Tuesday, February 24, 2009

မူလဆရာတော်ကြီး၏ ပုဗ္ဗကိစ္စခဏ်း (၄)

ဆရာအား ခန္ဓာကိုယ်လှူပုံ

ဣမာဟံ အာစရိယ အတ္တဘာဝံ၊ တုမှာကံ ပရိစ္စဇာမိ။

အာစရိယ- ကမ္မဋ္ဌာန်းတွင် လမ်းစဉ်ကျန မဂ်ဖိုလ်ရအောင် လွန်စွာကျင့်ဆောင် ပြသတတ်သည့်
အရှင်မြတ် ကမ္မဋ္ဌာန်းဆရာ။ တုမှာကံ- ဆရာသခင် အရှင်သူတော်စဉ်တို့ အား။ ဣမံအတ္တဘာဝံ-
ဘုရားအပေါင်း အနန္တ ပွင့်တော်မူနေကြပါလျှက် အရိယာမဂ် အသက်တချက်ကမှ မသွင်းခဲ့ဘူးသော ဤအတ္တဘော အသေ ကောင်ကြီးကို။ ပရိစ္စဇာမိ- ဤဘုရား ဤသာသနာလက်ထက်၌ အရိယာမဂ် အသက်သွင်း ပေးဘို့ရန် ဇောစိတ်သန်သန်ဖြင့် အမှန်အားကိုးပြီးကာ စွန့်လွှတ်လှူဒါန်းပါ၏ အရှင်မြတ်ကမ္မဋ္ဌာန်းဆရာတို့ဘုရား။

မေး။ ။ အဘယ့်ကြောင့် ဆရာအား ကိုယ်ကြီးလှူရပါသနည်း။
ဖြေ။ ။ အရိယာမဂ် အသက်သွင်းပေးဘို့ရန် အလို့ငှာဆရာမှာ ပြောရဲဆုံးမရဲသော ဝတ္တာဂုဏ်၊ တပည့်မှာ မြေဝယ်မကျ ဆုံးမတိုင်း နားထောင်လွယ်သော သောဝစ္စဿတာဂုဏ် အသီးသီးမြောက်ဘို့ ရန် လှူဒါန်းပါသည်။

ဆရာထံကမ္မဋ္ဌာန်းတောင်းပုံ

အဟံ ဘန္တေ ကမ္မဋ္ဌာနံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ ကမ္မဋ္ဌာနံ ဒေထ မေ ဘန္တေ။

ဘန္တေ- အရှင်မြတ် ကမ္မဋ္ဌာန်းဆရာ။ အဟံ- ဘေးမျိုးကပ်ဆိုးပါယ်အိုးကိုမုန်း လုံးလုံးဘဲလွတ်ချင်၍ ကမ္မဋ္ဌာန်းခွင်ဝင်လိုငြားသည့် တပည့်တော်များသည်။ ကမ္မဋ္ဌာနံ- ဘေးမျိုးကပ်မျိုးပါယ်အိုးလွတ်ရန် အေးနိဗ္ဗာန်ဆင့်တန်းသို့ မြန်မြန်တက်လှမ်းဘို့ မဂ်လမ်းပွင့်မည့် ကမ္မဋ္ဌာန်းအကျင့်ကို။ ယာစာမိ- ရင်ဝယ်သားကဲ့သို့ ကရုဏာထား၍ ပေးသနားတော်မူပါရန် တောင်းပန်လျှောက်ထားပါ၏။
ဘန္တေ- အရှင်မြတ်ကမ္မဋ္ဌာန်းဆရာ။ မေ- ဘေးမျိုးကပ်ဆိုးပါယ်အိုးကိုမုန်း လုံးလုံးဘဲလွတ်ချင်၍ ကမ္မဋ္ဌာန်းခွင်ဝင်လိုငြားသည့် တပည့်တော်များအား။ အနုဂ္ဂဟံ- ဤကမ္မဋ္ဌာန်းအကျင့်ဖြင့် မဂ်လမ်းပွင့်၍ အေးနိဗ္ဗာန်ဆင့်တန်းသို့ တက်လှမ်းချီးမြှင့်ခြင်းကို။ ကတွာ- အရေးကြီးတခုဟု အလေးဂရုပြုတော်မူပြီး၍။ ကမ္မဋ္ဌာနံ- ဘေးမျိုးကပ်ဆိုးပါယ်အိုးလွတ်ရန် အေးနိဗ္ဗာန်ဆင့်တန်းသို့ မြန်မြန်တက်လှမ်းဘို့ မဂ်လမ်းပွင့်မည့် ကမ္မဋ္ဌာန်းအကျင့်ကို။ ဒေထ- ယောဂီခေါ်မှန်း အာရဒ္ဓ ဝိပဿက ဆင့်တန်းဖြင့် အရိယာဖြစ်ခန်းကို ကျင့်မြန်းသွားနေဘို့ရန် ကရုဏာသန်သန် ထား၍ ပေးသနားတော်မူပါ အရှင်မြတ်တို့ဘုရား။

မေး။ ။ အဘယ့်ကြောင့် ဆရာထံ ကမ္မဋ္ဌာန်းတောင်းရပါသနည်း။
ဖြေ။ ။ ယထာဘူတံ ဉဏယသတ္တာ ပရိယေသိတဗ္ဗောဘုရားဟောပါဋ္ဌိတော်နှင့် အညီ ဟုတ်တိုင်းမှန်စွာနည်းမှန်လမ်းမှန် သိချင်လို့  ဆရာထံ ကမ္မဋ္ဌာန်းတောင်းရပါသည်။

သူတော်ကောင်းများအား တောင်းပန်ပုံ

အစမထင်သည့် သံသရာခွင်ကအစ ယခုဘဝ ယခုအချိန်ကျအောင် မိုက်မှောင်ထကာ မလိမ္မာသည့်အခိုက် မပြစ် မှားထိုက်သူ အဆူဆူသော ဘုရား ပစ္စေကဗုဒ္ဓါများနှင့် သံဃာတော်များ အနန္တ မိဘ ဆရာ အရိယာအပေါင်း ပုထုဇဉ်သူတော်ကောင်းတို့အား ပြစ်မှားမိခဲ့လျှင် နတ်ခွင်နိဗ္ဗာန် ဈာန်မဂ်ဖိုလ်၏ အန္တရာယ်မငြိဘို့ ရန် မနောဉာဏ်ဖြူဖွေး၍ ယဉ်ကျေးသော ကိုယ်နှုတ်ဖြင့် လက်အုပ်ချီမိုးပြီး အကြိမ်ကြိမ် ရှိခိုးကာ တောင်းပန်လိုက်ပါ၏ အရိယာ အပေါင်း ပုထုဇဉ်သူတော်ကောင်းတို့၊ ကျေအေးတော်မူကြပါ (၃ ကြိမ်)၊ သီးခံတော်မူကြပါ (၃ ကြိမ်)၊ အပြစ်ဘေးမှ ချမ်းသာပေးတော်မူကြပါ (၃ ကြိမ်)၊ ရှိခိုးကာ တောင်းပန်လိုက်ပါသည်။

မေး။ ။ အဘယ့်ကြောင့် သူတော်ကောင်းများအား တောင်းပန်ကန်တော့ရပါသနည်း။
ဖြေ။ ။ အရိယာသူတော်ကောင်းအား ပြစ်မှားမိလျှင် အရိယူပဝါဒ ကံကြီးထိုက်၏။ ပုထုဇဉ်သူတော်ကောင်းအား ပြစ်မှားမိလျှင် ကံကြီးတော့မထိုက်၊ အပြစ်ကြီး ထိုက်၏။ မကန်တော့လျှင် နတ်ရွာနိဗ္ဗာန် ဈာန်မဂ်ဖိုလ်၏ အန္တရာယ်ဖြစ်တတ်၏၊ ထိုအန္တရာယ်များ မဖြစ်စေဘို့ ရန် သူတော်ကောင်းများအား စိတ်ကောင်းထား၍ တောင်းပန်ရပါသည်။

သံပေါက်။ ။ သူတော်ကောင်းအားစိတ်ပြစ်မှား၊ ပြုငြားအန္တရာယ်။
ကန်တော့လိုက်ငြား ထိုပြစ်မှား၊ ပျောက်သွားကင်းစင်ဘွယ်။

No comments: