Thursday, April 2, 2009

မူလကသစ်ဝိုင် ဆရာတော်ကြီး ၏ ထေရုပ္ပတ္တိအကျဉ်း (၄)

စာချရဟန်းတော်အရှင်ရေဝတ

ဤသို့ ပါဋ္ဌိတော်၊ အဋ္ဌကထာ၊ ဋီကာ မှစ၍ ပိဋကတ်ကျမ်းစာများကို ကျေနပ်အားရစွာ သင်ကြားတတ်မြောက်ပြီဖြစ်၍ စာချခြင်း၊ စာသင်ကြားပေးခြင်း အလုပ်ဖြင့် သိက္ခာ (၇)-ဝါအရတွင် ဝေါမြို့အနီး ကျုံတူကျောင်းတိုက်ကြီး၌ (၃)နှစ်တိုင်တိုင် (၇-ဝါ မှ ၁၀-ဝါ) စာပို့ချပြန်၏။ ကျုံတူကျောင်းတိုက်ကြီးသည် စာသင်သား (၆၀)ခန့် တို့ဖြင့် နေ့ည မပြတ် စာသင်သားသံဃာတို့၏ ရွတ်ဖတ်သရဇ္ဈယ်သံတို့ဖြင့် ကြည်ညိုဖွယ်ကောင်းလှ၏။ ဆရာတော်သည် မန္တလေးမြို့မှ ပဲခူးတိုင်း၊ ဝေါမြို့ ကျုံတူစာသင်တိုက်တွင် စာပို့ချခြင်း၏ ရည်ရွယ်ချက်မှာ မန္တလေးမြို့၌ ရာထောင်မက များပြားလှသော စာတတ်အကျော်အမော်များ၍အထူးလိုအပ်ဖွယ် မရှိသည်ဖြစ်ခြင်းကြောင့်လည်းကောင်း၊ မိမိ၏ဇာတိစာသင်တိုက်ကို အားပေး လိုသောကြောင့်လည်းကောင်း၊ မိဘနှင့် ဆရာသမားများကို အနီးကပ်စောင့်ရှောက်နိုင်ခြင်းဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်စေလိုသော အကြောင်းများကြောင့်ဖြစ်၏။ ထိုအချိန်မှစ၍ ရဟန်းတော် ဦးရေဝတသည် စာသင်သားတို့၏ အထူးရိုသေလေးစားအားထားခြင်းကို ခံရ၏။ သုံးနှစ်တိုင်တိုင် ကျေးဇူးရှင် ကျုံတူဆရာတော်ကြီးကို ကူညီကာ စာပို့ချခြင်းဖြင့် သာသနာ့တာဝန်ကို ထမ်းဆောင်ပြီးနောက် ပြည်မြို့၊ တက္ကသိုလ်ကျောင်းတိုက်၌ (၂)နှစ် စာပို့ချပြန်၏။ ထို့နောက် (၁၂)-ဝါ အရတွင် အဗျားအထက်စုရွာ မူလဥပဇ္ဈယ်ဆရာ ဆရာတော်ဦးကလျာဏသည် အသက်သိက္ခာ အတော်ကြီးရင့်လာပြီ ဖြစ်သဖြင့် ကျောင်းတိုက်တာဝန်များနှင့် သာသနာဝန်များကို ယုံကြည်စိတ်ချ အားကိုးရသော တပည့်ရဟန်းတော် ဦးရေဝတကို ပြည်မြို့မှ ပြန်ခေါ်၍ အထက်စုအဗျားရွာ ကျောင်းကို အပိုင်အပ်နှံပြီး စာပေပို့ချခိုင်း၏။ ထိုကျောင်းတွင် (၁၀) နှစ်တိုင်တိုင် (၂၂-ဝါ တိုင်အောင်) နေ့ဝါညဝါများကို ကြိုးစားကာ စာပေပို့ချလျှက် သာသနာ့တာဝန်ထမ်းဆောင်၏။

စာချပုံမှာနည်းယူစရာ

ကျေးဇူးရှင်ဆရာတော်ဘုရားကြီးသည် စာပေပို့ချရာတွင် ဥာဏ်လေးသူကို စိတ်အားမပျက်စေရန်နှင့် ဥာဏ်ထက်သူပါ နားလည်လွယ်စေရန် နှစ်ဦးနှစ်ဖက်အတွက်ရည်ရွယ်၍ စာလိုက်နိုင်ရန်၊ စိတ်ဝင်စားနိုင်စေရန် ပို့ချတော်မူလေ့ရှိ၏။ စာသင်သားတို့ အားငယ်စေမည့် ခြောက်လုံး လှန့်လုံးများနှင့် ဟိတ်ဟန်သုံးမှုများကို ရှောင်ရှားကာ သဘောမှန်အတိုင်း ရိုးသားတည်ငြိမ်စွာ အလွယ်အခက်တို့ကိုကြည့်၍ စာသင်သားတို့ အားတက်မှုရှိအောင် ဆွဲဆောင်ပို့ချတော်မူခဲ့၏။ နည်းလမ်းပေးရာတွင်လည်း ဆရာစားမချန် အိပ်သွန်ဖါမှောက် နည်းပေးတော်မူ၏။ ထို့ပြင် စာသင်သားမျာကို စာချနေချိန်တွင် မိမိကိုယ်ကို နာမ်စားသုံးရာတွင် “တပည့်တော်” ဟူ၍သာ ရိုးရှင်းယဉ်ကျေးစွာ မိန့်တော်မူလေ့ရှိ၏။ ဆရာတော်သည် စာပေပို့ချရာ၌ စာမေးပွဲဆိုင်ရာ စာပေသင်ကြားပို့ချနည်းကို အဓိကထားတော်မမူ ရှေးဆရာ့ဆရာကြီးများ သင်ကြားပို့ချနည်း အတိုင်း ဆိုင်ရာသုတ္တန်ဝိနည်း အဘိဓမ္မာကျမ်းစာများကို သင့်သလိုပို့ချတော်မူလေ့ရှိ၏။ သင်္ဂြိုလ်၊ သဒ္ဒါ၊ ညဝါ-အခြေစာတို့ကို စာသင်သားတို့ တတ်လွယ်အောင် နည်းပေးအလွန် ကောင်းသော ဆရာတော်တစ်ပါးဖြစ်၏။

အရှင်တိက္ခဥာဏ (ပဋိယတ္တိပထမကျော်နှင့် အစိုးရဓမ္မာစရိယ-ကသစ်ဝိုင်ဓမ္မရိပ်သာ)
၂၈-ဇန္နဝါရီ-၁၉၆၆ ရေးသားသော ဂုဏ်ပုဒ်ရစနာများ မှ ကောက်နှတ်ချက်

ပညာစုံလို့ ရွှေမြို့ကိုနော်၊ ရှင်လူအကျိုး သည်ပိုးဘို့မျှော်၊
အဗျားရွာ၌ နှစ်ခြိုက်ရွှင်ပျော်၊ အတုလ ဂုဏမြတ်ဘုန်းမော်။
ခုနှစ်ဝါမြောက် လွန်ရောက်သောခါ၊ ဝိပဿနာများ ဝင်စားစိတ်မှာ၊
ညောင်လွန့်တောရ ကြွရလို့သာ၊ နည်းနာများ မှတ်သားခဲ့ပေရှာ။
အစဦးမှ ဒုက္ခများစွာ၊ တွေ့ကြုံစမြဲ မလွဲခဲ့ပါ၊
ဒုက္ခရှေ့မှ သုခခြံကာ၊ တနေ့တော့ ရောက်ပေါ့မြန်မကြာ။

အထက်ပါစာချိုးသည် ကျေးဇူးရှင်မူလဆရာတော်ဘုရားကြီး ပျံလွန်တော်မူချိန်တွင် ရေးသား တော်မူခဲ့သော စာဖြစ်၏။ ထိုစာမှာ မှတ်တမ်းအရ ကျေးဇူးရှင် မူလကသစ်ဝိုင် ဆရာတော် ဘုရားသည် စာပေပို့ချ နေချိန်တွင်ပင် ဝိပဿနာတရားကို စတင်အားထုတ်နေပြီဖြစ်ကြောင်း သိရ၏။

No comments: