Wednesday, February 25, 2009

မူလဆရာတော်ကြီး၏ ပုဗ္ဗကိစ္စခဏ်း (၅)

မိမိအား စိတ်ပြစ်မှားမေတ္တာပွါးနေပုံ

မိမိတို့အားလည်း ပြစ်မှားမိသူများ ရှိငြားခဲ့ပါလျှင် နတ်ခွင်နိဗ္ဗာန် ဈာန်မဂ်ဖိုလ်၏ အန္တရာယ်မငြိဘို့ရာ မနောဉာဏ်ဖြူဖွေး၍ ကိုယ်နှုတ်ယဉ်ယဉ်ကျေးကျေးဖြင့် ကျေအေး၍ နေကြပါ၏။ သီးခံ၍လည်း နေကြပါ၏။ အပြစ်ဘေးမှ ချမ်းသာလည်းပေးကြပါ၏၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ (၃) ၊ တွင်းပနှစ်တန် ဘေးရန်လည်း ဧကန်ကင်းကြပါစေ(၃) ဟု မေတ္တာရေချမ်း သွန်းဖြန်း၍လည်း နေကြပါ၏၊ သူတော်ကောင်းအပေါင်းတို့ ။

မေး။ ။ အဘယ့်ကြောင့် ပြစ်မှားမိသူများ အပြစ်မယူအမြဲ စိတ်အေးနေရပါသနည်း။
ဖြေ။ ။ အပြစ်ယူငြား ရန်ငြိုးထား၍ ဒေါသပွါးနေလျှင် ပဋိဃာနသယဖြစ်ဤ နတ်ခွင်နိဗ္ဗာန် ဈာန် မဂ်ဖိုလ်၏ အန္တရာယ်ဖြစ်တတ်ပေ၏၊ မဖြစ်စေရန် ရည်သန်၍ မိမိအား ပြစ်မှားမိသူများကို အပြစ်မယူဘဲ အမြဲ စိတ်အေးနေရပါသည်။

မေတ္တာပို့ပုံ

ငါတို့ကိုယ်မှာ ရုပ်နာမ်ဟာ ချမ်းသာကြပါစေ။
အရာမ်တွင်းမှာ လူသံဃာ ချမ်းသာကြပါစေ။
အရာမ်တွင်းမှာ နတ်တွေဟာ ချမ်းသာကြပါစေ။
ငါတို့မြို့ရွာ စိုးရတွေဟာ ချမ်းသာကြပါစေ။
ငါတို့မြို့ရွာ လူတွေဟာ ချမ်းသာကြပါစေ။
ခေတ်သုံးပါးမှာ သတ္တဝါ ချမ်းသာကြပါစေ။
(၃ခေါက်)

အမှာ။ ။ ပညတ်မေတ္တာပို့ဖြစ်၍ ပို့မည့်လူ၌အာရုံစိုက်ကာ စိတ်ကိုရင်မှာထား၍ (ချမ်းသာကြပါစေ၊(၃) ဟုမေတ္တာပြုကြပါ။)

မေး။ ။ အဘယ့်ကြောင့် မေတ္တာပို့ ရပါသနည်း။
ဖြေ။ မေတ္တာခြုံ လုံဆိုသည်နှင့် အညီ ဘေးရန်အန္တရာယ် လုံခြုံဘို့ရာ မေတ္တာပို့ ရပါတယ်။

အမျှဝေပုံတောင်းပန်ပုံ

ယခုပြုသမျှ တရားအားထုတ်ရသမျှ ကုသလ၏ အဖို့အစုတို့ကို ကြားကြားသမျှ၊ လူရော နတ်ပါ၊ သတ္တဝါ အနန္တတို့အား ရငြားပါစေ.... ။ ရငြားပါစေ....... ။ ရငြားပါစေ...... ။ အမျှ..... အမျှ...... အမျှ...... ဝေငှလိုက်ပါ၏...... ။ ဝမ်းသာကြပါစေ။ ဝမ်းသာကြလျှင် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ နိုင်ကြပါစေကုန်သတည်း၊ တွင်း ပ နှစ်တန် ဘေးရန်တွေလည်း ဧကန်မသွေ ငြိမ်းအေး နိုင်ကြပါစေကုန်သတည်း။ နတ် ဗြဟ္မာအပေါင်း သူတော်ကောင်းတို့ကလည်း ဘုရားလက်ထက် ပဏ္ဍိတသာမဏလေးအား တရားအားထုတ်နေစဉ် အမြဲပင်စောင့်ရှောက်ခဲ့ကြသလို မိမိတို့ကို လည်းပိုမို၍ တဖန် ဘေးအန္တရာယ်မထိ ရန်မငြိစေဘဲ သမာဓိခိုင်မြဲဘို့ အရေးဝိုင်းဝန်း၍ စောင့် ရှောက်ပေးဘို့ရန် မေတ္တာရပ်ခံ၍ များများကြီး တောင်းပန်လိုက်ပါ၏၊ နတ် ဗြဟ္မာအပေါင်း သူတော်ကောင်းတို့ ။

အမှာ။ ။ ပုဗ္ဗကိစ္စ (၉) ပါး အကျယ်ဖြစ်သည်၊ အကျဉ်းလဲဆိုနိုင်ပါ၏၊ ဆရာထံ၌ မဟုတ်လျှင် ဆရာနှင့်စပ်ထာ (၂) ခု နှုပ်၊ ပုဗ္ဗကိစ္စ (၇) ပါး ဖြစ်စေ ပြုလုပ်နိုင်ပါသည်၊ အင်္ဂုလိမာလ၊ ပေါဋ္ဌိလမထေရ် စသည့်တို့ကို ထောက်လျှင် ပုဗ္ဗကိစ္စ မပြုလုပ်သော်လည်း ဖြစ်နိုင်ပါသေးသည်။

ပုဗ္ဗကိစ္စခဏ်းပြီး၏။

No comments: