမ္မဋ္ဌာနာစရိယ အရှင်တေဇောသာရ
ရေးသားအပ်သော
နည်းပြ ဝိပဿနာ သင်ခဏ်းစာ
၁၃၂၈ ခု၊ နယုန်လ။

နည်းပြ ဝိပဿနာ သင်ခဏ်းစာအလုပ်ပေးစကားအတိုချုပ်
မိမိစိတ်ဖြင့် မိမိကိုယ်ပေါ်၌ ဖြစ်ပေါ်တာကို အမြဲမပြတ် ရှုမှတ်နေတဲ့အလုပ်သည် ဝိပဿနာအလုပ်ဟူ၍ ခေါ်ပါတယ်။ အကျယ်နည်းနည်း ချဲ့ပြောပြပါအုံးမယ်။
မိမိစိတ်နှင့် ရှုမှတ်နေရပါမယ်။ ကိုယ်နှင့်လုပ်လို့ မရပါ။ နှုတ်နဲ့ ရွတ်ဆိုပြီး စီးဖြန်းနေလို့မရပါ။အနိစ္စ၊ ဒုက္ခ၊ အနတ္တ ပါးစပ်မှ ရွတ်ဆိုပြီး ပုတီးစိတ်နေခြင်းသည်လည်း ဝိပဿနာအလုပ် မဟုတ်ပါ။ ဝိပဿနာ အလုပ်ကို ကိုယ် နှင့် နှုတ် လုပ်လို့မရပါဘူး။ ဝိပဿနာ အလုပ်ဆိုတာ စိတ်နဲ့လုပ်မှ ရ၏။ ကိစ္စပြီး၏။ ကိုယ်ဖြင့် လုပ်လဲမရ၊ နှုတ်ဖြင့်ရွတ်ဖတ်ပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တစသည်ဖြင့် စီးဖြန်းနေလို့လဲမရပါဘူးနော်။ ဒါကြောင့် ဝိပဿနာ အလုပ်ဆိုတာ အဇ္ဈတ္တကို ရှုမှတ်ခြင်းကိစ္စက ပဓာန လိုရင်းအချုပ်ပါ၊ အဇ္ဈတ္တကို ရှုမှတ်ခြင်းကိစ္စပြီးဆုံးခဲ့သော် အလုံးစုံသော အဇ္ဈတ္တရောဗဟိဒ္ဓရော အတိတ်-အနာဂတ်-ပစ္စုပ္ပန်-ကာလ သုံးပါးမှာရှိတဲ့ ရုပ်နာမ် တွေကို အလုံးစုံရှုမှတ်ခြင်းကိစ္စ ပြီးစီးတယ်ဆိုတာမှတ်ပါ။
ကိုယ်ဆိုတဲ့နေရာမှာ ကိုယ်ဆိုသည်မှာ အပ်ဖျားလေးနဲ့ဖြစ်စေ၊ စူးလေးနဲ့ဖြစ်စေ၊ တစ်စုံတစ်ခုသော အရာဝတ္ထုဖြင့် ဖြစ်စေ ထိလို့ သိတဲ့နေရာ အရပ်မှန်သမျှကို ဝိပဿနာရှုမှတ်တဲ့အလုပ်မှာ ကိုယ်ဟူ၍ မှတ်ကြပါ။ တစ်စုံတစ်ခုသော ဝတ္ထုဖြင့် ထိလို့မသိတဲ့ ဆံပင်၊ ခြေသည်း၊ လက်သည်း စသည်တို့ကို ကိုယ်ဟူ၍ မခေါ်ရပါဘူး။ ကိုယ်ဆိုရင် တစ်ကိုယ်လုံးကို ဆိုလိုပါတယ်။ ဒီလောက်ဆိုရင် ကိုယ်ဆိုတာကို ယောဂီတို့ သဘောပေါက်ကြပါပြီ။
ယောဂီတို့ ကိုယ်ဆိုတာ သိပြီဆိုရင် မျက်လွှာလေးအသာချပြီး ခန္ဓာဥာဏ်စိုက်လိုက်ရအောင်။ ခန္ဓာဥာဏ်စိုက်ပြီး ကိုယ်က ပေါ်ဒါကို မှတ်နေရပါမယ်။ ခန္ဓာကိုယ်ကြီးကို မြင်နေရင် ဒါဆိုအမှတ်မှား နေပါတယ်။ ဖြစ်တာ ပေါ်ဒါ ဖြစ်ပေါ်ဒါ အတူတူလို့မှတ်။ မှတ်-ဆိုတဲ့ စကား၊ ရှု-ဆိုတဲ့စကား နှင့် သိ-ဆိုတဲ့စကား ဒီစကားလုံးသုံးနှုန်းများကို အတူတူလို့သာ မှတ်ကြပါ။
ကိုယ်မှာ ပေါ်ဒါကို မှတ်တာတော့ ဟုတ်ပါပြီ၊ ပေါ်ဒါက ဘယ်နှစ်မျိုးပေါ်တတ်သလဲဆိုရင် (၅)မျိုး ပေါ်တတ်တယ် ဆိုတာ သေချာစွာ မှတ်ပါ။ (၅) မျိုး က ဘာတွေလဲဆိုရင်
၁) ပူဒါ
၂) အေးဒါ
၃) လှုပ်ထာ
၎) ဆင်းရဲဒါ
၅) ချမ်းသာဒါ
ပေါ်ဓာတ် (၅) မျိုး လို့လဲခေါ်တယ်။ အလုပ်ဓာတ်လို့လဲခေါ်တယ်။ ယောဂီတို့ ရှုမှတ်ရန်တရား ငါးမျိုးဖြစ်ပါတယ်။ ဒီ (၅) မျိုးအပြင် မှတ်ရမှာမရှိပါ။ ပေါ်ဒါ ငါးမျိုးသည် တစ်ကိုယ်လုံးမှာ ပေါ်တတ်ပါတယ်။
ကိုယ်မှာ ပူဒါ ပေါ်လာရင် “ပူဒါ က ပူဒါ” လို့မှတ်ပါ။ ပူဒါ ကို သိနေပါ။ (ပူဒါ) အသား၊ အရေ၊ လက်၊ ခြေ၊ ငါ၊ ကိုယ်၊ ငါ့ကိုယ် က ပူနေဒါ မဟုတ်ပါ။ ပူဒါ က ပူဒါပါ။ ပူဒါပေါ်လို့ ပူပါတယ် လို့မှတ်နေပါ။ သိနေပါ။ မှတ်နေပါ။ ယခုလို ဥာဏ်အမြင်နဲ့ ကျတော့ ရှင်းသွားပါတယ်။ အေးဒါ နှင့် လှုပ်ထာ မှာလဲ အေးဒါ အေးဒါ၊ လှုပ်ထာ က လှုပ်ထာ လို့သာမှတ်ရပါမယ်။ အသားအရေ က အေးဒါ၊ လှုပ်ထာလို့ မမှတ်ရပါ။ ကိုယ်မှာ ပေါ်တာတစ်မျိုးမျိုးကို မှတ်ရပါမယ်။ ငါ့ကိုယ်က အေးဒါ လှုပ်ထာလို့ မမှတ်ရပါဘူး။မပေါ်ခင်လည်း လိုက်မရှာရပါဘူး။ ပေါ်တာကိုလည်း စောင့်ရတာမျိုးမဟုတ်ပါဘူး။ဒါဖြင့် ပူဒါ၊ အေးဒါ၊ လှုပ်ထာက တခြား၊ လက်က တခြား၊ ပုဒါ၊ အေးဒါ၊ လှုပ်ထာ က တခြား၊ အသားက တခြား၊ ပူဒါ၊ အေးဒါ၊ လှုပ်ထာက တခြား၊ ခြေထောက်က တခြား၊ ငါက တခြား၊ ကိုယ်က တခြား။ တခြားစီပါ၊ မရောပါဘူး။
(မရောဘဲ တခြားစီနေဒါ ကွဲပြားနေဒါကို ဥာဏ်မှာသိပါစေ)။ ဥာဏ်မှာ ကွဲကွဲပြားပြား သိအောင် ကြိုးစားရှုမှတ်အားထုတ်ကြပါလို့ အားပေးတိုက်တွန်းပါတယ်။
ဆက်ရန်.....

Friday, May 1, 2009

မူလကသစ်ဝိုင် ဆရာတော်ကြီး ၏ ထေရုပ္ပတ္တိအကျဉ်း (၈)

အချိန်တန်ပြီ

ဆရာတော်ဘုရားသည် ပဋိပတ္တိသာသနာပြုလုပ်ငန်း၌ တရားပြသ ဟောပြောခြင်းကို များစွာမွေ့လျော်တော်မူ၏။ သက်တော်ကြီးရင့်လာသောအခါ ယခင်ကနှင့်မတူ တရားဟောပြီးချိန်တွင်မောပန်းနွမ်းလျမှုများရှိလာခဲ့၏။ ဒါယကာ ဒါယိကာမများက နယ်ထွက်၍ တရားမပြရန် အမျိုးမျိုးတောင်းပန်ကြပါသော်လည်း ဆရာတော်ဘုရားသည် မူလကသစ်ဝိုင်ကျောင်းတိုက်ကြီးသို့ လာရောက်တရားအားမထုတ်နိုင်ကြသော အသက်ကြီးသူများ၊ နယ်သူနယ်သားများ၊ အစ စနွမ်းပါးသော ကျေးလက်နေပြည်သူများအား တရားကို သိစေချင် နားလည်စေချင်သော မေတ္တာ၊ ဂရုဏာ၊ စေတနာတရားတို့ဖြင့် သာသနာတာဝန်ကို နောက်မတွန့်စတမ်းထမ်းဆောင်တော်မူခဲ့၏။ ဆရာတော်ဘုရားသည် တစ်နှစ်တာပတ်လုံး ရက်အားမရှိအောင် တရားပွဲများပြည့်လျက်ရှိရာ ၁၃၂၇-ခုနှစ် နတ်တော်လတွင် ပဲခူးမြို့ လိပ်ပြာကန်တရားပတ်ချိန်သို့ ရောက်ရှိ လာခဲ့၏။ ဆရာတော်ဘုရားသည် အလုပ်ပေးတရားနှင့်သီလတရား၊ သမာဓိတရား၊ သင်သိ ဝိပဿနာနှင့် ကျင့်သိဝိပဿနာတရားများဟောပြီးချိန်၌ ခါးနှင့် လက်ပြင်များ နာကျင်ကိုက်ခဲ လာ၏။ တရားကို ကိုယ်တိုင်မဟောကြားနိုင်တော့ပါ၊ တိတ်ရကောဒါများဖြင့်ဟောရ၏။ ပုံမှန် ဖြစ်နေကြအဆစ်နာဝေဒနာ အဖြစ်ထင်မှတ်တော်မူခဲ့ကြ၏။ နောက်နှစ်ရက်ခန့်ကြာသောအခါ တရားဟောဆုံးမပြန်၏။ ထို့နောက်တွင် လှည့်မရအောင် နာကျင်ကိုက်ခဲလာတော့၏။ ဆရာတော်ဘုရား၏ ကျန်းမားရေးကို အမြဲဂရုစိုက်နေကြသော ဒါယကာ ဒါယိကာမများသည် ဆရာတော်ဘုရားအတွက် ဆေးဝါး၊ ဆွမ်းဘောဇဉ်များနှင့် ဓာတ်စာများဖြင့် အထူးစောင့်ရှောက် ကြ၏။ ဆရာတော်ဘုရားသည် ဇက်နှင့် လည်ပင်း လက်ပြင်များ နာကျင်နေသောဝေဒနာ၊ ဆွမ်းမဘုဉ်းပေးနိုင်သော ဝေဒနာများကြားတွင် တရားပွဲပြီးဆုံးသည်အထိ ကိုယ်တိုင်တရား ဟောရန်ကြိုးပမ်းတော်မူခဲ့သေး၏။ တရားပြီးဆုံးကာနီးချိန်တွင် အဖျားဝင်လာပြန်၏။ အဖျား ပြင်းထန်လာသဖြင့် ပဲခူးမြို့ ခရိုင်ဆရာဝန်ကြီးနှင့် အထူးကြပ်မတ်ခါ (၁၁)ရက်ကြာ ကုသကြ ၏။ တပည့်များဖြစ်ကြသော မုက္ခမူ ဦးအာစဏ္ဏ၊ ပဲခူးမြို့ ကသစ်ဝိုင်မှ ဦးတေဇောသာရ၊ စစ်တောင်း ဦးဝိဇ္ဇာဘာသ၊ ကသစ်ဝိုင် ဦးဥက္ကဋ္ဌတို့နှင့် ရင်းနှီးသော ဒါယကာ ဒါယိကာမများ အထူးစောင့်ရှောက်လျှက် ရှိနေကြသည်။ ထို့နောက် ရန်ကုန်မြို့ရှိ ကသစ်ဝိုင်ဝိပဿနာ အဖွဲ့ ဝင်များက ဆရာတော်ဘုရားကို ရန်ကုန်သို့ ပင့်ဆောင် ကုသရန် ခွင့်တောင်းကြသောကြောင့် နတ်တော်လပြည့်ကျော် (၇)ရက်နေ့တွင် ရန်ကုန်မြို့ ဇီဝိတဒါနဆေးရုံကြီးသို့ ပြောင်းရွေ့ကုသ ခဲ့ကြပါသည်။ ရန်ကုန်သို့ပြောင်းရွေ့ပြီး (၇)ရက်ခန့်ကြာသောအခါ ဆရာတော့်ဝေဒနာသည် ကင်ဆာဖြစ်နေကြောင်းကို ဆရာဝန်ကြီးများက အဖြေထုတ်ပေးကြပါသည်။
ရိပ်သာအဖွဲ့ဝင်လူကြီးများ၊ ဆရာဝန်ကြီးများ၊ တပည့်သံဃာများ၊ ဒါကာ ဒါကာမများက ကိုယ် စွမ်းရှိသမျှ ကြိုးစားကုသပေးကြ၊ လိုသေးမရှိအောင် ကူညီဆောင်ရွက်ကြခဲ့ပါ၏။ထို့နောက် ဝေဒနာပြင်းထန်မှုကြောင့် ဆွမ်းဘုဉ်းမပေးနိုင်ပါ၊ ညနေပိုင်းများတွင် ပြင်းထန်သော ဝေဒနာကို ပိုခံစားရ၏။ ရန်ကုန်တွင် ကုသချိန် (၁၀)ရက်ခန့်ကြာသောအခါ အနည်းငယ်မျှသော ဆွမ်းကို (၂)ရက်၊ (၃)ရက်ခန့်ပြန်ဘုဉ်းပေးနိုင်၏။ ထိုအခါ တပည့်များနှင့် ဒါကာ၊ဒါကာမများသည် လွန်စွာအားရကျေနပ်ပြီး သက်သာသွားမည်ဟုထင်ကြပြန်၏။ သို့သော် ဆရာတော်ဘုရား၏ ဝေဒနာမှာ တစ်ရက်ထက်တစ်ရက်ပိုမိုပြင်းထန်လာခဲ့ပါသည်။ ဆရာတော်ဘုရားကို ကုသပေး ကြပါသောဆရာဝန်ကြီးများနှင့် အဖွဲ့ဝင်လူကြီးသည် အထူးကြပ်မတ်၍ ကြိုးစားကုသပေး ကြပါသည်။ ဆရာတော့်ဝေဒနာသည် ပြင်းထန်မှုကြောင့် သတိလစ်သည် အထိပင် ဖြစ်နေရှာ ၏။ ထို့နောက် တပည့်သံဃာများ၊ ဆရာဝန်ကြီးများ၊ ရိပ်သာအဖွဲ့ဝင်လူကြီး၊ ရင်းနှီးသော ဒါကာ ဒါကာမများအားလုံးတိုင်ပင်၍ ဆရာတော်ဘုရားကို ပြာသိုလပြည့်ကျော် (၆)ရက် နံနက် (၆)နာရီ ရထားဖြင့် မူလကသစ်ဝိုင်ကျောင်းတိုက်ကြီးသို့ ပြန်လည်ပင့်ဆောင်တော်မူ ခဲ့ကြပါသည်။ ရန်ကုန်တွင် (၂၉)ရက်ကြာ ဆေးကုသခဲ့ရ၏။


ထိုမှတဖန် ဝေါမြို့မှ မြန်မာသမားတော်ကြီး ဦးစံရွှေနှင့် တိုင်ပင်၍ ဗမာ့ဆေးဝါးများနှင့် ထပ်မံကုသကြပါသည်။ ပြာသိုလပြည့်ကျော် (၇)ရက်နေ့တွင် စ၍ များစွာ ငြိမ်သက်တော်မူ၏။ ရေတောင်းသည်မှအပ မည်သည့်စကားများကိုမျှ မမိန့်တော့ပါ။ တစ်ခါတစ်ရံတွင် အိပ်ပျော် နေဟန် သို့မဟုတ် တရားနှလုံးသွင်းနေဟန်ရှိ၏။ ထင်ရှားသည်မှာ ပြာသိုလပြည့်ကျော်(၉) ရက်နေ့တွင် ကျုံတူဆရာတော်ဘုရားနှင့် ကံဦးကျောင်းဆရာတော်များ ကြွရောက်လာပြီး “ဦးရေဝတနေကောင်းရဲ့လား” ဟု မေးသောအခါ ခေါင်းငြိမ့်၍ လက်အုပ်ချီ ကန်တော့ပြီးလျှင် မျက်စိမှိတ်လျှက် တရားကို ဆက်လက်နှလုံးသွင်းတော်မူနေ၏။
ဆရာတော်ဘုရားသည် နတ်တော်လဆန်း (၁၂)ရက်နေ့မှ ပြာသိုလပြည့်ကျော် (၉)ရက်နေ့အထိတစ်လနှင့် (၁၂)ရက်ကြာ ပြင်းထန်ဝေဒနာခံစားကာ ဆေးကုနေစဉ် ၁၃၂၇-ခုနှစ်၊ ပြာသို လပြည့်ကျော် (၉)ရက် စနေနေ့ နံနက် (၁၁)နာရီ မိနစ်(၅၀)အချိန်တွင် ဆရာတော်ဘုရားသည် ခန္ဓာဝန်ချတော်မူခဲ့လေသည်။ ကျေးဇူးရှင်မူလကသစ်ဝိုင်ဆရာတော် ဘုရားကြီးသည် သက်တော် (၄၃)နှစ်၊ ဝါတော် (၂၃)ဝါ မှအစပြု၍ သက်တော် (၆၂)နှစ်၊ သိက္ခာတော် (၄၂) ဝါ ပျံလွန်တော်မူသည်အထိ ကသစ်ဝိုင်ကျောင်းတိုက်ကြီးတွင် သီတင်းသုံးခဲ့ပါသည်။

ရဟန်းကိစ္စ နှစ်ဓူရ၌ လုံလအားကြီးတော်မူ၍ ဟိတ်ဟန်နည်းသော၊ ရဟန်းတို့ သာသနာပြုရာ၌ ပြုလုပ်အားထုတ်အပ်သော ဂန္ထဓူရ စာပေ သင်ကြားပို့ချခြင်းကို သာမဏေဘဝမှ ရဟန်း(၂၂)ဝါ တိုင် သာသနာတာဝန်ထမ်းဆောင်တော်မူခဲ့သော၊ ဝိပဿနာဓူရတွင်လည်း မိမိကိုယ်တိုင် လည်းတရားအားထုတ် သူတစ်ပါးကိုလည်း ပြောဟောပြသ ဆုံမတော်မူခဲ့သော ကျေးဇူးရှင် မူလ ကသစ်ဝိုင် ဆရာတော်ဘုရားသည် သိက္ခာတော် (၄၂) ဝါတိုင်တိုင် အာယုကပ်သက်တမ်း ကုန်ဆုံးတော်မူသည်အထိ သာသနာ့တာဝန်ကို ကျေပွန်စွာထမ်းရွက်တော်မူခဲ့ပါ၏။