Wednesday, December 29, 2010

သောင်းပြောင်းထွေလာ သံပေါက်စာများ အပိုင်း (၅)

မဟာစေတီ၊ ပဲခူးမြို့

နိဗ္ဗာန်လိုလား ယောဂီများ ကြိုးစားကျင့်ကြပါ။

ရုပ်နာမ်နှစ်ခု ဖြစ်ပျက်မှု မရှုသူဟာ
အသက်တရာ ရှည်မြင့်ကြာ၊ သူဟာ လူ့ငနွား။

ရုပ်နာမ်အပေါင်း ဖြစ်ပျက်ကြောင်း ကောင်းစွာရှုထား
ထိုသူဟာ အသက်တနေ့ နေသရွေ့ ခေါ်ဟေ့ လူသိကြား။

ငါလုပ် ငါရ၊ ငါသာပ ဒါမှ ငါ့တွက်တာ။

မောဟအကြိုက် နင်လိုလိုက် ငိုဟိုက်အပူပွါး။

ပြင်ပစီးပွါး သားမယား ငါကားမပိုင်ပါ။

ငါကားမပိုင် အများဆိုင် ဘုံဆိုင်လို့သာထားလိုက်ပါ။

ငါပြုတဲ့ကံ၊ ငါ့နောက်ထံ ရောက်ပြန်ဘဝလိုက်လေစွ။

ငါ ကိုယ်မဟုတ် ဒိဋ္ဌိပြုတ် ဇချုပ်နိဗ္ဗာန်နော်။


(၁၃၂၄)ခုနှစ်၊ ဝါခေါင်လဆန်းတွင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ
ကျေးဇူးတော်ရှင် ကသစ်ဝိုင်ဆရာတော် ဘဒ္ဒန္တ ပဒုမ
ရေးသားသီကုံးအပ်သော သောင်းပြောင်းထွေလာ သံပေါက်စာများ

Tuesday, November 23, 2010

သောင်းပြောင်းထွေလာ သံပေါက်စာများ အပိုင်း (၄)


“ပဲခူးမြို့ ရွှေသာလျောင်းရုပ်ပွါးတော်”

အကောင်းတွေ ချက်၊ ကျောင်းကိုထွက် နှစ်သက်မြိန်စွာစားကြတယ်။

ဒီလိုသာချက်၊ ကျောင်းကန်ထွက်၊ ပျော်ပွဲစားထွက်လို့သာဆိုချင်တယ်။

ကျောင်းကို ရောက်သော်၊ လူစုံနော် ဘယ်ပုံဘယ်ဒင်းပြောကြတယ်။

လုံးစုံမကျန် ပြောပြီးပြန် သီလခံကြတယ်။

မိရိုးဖလာ ရှိလို့သာ ဘာသာတရားယူကြတယ်။

ဥပုပ်ကိုစောင့်၊ စိတ်မဖြောင့် ကြောင့်ကြောင့်ကြကြရှိလှတယ်။

ဆိတ်ငြိမ်အရပ် တရားမှတ်၊ မပြတ်နေသင့်တယ်။

ဝါတွင်းဥပုပ်၊ လွန်ကြိုးကုတ် အားထုတ်သင့်လှတယ်။

(၁၃၂၄)ခုနှစ်၊ ဝါခေါင်လဆန်းတွင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင် ကသစ်ဝိုင်ဆရာတော် ဘဒ္ဒန္တ ပဒုမ
ရေးသားသီကုံးအပ်သော သောင်းပြောင်းထွေလာ သံပေါက်စာများ

Thursday, September 2, 2010

သောင်းပြောင်းထွေလာ သံပေါက်စာများ အပိုင်း (၃)

 ပဲခူးမြို့မှ သမိုင်းဝင် ရွှေမော်ဓောစေတီတော်မြတ်

ဖိုးစစ် မျိုးမှန်၊ တရားသံ၊ မြန်မြန်အိပ်သည့်ခေတ်။

ခုခေတ်ကာလ ညာ(လိမ်)ပေးမှ၊ သဘာဝကျသည့်ခေတ်။

ကျင့်ဝတ်တရား ဆုံးမငြား၊ နားခါးလေသည့်ခေတ်။

ကိုယ်လည်း မသိ ကျင့်နတ္ထိ၊ သိသူရှားသည့်ခေတ်။

တရားသံကြား ဝေးက သွား၊ ရှောင်ရှားလေသည့်ခေတ်။

ရုပ်ရှင် ဇာတ်ပွဲ ထိုရုံထဲ၊ မစဲလေသည့်ခေတ်။

မင်္ဂလာတရား ထိုစကား၊ ခေါင်းပါးလေသည့်ခေတ်။

သက်ကြီးစကား သယ်ငယ်ကား၊ ပယ်ရှားလေသည့်ခေတ်။

မဟုတ်မမှန် ခွန်းတုံ့ပြန်၊ နှုတ်လှန်ထိုးသည့်ခေတ်။

အစစ်ကိုရှောင် အတုဆောင်၊ ယောင်ဆောင်ပေါသည့်ခေတ်။

ဆေးဝါးကုသူ ရဟန်းမူ၊ လှူသူပေါသည့်ခေတ်။

ဗေဒင်ဓါတ်ရိုက် နတ်စိမ်းတိုက်၊ အကြိုက်တွေ့သည့်ခေတ်။

သံသရာ နောင်ရေး ဘေးမတွေး၊ လှူပေးလေသည့်ခေတ်။

ကျောင်းဝင်းမြိုင်မြိုင်၊ ရေဒီယိုကိုင်၊ ကျောင်းထိုင်လေသည့်ခေတ်။

သံသရာကျွတ်တန်း၊ မရည်မှန်း၊ ရဟန်းခံလေသည့်ခေတ်။

သင်္ကန်းသပိတ်၊ ကျောင်းတွင်းသိပ်၊ ပိတ်၍ထားသည့်ခေတ်။

တပည့်တပန်း မပေးကမ်း၊ ငမ်းငမ်းတက်သည့်ခေတ်။

ကျောင်းထိုင်ဆရာတော် အမည်ပေါ်၊ ဂုဏ်နော်များသည့်ခေတ်။

ဓာတ်စက်မပါ အလှူမှာ ဆရာ-ပါမကြိုက်သည့်ခေတ်။

အိုးစည်ဗုံမောင်း တပြောင်းပြောင်း၊ ကျောင်းမှာဆူသည့်ခေတ်။

ဒကာလျှောက်ကြား ထိုစကား၊ မှန်ပါ့ဘုရားလိုက်သည့်ခေတ်။

တောလက်ကျေးရွာ ကျောင်းတိုင်းမှာ စာပေရှားသည့်ခေတ်။

ဘုရားအကြိုက် ငါမလိုက်၊ ဒကာအကြိုက်လိုက်သည့်ခေတ်။

ဆရာကျေးဇူး၊ ဂုဏ်အထူး၊ မေ့မူးလေသည့်ခေတ်။ 

မိဘနှစ်ပါး ပုဂ္ဂိုလ်များ ပစ်ထားလေသည့်ခေတ်။

အရက်ထိုထို သောက်စားမြို၊ ဆိုရှယ်ကျသည့်ခေတ်။

ရောင်းရေး ဝယ်ရေး မှန်မပေး၊ အလေးခိုးသည့်ခေတ်။

ပိတ်ဖြူစလွယ် အရပ်လည်၊ ဆန် လည်တောင်းသည့်ခေတ်။

(၁၃၂၄)ခုနှစ်၊ ဝါခေါင်လဆန်းတွင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင် ကသစ်ဝိုင်ဆရာတော် ဘဒ္ဒန္တ ပဒုမ 
ရေးသားသီကုံးအပ်သော သောင်းပြောင်းထွေလာ သံပေါက်စာများ

Monday, August 30, 2010

သောင်းပြောင်းထွေလာ သံပေါက်စာများ အပိုင်း (၂)


ဥပုလ်စောင့်သွား၊ အိုလူသား ဘာများ နင်ကျင့်တယ်။

ကြက် ဝက် ဆိတ် ငါး ချက်ခါ သွား၊ ငါကား ကျောင်းထွက်တယ်။

ကျောင်းကန်ကိုရောက်၊ ဟိုဒီလျှောက် တစ်ယောက်တစ်ပေါက် ပြောကြတယ်။

ရုပ်နာမ် အစု ဖြစ်ပျက်မှု၊ မရှုပဲသာ နေကြတယ်။

သူများ ကျွေးလှူ ဗိုက်တွေပူ၊ စူနေအောင်သာ စားခဲ့တယ်။ 

ပုတီးကို ချိတ်၊ နေကုန်အိပ်၊ တိတ်ဆိတ်စွာသာ နေကြတယ်။

စားချိန်ရောက်သော် တစ်ကြော်ကြော် အော်ခေါ်လို့သာ ရှိကြတယ်။

နေကုန် မိုးချုပ် အိမ်ပြန်သုတ်၊ ဥပုပ်သည်လို့ ခေါ်ကြတယ်။

Tuesday, August 10, 2010

သောင်းပြောင်းထွေလာ သံပေါက်စာများ အပိုင်း (၁)


မသေခင်ချစ်၊ သေလျှင်ပြစ်၊ စင်စစ် တွေးတောထား။ 

မသေခင်သုံး၊ သေလျှင်မုန်း၊ လုံးလုံးနှလုံးပွါး။

မသေခင် ပေါင်း၊ သေလျှင် ခေါင်း အကြောင်းဤသို့များ။ 

မသေခင် ရုပ်၊ သေလျှင် ပုပ်၊ “ငါ” ဟုတ်သေးရဲ့လား။

မသေခင် ထုတ်၊ သေလျှင် မြုပ် ဒါ ရုပ် ဒါ နာမ်လား။

မသေခင် မွှေး၊ သေလျှင် ပြေး၊ ဘယ်ရေးမလှပါ။
မသေခင် ဆို၊ သေလျှင် ငို ငါ့ကိုယ် ဟုတ်သလား။
မသေခင် ကြံ၊ သေလျှင် ခံ ဖန်ဖန် နင်တွေးထား။

မသေခင် ခေါ်၊ သေလျှင် အော် “ငါ” နော်အပုပ်ပဲ။ 

မသေခင် လှ၊ သေလျှင် ပွ၊ ဘာမျှ မကောင်း ရုပ်အလောင်း။
မသေခင် ထား၊ သေလျှင် သွား “ငါ” ကား ကိုယ်ပိုင်မရှိပါ။ 

ရုပ်နာမ်မထင် ထိုသူလျှင် ပါယ်ခွင်ရောက်လိမ့်များ။

(၁၃၂၄)ခုနှစ်၊ ဝါခေါင်လဆန်းတွင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင် ကသစ်ဝိုင်ဆရာတော် ဘဒ္ဒန္တ ပဒုမ 
ရေးသားသီကုံးအပ်သော သောင်းပြောင်းထွေလာ သံပေါက်စာများ

Friday, August 6, 2010

ဆရာတော်ဘဒ္ဒန္တပဒုမ၏ ထေရုပတ္တိ (နိဂုံး)

သာသနာ့တာဝန်များကို ကိုယ်ကျိုးမဖက် အနစ်နာခံကာ ကြိုးစားဆောင်ရွက်တော်မူခဲ့ကာ နောက်ပိုင်းနှစ်များတွင် နေထိုင်မကောင်းမှုများ မကြာခဏဖြစ်ခဲ့ပြီးနောက် ဆရာတော်ဦးပဒုမသည် (၁၃၇၀)ခုနှစ် တပေါင်းလဆုတ် (၉)ရက်၊ (၁၉-မတ်-၂၀၀၉) ကြာသပတေးနေ့ ညနေ (၄း၂၀) မိနစ် အချိန်တွင် ပဲခူးမြို့၊ အောင်မင်းခေါင်ကုန်းမြေ၊ ကသစ်ဝိုင်ဓမ္မရိပ်သာကြီး၌ တစ်ဘဝခန္ဓာ ဇာတ်သိမ်းတော်မူခဲ့ပါသည်။

တင့်တယ် လျှောက်ပတ် ပူဇော်ကြ
ဆရာတော်ကြီး၏ ဥတုဇရုပ်လောင်းစံကျောင်းတော်၌ သီတင်းသုံးစဉ် ဓမ္မကထိကများ ပင့်ဆောင်၍ တရားပွဲကြီးကို သုံးညတိုင်တိုင် ကျင်းပပြုလုပ် ပူဇော်ကြပါသည်။  ဆရာတော်ကြီး၏ ဥတုဇရုပ်လောင်းတော်ကို (၁၃၇၀)ခုနှစ် နှောင်းတန်ခူးလဆန်း (၂)ရက်၊ (၂၇-မတ်-၂၀၀၉) သောကြာနေ့တွင် ကြီးကျယ်ခမ်းနားစွာ တပည့်သံဃာ သီလရှင် ယောဂီ ဆွေတော်မျိုးတော်၊ မြို့သူ မြို့သား ပရိတ်သတ်တို့သည် ဆရာတော်ကြီး၏ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သော သနပ်ပင်မြို့ အောက်စုရပ်ကွက်ရှိ သုဿန်၌ လျောက်ပတ်တင့်တယ်စွာ မီးသင်္ဂြိုလ် ပူဇော်ကြပါသည်။

(၁၃၇၀)ခုနှစ် နှောင်းတန်ခူးလဆန်း (၁၃)ရက်၊ (၇-ဧပြီလ-၂၀၀၉) အင်္ဂါနေ့တွင် ရန်ကုန်တိုင်း ဦးတင်လှိုင်+(ဒေါ်ခင်စန်းကြည်)မိသားစုတို့မှ ဦးဆောင်မတည်၍ တပည့်ဒါယကာ ဒါယိကာမများက မန်းကျောင်းတိုက် ဓမ္မရိပ်သာ၌ ဘုရားအမှူးရှိသော ထေရ်သံဃာအရှင်မြတ်များနှင့် ဧည့်ပရိတ်သတ်တို့အား ဆွမ်းအစရှိသော ဒါတဗ္ဗဝတ္ထုအစုစုတို့ကို လှူဒါန်းကြပြီး ဓမ္မာနုဂ္ဂဟ အမျှတန်းပေးဝေကာ တရားဖြင့် ကျေးဇူးဆပ်ပူဇော်ကြပါသည်။
နေ့ (၁)နာရီ အချိန်တွင် စစ်တောင်းမြစ် မြစ်လက်တက် တူးမြောင်း သနပ်ပင်ချောင်းတွင် ခမ်းခမ်းနားနား တင့်တယ်စွာ စုပေါင်း၍ သရီရဓာတူဒက အရိုးဓာတ်ပြာမျှော ပူဇော်ပွဲကို ကျင်းပပြုလုပ်ကြပါသည်။

ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး၏ တစ်ဘဝနိဂုံး ပြီးဆုံးပါသော်လည်း ဆရာတော်ဘုရားကြီး၏ အရိပ်၊ ဆုံးမသြဝါဒ၊ ပြုခဲ့သော သာသနာအပေါ် ကြည်ညိုဖွယ်ရာ ကောင်းလှပါပေသည်။ သရီရဓာတူဒက အရိုးဓာတ်ပြာရေမျှောပူဇော်ပွဲ စည်ကားသိုက်မြိုက်ဖြစ်မြောက်အောင် ဦးဆောင်မတည်ပေးသော ဆရာတော်၏ တပည့်များဖြစ်သော ရန်ကုန်မြို့မှ ဦးတင်လှိုင်+ဒေါ်ခင်စန်းကြည် မိသားစုတို့နှင့် တပည့်ဒကာ ဒကာများအားလုံး၏ ကျေးဇူးသိတတ်မှုကို မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
 သနပ်မြို့၊ မန်းကျောင်းတိုက်အတွင်းဝယ် ဆရာတော်ဦးပဒုမ သီတင်းသုံးနေထိုင်ခဲ့သော ကျောင်းတိုက်။

Saturday, April 17, 2010

နှစ်သစ် ဆုတောင်း။

မူလ ကသစ်ဝိုင်ဝိပဿနာ အောင်မင်းခေါင်ဓမ္မရိပ်သာမှ ကမ္ဘာတစ်လွှားတွင်ရှိသော ဓမ္မမိတ်ဆွေအပေါင်းတို့အား 
နှစ်သစ်တွင် ရုပ်ကျန်းမာ၍ နာမ်ချမ်းသာကြပါစေကြောင်း 
ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။ 

ဓမ္မရိပ်သာ ဝေယျာဝစ္စအဖွဲ့

Monday, April 12, 2010

ဆရာတော်ဘဒ္ဒန္တပဒုမ၏ ထေရုပတ္တိ အပိုင်း (၃)


ကျေးဇူးရှင်မူလကသစ်ဝိုင်ဆရာတော်ကြီး နှင့်ဆရာတော် ဘဒ္ဒန္တပဒုမ
ကျေးဇူးရှင် မူလ ကသစ်ဝိုင်ဆရာတော်ကြီး၏ ကသစ်ဝိုင်ဓမ္မရိပ်သာများတွင် တစ်ခုအပါအဝင် ဖြစ်သော သနပ်ပင်မြို့၊ အောင်မင်္ဂလာ၊ လေသာကျောင်းတိုက်သည်လည်း အပါအဝင်ဖြစ်ခဲ့ပါသည်။ ကျေးဇူးရှင် မူလ ကသစ်ဝိုင် ဆရာတော်ဘုရားကြီး သနပ်မြို့သို့ တရားဟောတရားပြရန်အတွက် ကြွရောက်လာစဉ် ဆရာတော်ဘဒ္ဒန္တပဒုမ၏ အစ်မများက ကျေးဇူးရှင် မူလ ကသစ်ဝိုင် ဆရာတော်ကြီး တရားကို ကြားနာလိုသောကြောင့် တရားနာသွားရန် အဖေါ်လိုက်ခဲ့ဖို့ ခေါ်သောကြောင့် အစ်မများနှင့်အတူ တရားနာရန် လိုက်ပါသွားခဲ့ပါသည်။ ထိုအခါ ကျေးဇူးရှင် မူလ ကသစ်ဝိုင် ဆရာတော်ဘုရားကြီး၏ တရားကို ကိုယ်တိုင်လည်း ကြည်ညို၊ အလွန်ပင်နှစ်သက် သဘောကျခဲ့လေသည်။ ဆရာတော်သည် တစ်ဆယ့်သုံးဝါမြောက်တွင် မူလကသစ်ဝိုင်ဆရာတော်ကြီး၏ ခြေတော်ရင်းသို့ ဝပ်ဆင်းခိုလှုံခါ နှစ်ပေါင်းများစွာ အာစရိယမုဋ္ဌိ လက်ဆုပ်လက်ကိုင် ပိုင်ပိုင်နည်းယူလျှက် သင်သိဝိပဿနာ၊ ကျင့်သိဝိပဿနာ တို့ကို သေချာဂဏ အားထုတ် ဖြည့်ကျင့်တော်မူပြီးနောက် သူတော်ကောင်းတို့၏ ထုံးကို နှလုံးမူ၍ စွမ်းအားနှင့်ပြည့်စုံသော ယောကျာ်းကောင်းသည် မိမိ တစ်ဦးတစ်ယောက်တည်း သံသရာတည်းဟူသောဝဲမှ လွတ်မြောက်အောင်မကူးမူ၍ သတ္တဝါ ဝေနေယျအများ ကိုလည်း လွတ်မြောက်စေအံ့ဟု ရည်ရွယ်ချက်ဖြင့် သနပ်ပင်မြို့မှ တပည့် ဒကာ၊ ဒကာမများကိုလည်း ကသစ်ဝိုင်တရားအရသာကို သိစေချင်သော စေတနာ တို့ကြောင့် ဓမ္မရိပ်သာလည်း ဖွင့်နိုင်ရန် အထူးကြိုးစားခဲ့ပါသည်။
ဆရာတော်ဘဒ္ဒန္တပဒုမသည် ကြိုးစား ရည်မှန်းထားသည့်အတိုင်းပင် သနပ်ပင်မြို့၊ မန်းကျောင်းတိုက်၌ ကသစ်ဝိုင်ဓမ္မ ရိပ်သာကို (၁၃၂၃)-ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ သနပ်ပင်မြို့ရှိ ဆရာတော်၏ ဆွေမျိုးများနှင့် မူရင်းတပည့် ဒကာ၊ ဒကာမ များက လျှောက်ထား တောင်းပန်မှုကြောင့်လည်းကောင်း၊ ကသစ်ဝိုင်ဝိပဿနာတရား ပွါးများအားထုတ်စေရန် ဒကာ ဒကာမများအပေါ် ကောင်းမြတ်သော စိတ်စေတနာဖြင့် ကျေးဇူးရှင် မူလ ကသစ်ဝိုင် ဆရာတော်ဘုရား၏ ကိုယ်စား ဝိပဿနာ တရားတော်များကို စတင်ပြသခဲ့ပါသည်။ ဆွေမျိုးများနှင့် မူရင်းတပည့် ဒကာ၊ ဒကာမများကလည်း ဓမ္မရိပ်သာ ဖွင့်လှစ်နိုင်ရေးကို ဝိုင်းဝန်းကြိုးစားပေးကြ၏။ ဓမ္မရိပ်သာကြီး စတင်ဖွင့်စဉ်အခါက တရားဝင်ယောဂီများသည်လည်း မိမိတို့အိမ်မှ ထမင်းချိုင့် ကလေးများဖြင့် ကသစ်ဝိုင်တရားအရိပ်ကို ကြိုးစားဝင်ရောက်ခိုလှုံခဲ့ကြပါသည်။ ထိုစဉ်အခါက သနပ်ပင်မြို့ရှိ မန်းကျောင်းတိုက်သည် တောအုပ်သဖွယ်ဖြစ်နေသော နေရာလေးဖြစ်ပါသည်။ ထို့ကြောင့် ရိပ်သာဖြစ်မြောက်ရေးအတွက် မြို့ခံဒကာ ဒကာမများနှင့် ဆရာတော်၏ ကြိုးစားမှုကြောင့် ရိပ်သာလေးသည် တစထက် တစတိုးတက်လာခဲ့ပါသည်။ ထို့နောက် သနပ်ပင်မြို့၊ မန်းကျောင်းတိုက်တွင် ကသစ်ဝိုင် ဓမ္မရိပ်သာ တရားပတ်စဉ်များတွင် တရားဝင်ယောဂီ အထူးများပြားခဲ့ပါသည်။ ထိုမှ တဆင့် ဆရာတော်၏ တရားဟောစွမ်းရည်ကို ကြည်ညိုနှစ်ခြိုက်ကြသော ပဲခူးမြို့ရှိ အောင်မင်းခေါင်ဓမ္မရိပ်သာမှ ဒကာ ဒကာမဖြစ်သော ဦးဘသိန်း+ဒေါ်စိန်၊ ဦးပါ+ဒေါ်ချစ်တို့၏ ပင့်ဖိတ်သောကြောင့် ပဲခူးမြို့သို့ သာသနာ့တာဝန် ထမ်းဆောင်ရန် ရောက်ရှိခဲ့ရပြန်ပါသည်။
ဆက်လက်ဖော်ပြပါမည်...။

Saturday, April 3, 2010

ဆရာတော်ဘဒ္ဒန္တပဒုမ၏ ထေရုပတ္တိ အပိုင်း (၂)



သံဃာ့တာဝန်လွန်ကျေပွန်

ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့စည်းကြီး ပေါ်ပေါက်လာရာတွင် ဆရာတော်သံဃာများက ပေးအပ်သော တာဝန်များကို အောက်ပါအတိုင်း တာဝန်ယူ ထမ်းဆောင်ခဲ့ပါသည်။
  • ပထမအကြိမ် သမ္မုတိရနှင့် တိုင်းသံဃာဝန်ဆောင်
  • ဒုတိယအကြိမ် သမ္မုတိရနှင့် တိုင်းသံဃာဝန်ဆောင်
  • တတိယအကြိမ် သမ္မုတိရနှင့် မြို့နယ်ဩဝါဒါစရိယ
  • စတုတ္ထအကြိမ် သမ္မုတိရနှင့် မြို့နယ်ဩဝါဒါစရိယ
  • ပဉ္စအကြိမ် ဗဟိုသမ္မုတိရ
သာသနာ့ဝန်ထမ်းဘဝ
အောက်ပါ တာဝန်များကိုလည်း တာဝန်ယူ ဆောင်ရွက်တော်မူခဲ့ပါသည်။
  • နာယက၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာအဖွဲ့ချုပ်မှ ကျင်းပပြုလုပ်သော သံယုတ်စာမေးပွဲ ဖြစ်မြောက်ရေး မြို့နယ်အာဒိကနိကဩဝါဒစရိယ။
  • ဩဝါဒစရိယ၊ ဝိနယာဓိက ပရိယတ္တိစာမေးပွဲ၊ ပဲခူးမြို့။
  • မဟာနာယက၊ သုဓမ္မာပဝါရဏာဂိုဏ်း၊ သနပ်ပင်မြို့။
  • ဩဝါဒစရိယ၊ မြို့နယ်လုံးဆိုင်ရာသာသနာပါဒက စာတော်ပြန်ပွဲ၊ သနပ်ပင်မြို့။
  • ဩဝါဒစရိယ၊ အောင်ချမ်းသာဘုရားကြီး၊ သနပ်ပင်မြို့။
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ
သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ပြန့်ပွါးရေးဦးစီးရေးဌာနသည် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ကို သံဃာများ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော် ဆက်ကပ် လျှက်ရှိရာ ၁၃၅၆-ခုနှစ်၊ ၁၉၉၄-ခုနှစ်အတွက် သာသနာတော်အား ချီးမြှောက်သောအားဖြင့် ဘွဲ့တံဆိပ်ဆက်ကပ်ရာ၌ ပဲခူးမြို့၊ အောင်မင်းခေါင် ကုန်းမြေ ကသစ်ဝိုင် ဓမ္မရိပ်သာကြီး၏ ပဓာနဩဝါဒ ကမ္မဌာနာစရိယ ဆရာတော်ဘဒ္ဒန္တပဒုမ အရှင်မြတ်သည် တစ်ပါး အပါအဝင် ဖြစ်ခဲ့ပါသည်။ ဝိနည်းကို အထူးလေးစားသူဖြစ်ကာ ဆရာတော်၏ အပင်ပန်းခံနိုင်မှု၊ စည်းကမ်းရှိမှု၊ ရောင့်ရဲ နိုင်မှု၊ စေတနာအားကောင်းမှု၊ တပည့် သံဃာများအပေါ် အလွန်ပင် သာသနာ့အမွေ ပေးချင်သူ၊ တရားဟောစွမ်းရည်မြင့်မားသူစသော ဆရာတော်၏ ဂုဏ်သတင်းတို့သည် ပြောမကုန်နိုင်အောင်ပင် ဖြစ်ပါသည်။ ထိုကြောင့်ပင် ဆရာတော်၏သီလ၊ သမာဓိ၊ ပညာ ဂုဏ်တို့ဖြင့် ပြည့်စုံသော သာသနာဘွဲ့ဖြစ်သော “အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ” ဘွဲ့ကို ထိုက်တန်စွာ ရရှိခဲ့ခြင်း ဖြစ်ပါသည်။

ကသစ်ဝိုင် သာသနာ့အာဇာနည်
မြန်မာနိုင်ငံတော်သည် ထေရဝါရသာသနာထွန်းကားမှုကြောင့် နိုင်ငံရပ်ခြားတိုင်းတပါးတို့မှလည်း မြန်မာ နိုင်ငံသို့ တဖွဲဖွဲ လာရောက်ဆည်းပူး လေ့လာအားထုတ်ကြသည့် ရိပ်သာများမှာ မဟာစည်၊ ဝေဘူ၊ မိုးကုတ်၊ စွန်းလွန်း စသည်ဖြင့် ရှိကြရာ ကသစ်ဝိုင်သာသနာသည်လည်း ဖေါ်ပြပါ သာသနာများနှင့် မရှေးမနှောင်း ပွင့်လန်းပေါ်ပေါက်လာခဲ့သော သာသနာ တစ်ရပ်ဖြစ်ခဲ့ပါသည်။ကျေးဇူးရှင် မူလ ကသစ်ဝိုင် ဆရာတော်ကြီးအားထုတ်ခဲ့သော ကသစ်ဝိုင်ဝိပဿနာသည် ကမ္မဋ္ဌာန်း လုပ်ငန်း တရားစခန်းများ၊ ဓမ္မရိပ်သာများဖြင့် ဖွင့်လှစ်၍ သာသနာပြုခဲ့ပါသည်။ ကသစ်ဝိုင်သာသနာ့သမိုင်းတွင် မြင့်မားသော သာသနာ့ဘွဲ့တံဆိပ် ယခင်က ရရှိခဲ့ခြင်းမရှိသေးပေ။
ဆရာတော်ဦးပဒုမသည် ကမ္မဋ္ဌာနတရားစခန်းများ၊ ဓမ္မရိပ်သာတို့၌ ကျေးဇူးရှင် (မူလ)ကသစ်ဝိုင် ဆရာတော် ဘုရားကြီး၏ ဥပနိသျနှင့်အညီ၊ ဆရာတော်ကြီး၏ စည်းကမ်းများ၊ ဩဝါဒများအတိုင်း တသွေမတိမ်း လိုက်နာလျက် သာသနာပြုခဲ့ခြင်း ဖြစ်ပါသည်။ ကျေးဇူးရှင်ဆရာတော်ကြီး၏ သာသနာ့အမွေခံ အာဇာနည်တစ်ပါး “အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ” အဖြစ် ကသစ်ဝိုင်သာသနာတွင် ပထမ ဦးစွာပေါ်ထွန်းလာခဲ့ပြီ ဖြစ်ပါသည်။ ဆရာတော်ဦးပဒုမသည် သာသနာရေးနှင့်ဆိုင်သော သာသနာလုပ်ငန်း တာဝန်များအား မမှိတ်မသုန် ထမ်းဆောင်ခြင်းဖြင့်၎င်း၊ ကသစ်ဝိုင်သာသနာကို အစွန်းအပဲ့မခံ အလွဲအမှားမရှိ ပကတိသဘော တရားအတိုင်း ကျေးဇူးရှင်မူလကသစ်ဝိုင်ဆရာတော်ကြီး၏ အရိပ်ကိုခိုကာ သာသနာပြုခဲ့ခြင်းကြောင့် ဤဘွဲ့ထူးကို ဆွတ်ခူးခဲ့ခြင်းဖြစ်ပါသည်။

ဘွဲ့ထူးထိုက်လှ ဘဒ္ဒန္တပဒုမ
ယခုအချိန်အထိ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့ထူးသည် တစ်နိုင်ငံလုံးတွင် (၉)ပါးသာ ချီးမြှင့်ခြင်း နိုင်ခဲ့ရပါသည်။ မြန်မာနိုင်ငံ တွင် သံဃာပေါင်းသိန်းဂဏန်းရှိပြီး ကမ္မဋ္ဌာန်းဌာနများစွာရှိနေခဲ့ရာ (၉)ပါးမျှ ဖြစ်တောင့် ဖြစ်ခဲရတောင့်ရခဲအသွင်ကို ဆောင်နေပါသည်။ သာသနာ့တာဝန်ထမ်း ရဟန်းဘဝတစ်လျှောက်တွင် သာသနာနှင့်စပ်လျဉ်း၍ အငြိအစွန်းမရှိ၊ ဝိနည်းသိက္ခာဆောင်ကာ သံဃာအကျိုးသည်ပိုးလျက် ကမ္မဋ္ဌာနာ စရိယလုပ်ငန်းများ အပေါ်အခြေခံပြီး၊ “အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ” ဘွဲ့ထူးကို ချီးမြှောက်ခြင်း ဖြစ်ပါသည်။ ကသစ်ဝိုင်သာသနာကို အလင်းဆောင်သည့် ဘဒ္ဒန္တပဒုမသည် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘွဲ့ထူးနှင့် ထိုက်တန်သောကြောင့် ချီးမြှင့်ခံရမှုအတွက် ကသစ်ဝိုင် သာသနာ့ ဝန်ထမ်းများနှင့် သာသနာပြုအဖွဲ့အသီးသီးမှ အထူး လေးစားကြည်ညိုမှုဖြင့် ဘွဲ့ထူးခံဆရာတော်ဖြစ်ခဲ့ပါသည်။
ပဲခူးတိုင်း၊ ပဲခူးမြို့ အောင်မင်းခေါင်ကုန်းမြေ ကသစ်ဝိုင်ဝိပဿနာဓမ္မရိပ်သာကြီးနှင့် သနပ်ပင်မြို့ မန်းကျောင်းတိုက် ကသစ်ဝိုင် ဓမ္မရိပ်သာကြီးတို့အပြင် နယ်အသီးသီးမှ ကသစ်ဝိုင်ဓမ္မရိပ်သာကြီးများ၏ ပဓာနနာယကဖြစ်တော်မူသော ဆရာတော်သည် ပရိယတ္တိဝိသာရဒဂုဏ်၊ ကမ္မဋ္ဌာနနယဒဿဂုဏ်၊ ဝိပဿနာဓူရာဝဟဂုဏ်၊ သီလ၊ သမာဓိ၊ ပညာ စသည့် ဂုဏ်တို့နှင့်၎င်း ပြည့်စုံတော်မူသောကြောင့် ရဟန်းရှင်လူပြည်သူအများ၏ အထူးကြည်ညို လေးစားကြခြင်းဖြစ်ပါသည်။


Wednesday, March 24, 2010

ဆရာတော်ဘဒ္ဒန္တပဒုမ၏ ထေရုပတ္တိ အပိုင်း (၁)

(ကျေးဇူးရှင် ဆရာတော်ဘဒ္ဒန္တပဒုမ)

ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်၊ အောက်စုရပ်ကွက်တွင် နေထိုင်သော လယ်လုပ်ငန်းအပြင် နက္ခတ်ဗေဒအတတ်ပညာဖြင့် အသက်မွေးသော ခမည်းတော် ဦးဘိုသောင်နှင့် မယ်တော်ဒေါ်အုံးသင်တို့၏ မွေးချင်းငါးဦးတွင် သားထွေး သားထူးရတနာအဖြစ် (၁၂၈၇)-ခုနှစ် ပြာသိုလပြည့်ကျော် (၃)ရက်၊ ကြာသပတေးနေ့တွင် ဖွားမြင်ခဲ့၏။ ငယ်နာမည်ကို ခမည်းတော်ကိုယ်တိုင် ဇာတာစစ်၍ မောင်စိန်ဝင်း ဟူ၍ မှည့်ခေါ်ခဲ့ပါသည်။
သာသနာဝင်မှတ်တမ်း (၁၈၈၆၅၇)၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဆရာတော် အလောင်းလျာသည် (၁၂၉၇)-ခုနှစ်၊ ဆယ်နှစ်သားအရွယ်တွင် ခမည်းတော်၊ မယ်တော်တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ သနပ်ပင်မြို့ ဝိဇယာရာမ မန်းကျောင်းတိုက်ကြီး၏ ဒုတိယမြောက် ဆရာတော်ဘဒ္ဒန္တဝိဇယ ထံ ဥပစ္ဈာယ်ပြုလျှက် ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ ဥပစ္ဈာယ်ဆရာတော်မှ “ရှင်ပဒုမ” ဟု ဘွဲ့ပေးသနားတော်မူခဲ့ပါ၏။ ဆရာတော်လောင်းလျာသည် ရှင်သာမဏေဘဝ ငယ်နုစဉ်ကာလ၌ ဥပစ္ဈာယ်ဆရာသခင်၏ ခြေတော်ရင်းဝယ် သဒ္ဒါ၊ သင်္ဂြိုလ်၊ ဝိနည်း စသော အခြေခံကျမ်းစာများကို အားထုတ်သင်ယူခြင်း၊ လောကီပညာရေးမှာလည်း သတ္တမတန်း အောင်မြင်သည် အထိ သင်ယူဆည်းပူးခြင်းတို့ဖြင့် လောကီ လောကုတ် အကျိုးမယုတ်ရအောင် အားထုတ် ဖြည့်ကျင့်တော်မူခဲ့ပါသည်။ ထိုခေတ်ကာလ၌ သတ္တမတန်းအထိ အောင်မြင်တော်မူခဲ့သေး၏။ ဆရာတော်သင်ယူခဲ့သော လောကီပညာရေးသည် သနပ်ပင်မြို့ရှိ ဒါယကာ၊ ဒါယိကာမများ အတွက်ဟုပင် ဆိုရလိုဖြစ်ခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် သာသနာရေးဌာနတွင် ဦးစားပေး ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းတစ်ရပ်ဖြစ်သော (ဘက) ခေါ် ဘုန်းတော်ကြီးသင် ပညာရေး စနစ် ဖြစ်ပါသည်။
ဆရာတော်သည် ရှေးယခင် ကိုရင်ကြီးဘဝနှင့် ရဟန်းငယ်ဘဝတို့တွင် ဘုန်းတော်ကြီးကျောင်း သင်ပညာရေးကို ထူထောင်လျှက် သဒ္ဒါတရားထက်သန်စွာဖြင့် အားကြိုးမာန်တက် ဆောင်ရွက်တော်မူခဲ့ပါည်။ ရွာသစ်၊ ကန်ကုန်း၊ ထောင်မင်းစု၊ ပြွန်ပေါက်စသော ရပ်ကွက်များမှ လူလတ်များသည် ဆရာတော်ဘုရား၏ စီမံဆောင်ရွက်ပေးမှုကြောင့် စာပေတတ်မြောက်ခဲ့ကြပါသည်။

တဆင့်တက်လှမ်း မြတ်ရဟန်း
(၁၃၀၆)-ခုနှစ်တွင် သနပ်ပင်မြို့၊ မဟာဝိဇယာရာမမန်းကျောင်းတိုက် ခဏ္ဍသိမ်တော်၌ တတိယ မြောက် ဆရာတော်နန္ဒမာလာကို ဥပစ္ဈာယ်ပြုပြီး ရွာသစ်ရပ်ကွက်မှ ဦးကြာညွန့်၊ ဇနီး ဒေါ်အုံးရှင်တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။

ဂန္ထဓူရ မန်းသို့ကြွ
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မိုးတားတိုက်၊ ပဲခူးကျောင်းတွင် သီတင်းသုံးတော်မူပြီး၊ မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ပရိယတ္တိပါကဋစာချ အကျော်ဆရာတော်ကြီးများထံ ခိုလှုံ၍ နိဿယည်း အဖုံဖုံကို အာဂုံဆောင်နိုင်ရန် ကျမ်းရိုးပေါက်သင်ယူခြင်း၊ ပထမငယ်-လတ်စာမေးပွဲများကို အောင်မြင်သည်အထိ အားထုတ်တော်မူခဲ့ပါသည်။ ဆရာတော်ပဒုမသည် ဆရာတော်ဘဒ္ဒန္တပုည၊ ဆရာတော်ဘဒ္ဒန္တဝိဇယ၊ ဆရာတော်ဘဒ္ဒန္တဝဇိရဗုဒ္ဓိတို့၏ သွန်သင်ဆုံးမ ညွှန်ပြမှုဖြင့် အောက်ပါ စာမေးပွဲများအောင်မြင်ခဲ့ပါသည်။
၁) အစိုးရပထမငယ်တန်း
၂) အစိုးရပထမလတ်တန်း
၃) ဝိနယာဓိကမဇ္ဈိမပဏ္ဏာသပါရဂူ
ဆရာတော်သည် ပဲခူးမြို့၊ ဝိနယာဓိကအသင်းကြီး၏ မဇ္ဈိမပဏ္ဏာသပါရဂူဘွဲ့ထူးကို အာဒိကမ္မိက ပထမဆုံးအောင်မြင်ခြင်း ဖြစ်ပါသည်။

မန်းမြေ ပဲခူးကျောင်း မှ ပဲခူးတိုင်း၊ သနပ်ပင်မြို့ ရှိ မန်းကျောင်းသို့
နောင်သောအခါ ဆရာသမားများ၏ တာဝန်ပေးချက်အရ ပဲခူးမြို့၊ သနပ်ပင်မြို့ရှိ မန်းကျောင်း တိုက်ကို ပြန်လည် ထိန်းသိမ်း စောင့်ရှောက်တော်မူရန် မန္တလေးမှ ပဲခူးမြို့သို့ ပြန်လည်ကြွတော်မူခဲ့၏။ ထို့နောက် သနပ်ပင်မြို့၊ မန်းကျောင်းတိုက်၏ သာသနာ့တာဝန်များကို ဆက်လက် ထမ်းဆောင်တော်မူခဲ့ပါသည်။

ပရိယတ်မမယ်...သိမှတ်ဖွယ်
ဆရာတော်သည် ကိုယ်တိုင်ပရိယတ္တိကို အခြေခံမှစ၍ သင်ယူတော်မူခဲ့၏။ တပည့်များကိုလည်း ပရိယတ္တိပညာသင်ကြားရေး၌ နည်းပေးလမ်းပြဆုံးမခြင်း စာသင်တိုက်ကြီးများသို့ အပ်နှံပေးခြင်း ပစ္စည်းလေးပါးထောက်ပံ့ခြင်း ဂုဏ်ပြုချီးမြှောက်ခြင်းတို့ဖြင့် ဆရာ့တာဝန် ကျေပွန်တော်မူသော ဆရာတစ်ဆူ ဖြစ်ခဲ့ပါပေ၏။ ထို့ကြောင့် ဆရာတော်၏ ခြေတော်ရင်းတွင် စာတတ်ပုဂ္ဂိုလ်များ အနာဂတ်အတွက် အားထားစရာ အမွေခံတပည့်များအဖြစ် သာသနာ့တာဝန် လက်ဆင့်ကမ်းနိုင်ခဲ့ပြီ ဖြစ်ပါသည်။

သနပ်ပင်မှ ပဲခူး အောင်မင်းခေါင်ကုန်းမြေ သို့
ဆရာတော် ဘဒ္ဒန္တပဒုမ၏ ဒါယကာ၊ ဒါယိကာမများဖြစ်ကြသော ဦးဘသိန်း+ဒေါ်စိန် နှင့် ဦးပါ+ဒေါ်ချစ်တို့က ဆရာတော်အား လွန်စွာကြည်ညိုကြသောကြောင့် ပဲခူးမြို့သို့ ကသစ်ဝိုင်ဝိပဿနာ တရားတော်များကို ဟောကြားပေးပါရန် ပင့်လျှောက်ခဲ့ခြင်းအပြင်၊ ယခင်က (မူလ)ကသစ်ဝိုင်ဆရာတော်ဘုရားကြီး၏ သနပ်ပင် ဓမ္မရိပ်သာတွင် တရားဝင် တရားနာယူထားမှုများကြောင့် ပဲခူးမြို့ အောင်မင်းခေါင်တွင် အချိန်ပိုင်း တရားဟော တရားပြ အဖြစ် သာသနာတာဝန်ကို တဆင့် တက်လှမ်းကာ ထမ်းရွက်တော်မူခဲ့လေသည်။ ထို့ကြောင့် ဆရာတော်သည် အောင်မင်းခေါင်ကုန်းမြေ၏ ကသစ်ဝိုင်ဓမ္မရိပ်သာကြီးတွင် ကျေးဇူးရှင် မူလ ကသစ်ဝိုင် ဝိပဿနာ ဆရာတော်ကြီး၏ တပည့်ရင်းငါးပါးတွင် တစ်ပါး အပါအဝင် ဖြစ်ခဲ့ပါသည်။ ထိုမှတဆင့် ဆရာတော်ဘဒ္ဒန္တပဒုမသည် ပဲခူးမြို့ အောင်မင်းခေါင်ကုန်းမြေရှိ ကသစ်ဝိုင်ဓမ္မရိပ်သာကို (၁၃၄၆)-ခုနှစ်တွင် ဓမ္မရိပ်သာကြီး၏ သာသနာ့တာဝန် အားလုံးကို လွဲပြောင်း တာဝန်ယူ ဆောင်ရွက်တော်မူခဲ့ပါ၏။

ဆက်လက်ဖော်ပြပါမည်။


(ဆရာတော်ဘဒ္ဒန္တပဒုမသည် (၁၉-မတ်လ-၂၀၀၉)နေ့တွင် ပျံလွန်တော်မူခဲ့ပြီဖြစ်သဖြင့် ယခုဆိုလျှင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။)