Thursday, April 30, 2009

မူလကသစ်ဝိုင် ဆရာတော်ကြီး ၏ ထေရုပ္ပတ္တိအကျဉ်း (၇)

သာသနာပြုခရီးစတင်ကြွခြင်း

ဆရာတော်ဘုရား သက်တော် (၄၅) သိက္ခာတော်(၂၅)ဝါမှစ၍ အခြားမြို့ရွာများသို့စတင်၍ သာသနာပြုခရီးကြွတော်မူခဲ့၏။ ပထမဆုံးတရားပြသော မြို့များမှာ ဥက္ကံ၊ မင်းရွာ၊ ကဝ၊ ဘုရားပျိုနှင့် ဘုရားကြီးတို့ဖြစ်ပါသည်။ ဆရာတော်ဘုရားထံသို့ တရားပြရန် ပင့်ဖိတ်မှုကြောင့် ကြွရောက်ခဲ့သော မြို့ရွာများမှာ ခရမ်း၊ သုံးခွ၊ ပဲနွယ်ကုန်း၊ ရန်ကုန်၊ ပဲခူး၊ သနပ်ပင်၊ မင်းရွာ၊ ဝေါ၊ ရွှေကျင်၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ကျောက်ကြီး၊ ပိန်းဇလုပ်၊ တောင်ငူ၊ သာဝတ္ထိမြို့၊ စစ်တောင်း၊ မော်လမြိုင်၊ ကျိုက်ထို၊ မြိတ်၊ ဘုရားပျိုရွာ၊ ရွှေပေါက်ပင်ရွာ၊ သရပ်ကုန်းရွာ၊ အုန်းနှဲရွာ၊ တံတားရွာ၊ ဆယ်ရွာ၊ မြစ်ကျိုးရွာ၊ ညောင်ခါးရှည်ရွာ၊ ပန်းညိုရွာ၊ အုပ်ဖိုရွာ၊ ထိန်တပင်ရွာ၊ ဖိုးစပါယ်ရွာ၊ ပါတူကုန်းရွာ စသည်တို့ဖြစ်၏။ ဆရာတော်ဘုရားသည် အနှစ်နှစ်ဆယ်ပတ်လုံး နေ့ညဥ့်မပြတ် ဝိပဿနာဓူရ တရားပြလုပ်ငန်းကို အားကြိုးမာန်တတ် ဆောင်ရွက်တော်မူခဲ့၏။ တရားပြလုပ်ငန်းဆောင်ရွက်ရန် တရားရိပ်သာဌာနများကို ကြွရောက်ရာတွင် မထင်မရှားသာမန်ပုဂ္ဂိုလ်ကဲ့သို့သာ သွားလာလေ့ရှိသည်။ ကျော်စောမှုကို စိုးရွံ့တော်မူ၏၊ “မဟာ ပုညော မဟာဒုက္ခော” ဟူ၍ မိန့်ဆိုတတ်မူ၏။ ဆရာတော်ဘုရားသည် နယ်မြို့များတွင်တရားပြသဆုံးမချိန်ပိုများ၍ ဆရာတော်၏ ကသစ်ဝိုင် ဝိပဿနာလုပ်ငန်းစဉ်တရားများသည် နယ်သူနယ်သားများ နားလည်လွယ်စေရန် အထူးအဓိကထားတော်မူ၏။ စာချသံဃာဘဝတွင် နယ်သို့ပြန်၍ သာသနာပြု၏။ ပဋိပတ္တိလုပ်ငန်းစဉ်နှင့် သာသနာပြုရာတွင်လည်း တောသူတောင်သားများ၊ ကျေးလက်ဒေသများသို့သာ ဦးတည်လျှက် သာသနာပြုတော်မူခဲ့၏။ ဆရာတော်ဘုရား၏ သာသနာပြုရည်ရွယ်ချက်များသည် လေးနက်၏ များစွာအဓိပ္ပါယ်ရှိတော်မူ၏၊ အမြှော်အမြင်ရှိ၏၊ မေတ္တာ စေတနာများများဖြင့် စွမ်းနိုင်သမျှ သာသနာပြုခဲ့တော်မူ၏။ အလွန်ပင်ကြည်ညိုဖွယ်ကောင်းလှ၏။


ကိုယ်ကျိုးမငှဲ့သော ကျေးဇူးရှင်ဆရာတော်

ဆရာတော်ဘုရားသည် ခြေဆစ်နာဒူးနာသော မထနိုင်အောင် ဝေဒနာပြင်းထန်နေချိန်၌ ညောင် လေးပင်တရားပတ်ဖွင့်ချိန်ဖြစ်၏။ တပည့်အကြီးဆုံးဖြစ်သော အလွန်အားထားရသည့် မုက္ခမူ ဘုန်းတော်ကြီး ဦးအာစိဏ္ဏနှင့် တပည့်ငယ်များကို စေလွှတ်ခဲ့၏။ သို့သော် ဆရာတော် သည် ဆရာဝန်ကြီး ဦးမြတ်ကျော်နှင့်အတူ ညောင်လေးပင်သို့ကြွရောက်၍ ပလ္လင်ပေါ်သို့ မတက်နိုင် သော်လည်း တည်းကျောင်း၌ပင် ပက်လက်ကုလားထိုင်ပေါ်မှ သီတင်းသုံးရင်း အားပါးတရ တရားဓမ္မများကို ဟောကြားပေးခဲ့၏။ ဆရာတော်ဘုရားသည် တရားနိဂုံးဆုံးတိုင်း (မေတ္တာ စေတနာများများဖြင့် ဟောကြားလိုက်ရသော တရားတော်များကို) ဟူ၍ အမြဲပင်မိန့်ဆိုကာ စေတနာထက်သန်စွာဖြင့် ဟောကြားတော်မူလေ့ရှိ၏။ အထူးသဖြင့် ဆရာတော်တွင် သွေးတိုး၊ အဆစ်နာကျင်ခြင်း၊ လိပ်ခေါင်းရောဂါများသည် ပျံလွန်တော်မူသည်အထိ နှိပ်စက်မှုကို ပဓာန မထားဘဲ သည်းခံ၍ သာသနာပြုလုပ်ငန်းကို ထမ်းဆောင်သွားခဲ့၏။ ဆရာတော်ဘုရား သည် ဝိပဿနာ ကမ္မဋ္ဌာန်းတရားများနှင့် နှလုံးသွင်းကာ ပြင်းထန်သော ဝေဒနာများကို သည်းခံနိုင် ၏။ ဆရာတော်ဘုရားသည် မည်သည့်ကိစ္စမှာမဆို သည်းခံမှုကိုသာ လက်ကိုင် ထား၏။ သည်းခံမှုနှင့် ပတ်သက်၍ မည်သည့်ကိစ္စကိုမဆို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ သည်းခံကြ အရှုံးဘက်ကသာနေကြရန် အမြဲဆုံးမတော်မူလေ့ရှိ၏။ တရားပြ သွားရာနေရာ ဒေသတွင် ရာသီပူပြင်း၍ ဖုန်ထောင်းထောင်းထနေသော နေရာများကို လည်း ကြွရောက်ရ၏၊ သီတင်းသုံး သောနေရာများရှိ အခက်ခဲများကို သည်းခံတော်မူ၏။ ဆရာတော်သည် ပင်ပန်းဆင်းရဲမှု တို့ကို တရားနှလုံးသွင်း၍ သည်းခံ၏၊ သတ္တဝါများအတွက် ယောဂီများအတွက် သာသနာ အတွက် မလျော့သောလုံ့လ၊ ဇွဲ၊ ဝီရိယတို့နှင့် မေတ္တာ၊ ဂရုဏာ၊ စေတနာထားကာ ဆောင်ရွက် တော်မူခဲ့၏။ ဆရာတော်ဘုရားမိန့်ဆိုလေ့ရှိတတ်သည်မှာ
“သာသနာ့အလုပ် ငါ့အလုပ်၊ သာသနာ့တာဝန်သည် ငါ့တာဝန်၊ သာသနာ့ကိစ္စသည် ငါ့ကိစ္စ၊ သာသနာတော်နှင့် စပ်သမျှ လိုတာ ငါ့တာဝန်”

No comments: