Monday, February 23, 2009

မူလဆရာတော်ကြီး၏ ပုဗ္ဗကိစ္စခဏ်း (၃)

ဘုရားရှင်အား ခန္ဓာကိုယ်လှူပုံ

ဣမဟံ ဘဂဝန္တော အတ္တဘာဝံ တုမှာကံ ပရိစ္စဇာမိ။

ဘဂဝန္တော- ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူလတ်သည့် အရှင်မြတ်ကြီးတို့ဘုရား။
အဟံ- ဘေးမျိုးကပ်ဆိုးပါယ်အိုးကိုမုန်း လုံးလုံးဘဲလွတ်ချင်၍ ကမ္မဋ္ဌာန်းခွင်ဝင်လိုငြားသည့် တပည့်တော်များသည်။ တုမှာကံ- ခန္ဓာကိုယ်ပေါ်၌ သီတင်းသုံးတော်မူငြားသည့် ရှင်တော်မြတ် ဘုရား ကိုယ်တော်မြတ်ကြီးများနှင့် ကိုယ်စားပူဇော်ရန် ဓာတ်တော်သုံးသွယ် စွယ်တော် လေး ချောင်း ဆံတော်ပေါင်း အဆူဆူတို့အား။ ဣမံ အတ္တဘာဝံ- ဘုရားပေါင်း အနန္တပွင့်တော်မူနေကြ ပါလျှက် အရိယာမဂ် အသက်တချက်ကမှ မသွင်းခဲ့ဘူးသော ဤအတ္တဘော အသေကောင်ကြီးကို။ ပရိစ္စဇာမိ- ဤဘုရား ဤသာသနာလက်ထက်၌ အရိယာမဂ် အသက်သွင်း ပေးဘို့ရန် ဇောစိတ်သန်သန်ဖြင့် အမှန်အားကိုးပြီးကာ စွန့်လွှတ်လှူဒါန်းပါ၏ အရှင်မြတ်ကြီးတို့ဘုရား။

မေး။ ။ အဘယ့်ကြောင့် ခန္ဓာကိုယ် ဘုရားအား လှူရပါသနည်း။
ဖြေ။ ။ အရိယာမဂ်အသက်သွင်းပေးဘို့ရာလည်းကောင်း၊ ကြောက်စရာပေါ်လျှင် ဖြောက်ပစ်ဘို့ 
ဆင်ခြင်ဘို့ရန်လည်းကောင်း ခန္ဓာကိုယ်ကြီးကို ဘုရားအား လှူရပါသည်။

အကျယ်။ ။ တရားအားထုတ်လျှင် ကြောက်စရာများမြင်ချင်မြင်တတ်သည်၊ မြင်လျှင် ကြောက် ခဲ့သော်ဆင်ခြင်လိုက်ပါ၊ ငါ့ခန္ဓာကိုယ်မှမဟုတ်ဘဲ၊ ဘုရားလှူပြီးသားဘုရားပိုင်တဲ့ ခန္ဓာကိုယ်ကြီး ဖြစ်နေပါပကောလို့ ဆင်ခြင်လိုက်လျှင် ဝမ်းမြောက်တဲ့ စိတ်တွေပေါက် ကြောက်လန့်တဲ့စိတ်တွေ ပျောက်သွားလိမ့်မည်၊ အိမ်မက်ထဲမှာလို စိတ်ထင်တွေဖြစ်သောကြောင့်။

ဘုရားထံကမ္မဋ္ဌာန်းတောင်းပုံ

အဟံ ဘန္တေ ကမ္မဋ္ဌာနံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ ကမ္မဋ္ဌာနံ ဒေထ မေ ဘန္တေ။

ဘန္တေ- ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူလတ်သည့် အရှင်မြတ်ကြီးတို့ဘုရား။
အဟံ- ဘေးမျိုးကပ်ဆိုးပါယ်အိုးကိုမုန်း လုံးလုံးဘဲလွတ်ချင်၍ ကမ္မဋ္ဌာန်းခွင်ဝင်လိုငြားသည့် တပည့်တော်များသည်။ ကမ္မဋ္ဌာနံ- ဘေးမျိုးကပ်မျိုးပါယ်အိုးလွတ်ရန် အေးနိဗ္ဗာန်ဆင့်တန်းသို့ မြန်မြန်တက်လှမ်းဘို့ မဂ်လမ်းပွင့်မည့် ကမ္မဋ္ဌာန်းအကျင့်ကို။ ယာစာမိ- ရင်ဝယ်သားကဲ့သို့ ကရုဏာထား၍ ပေးသနားတော်မူပါရန် တောင်းပန်လျှောက်ထားပါ၏ အရှင်မြတ်ကြီးတို့ဘုရား။

ဘန္တေ- ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူလတ်သည့် အရှင်မြတ်ကြီးတို့ဘုရား။
မေ- ဘေးမျိုးကပ်ဆိုးပါယ်အိုးကိုမုန်း လုံးလုံးဘဲလွတ်ချင်၍ ကမ္မဋ္ဌာန်းခွင်ဝင်လိုငြားသည့် တပည့်တော်များအား။ အနုဂ္ဂဟံ- ဤကမ္မဋ္ဌာန်းအကျင့်ဖြင့် မဂ်လမ်းပွင့်၍ အေးနိဗ္ဗာန်ဆင့်တန်းသို့ မြန်မြန်တက်လှမ်းဘို့ မဂ်လမ်းပွင့်မည့် ကမ္မဋ္ဌာန်းအကျင့်ကို။ ကတွာ- အရေးကြီးတစ်ခုဟု အလေးဂရုပြုတော်မူပြီး၍။ ကမ္မဋ္ဌာနံ- ဘေးမျိုးကပ်ဆိုး ပါယ်အိုးလွတ်ရန် အေးနိဗ္ဗာန်ဆင့်တန်းသို့ မြန်မြန်တက်လှမ်းဘို့ မဂ်လမ်းပွင့်မည့် ကမ္မဋ္ဌာန်းအကျင့်ကို။ ဒေထ- ယောဂီခေါ်မှန်း အာရဒ္ဓ ဝိပဿက ဆင့်တန်းဖြင့် အရိယာဖြစ်ခန်းကို ကျင့်မြန်းသွားနေဘို့ရန် ကရုဏာသန်သန် ထား၍ ပေးသနားတော်မူပါ အရှင်မြတ်တို့ဘုရား။

မေး။ ။ အဘယ့်ကြောင့် ဘုရားထံ ကမ္မဋ္ဌာန်းတောင်းရပါသနည်း။
ဖြေ။ ။ ရွှေငွေများကို မပျောက်ပျက်ရအောင် ရိုရိုသေသေ သိမ်းထားသလို ဘုရားထံမှ ရလာသောဝိပဿနာ ကမ္မဋ္ဌာန်းများကို မှတ်စိတ်၌ပျောက်မသွားရအောင် ရိုသေလေးစား၍ အမြဲတမ်းမှတ်နေဘို့ရန် ဘုရားထံ ကမ္မဋ္ဌာန်းတောင်းရပါသည်။

No comments: