Friday, May 1, 2009

မူလကသစ်ဝိုင် ဆရာတော်ကြီး ၏ ထေရုပ္ပတ္တိအကျဉ်း (၈)

အချိန်တန်ပြီ

ဆရာတော်ဘုရားသည် ပဋိပတ္တိသာသနာပြုလုပ်ငန်း၌ တရားပြသ ဟောပြောခြင်းကို များစွာမွေ့လျော်တော်မူ၏။ သက်တော်ကြီးရင့်လာသောအခါ ယခင်ကနှင့်မတူ တရားဟောပြီးချိန်တွင်မောပန်းနွမ်းလျမှုများရှိလာခဲ့၏။ ဒါယကာ ဒါယိကာမများက နယ်ထွက်၍ တရားမပြရန် အမျိုးမျိုးတောင်းပန်ကြပါသော်လည်း ဆရာတော်ဘုရားသည် မူလကသစ်ဝိုင်ကျောင်းတိုက်ကြီးသို့ လာရောက်တရားအားမထုတ်နိုင်ကြသော အသက်ကြီးသူများ၊ နယ်သူနယ်သားများ၊ အစ စနွမ်းပါးသော ကျေးလက်နေပြည်သူများအား တရားကို သိစေချင် နားလည်စေချင်သော မေတ္တာ၊ ဂရုဏာ၊ စေတနာတရားတို့ဖြင့် သာသနာတာဝန်ကို နောက်မတွန့်စတမ်းထမ်းဆောင်တော်မူခဲ့၏။ ဆရာတော်ဘုရားသည် တစ်နှစ်တာပတ်လုံး ရက်အားမရှိအောင် တရားပွဲများပြည့်လျက်ရှိရာ ၁၃၂၇-ခုနှစ် နတ်တော်လတွင် ပဲခူးမြို့ လိပ်ပြာကန်တရားပတ်ချိန်သို့ ရောက်ရှိ လာခဲ့၏။ ဆရာတော်ဘုရားသည် အလုပ်ပေးတရားနှင့်သီလတရား၊ သမာဓိတရား၊ သင်သိ ဝိပဿနာနှင့် ကျင့်သိဝိပဿနာတရားများဟောပြီးချိန်၌ ခါးနှင့် လက်ပြင်များ နာကျင်ကိုက်ခဲ လာ၏။ တရားကို ကိုယ်တိုင်မဟောကြားနိုင်တော့ပါ၊ တိတ်ရကောဒါများဖြင့်ဟောရ၏။ ပုံမှန် ဖြစ်နေကြအဆစ်နာဝေဒနာ အဖြစ်ထင်မှတ်တော်မူခဲ့ကြ၏။ နောက်နှစ်ရက်ခန့်ကြာသောအခါ တရားဟောဆုံးမပြန်၏။ ထို့နောက်တွင် လှည့်မရအောင် နာကျင်ကိုက်ခဲလာတော့၏။ ဆရာတော်ဘုရား၏ ကျန်းမားရေးကို အမြဲဂရုစိုက်နေကြသော ဒါယကာ ဒါယိကာမများသည် ဆရာတော်ဘုရားအတွက် ဆေးဝါး၊ ဆွမ်းဘောဇဉ်များနှင့် ဓာတ်စာများဖြင့် အထူးစောင့်ရှောက် ကြ၏။ ဆရာတော်ဘုရားသည် ဇက်နှင့် လည်ပင်း လက်ပြင်များ နာကျင်နေသောဝေဒနာ၊ ဆွမ်းမဘုဉ်းပေးနိုင်သော ဝေဒနာများကြားတွင် တရားပွဲပြီးဆုံးသည်အထိ ကိုယ်တိုင်တရား ဟောရန်ကြိုးပမ်းတော်မူခဲ့သေး၏။ တရားပြီးဆုံးကာနီးချိန်တွင် အဖျားဝင်လာပြန်၏။ အဖျား ပြင်းထန်လာသဖြင့် ပဲခူးမြို့ ခရိုင်ဆရာဝန်ကြီးနှင့် အထူးကြပ်မတ်ခါ (၁၁)ရက်ကြာ ကုသကြ ၏။ တပည့်များဖြစ်ကြသော မုက္ခမူ ဦးအာစဏ္ဏ၊ ပဲခူးမြို့ ကသစ်ဝိုင်မှ ဦးတေဇောသာရ၊ စစ်တောင်း ဦးဝိဇ္ဇာဘာသ၊ ကသစ်ဝိုင် ဦးဥက္ကဋ္ဌတို့နှင့် ရင်းနှီးသော ဒါယကာ ဒါယိကာမများ အထူးစောင့်ရှောက်လျှက် ရှိနေကြသည်။ ထို့နောက် ရန်ကုန်မြို့ရှိ ကသစ်ဝိုင်ဝိပဿနာ အဖွဲ့ ဝင်များက ဆရာတော်ဘုရားကို ရန်ကုန်သို့ ပင့်ဆောင် ကုသရန် ခွင့်တောင်းကြသောကြောင့် နတ်တော်လပြည့်ကျော် (၇)ရက်နေ့တွင် ရန်ကုန်မြို့ ဇီဝိတဒါနဆေးရုံကြီးသို့ ပြောင်းရွေ့ကုသ ခဲ့ကြပါသည်။ ရန်ကုန်သို့ပြောင်းရွေ့ပြီး (၇)ရက်ခန့်ကြာသောအခါ ဆရာတော့်ဝေဒနာသည် ကင်ဆာဖြစ်နေကြောင်းကို ဆရာဝန်ကြီးများက အဖြေထုတ်ပေးကြပါသည်။
ရိပ်သာအဖွဲ့ဝင်လူကြီးများ၊ ဆရာဝန်ကြီးများ၊ တပည့်သံဃာများ၊ ဒါကာ ဒါကာမများက ကိုယ် စွမ်းရှိသမျှ ကြိုးစားကုသပေးကြ၊ လိုသေးမရှိအောင် ကူညီဆောင်ရွက်ကြခဲ့ပါ၏။ထို့နောက် ဝေဒနာပြင်းထန်မှုကြောင့် ဆွမ်းဘုဉ်းမပေးနိုင်ပါ၊ ညနေပိုင်းများတွင် ပြင်းထန်သော ဝေဒနာကို ပိုခံစားရ၏။ ရန်ကုန်တွင် ကုသချိန် (၁၀)ရက်ခန့်ကြာသောအခါ အနည်းငယ်မျှသော ဆွမ်းကို (၂)ရက်၊ (၃)ရက်ခန့်ပြန်ဘုဉ်းပေးနိုင်၏။ ထိုအခါ တပည့်များနှင့် ဒါကာ၊ဒါကာမများသည် လွန်စွာအားရကျေနပ်ပြီး သက်သာသွားမည်ဟုထင်ကြပြန်၏။ သို့သော် ဆရာတော်ဘုရား၏ ဝေဒနာမှာ တစ်ရက်ထက်တစ်ရက်ပိုမိုပြင်းထန်လာခဲ့ပါသည်။ ဆရာတော်ဘုရားကို ကုသပေး ကြပါသောဆရာဝန်ကြီးများနှင့် အဖွဲ့ဝင်လူကြီးသည် အထူးကြပ်မတ်၍ ကြိုးစားကုသပေး ကြပါသည်။ ဆရာတော့်ဝေဒနာသည် ပြင်းထန်မှုကြောင့် သတိလစ်သည် အထိပင် ဖြစ်နေရှာ ၏။ ထို့နောက် တပည့်သံဃာများ၊ ဆရာဝန်ကြီးများ၊ ရိပ်သာအဖွဲ့ဝင်လူကြီး၊ ရင်းနှီးသော ဒါကာ ဒါကာမများအားလုံးတိုင်ပင်၍ ဆရာတော်ဘုရားကို ပြာသိုလပြည့်ကျော် (၆)ရက် နံနက် (၆)နာရီ ရထားဖြင့် မူလကသစ်ဝိုင်ကျောင်းတိုက်ကြီးသို့ ပြန်လည်ပင့်ဆောင်တော်မူ ခဲ့ကြပါသည်။ ရန်ကုန်တွင် (၂၉)ရက်ကြာ ဆေးကုသခဲ့ရ၏။


ထိုမှတဖန် ဝေါမြို့မှ မြန်မာသမားတော်ကြီး ဦးစံရွှေနှင့် တိုင်ပင်၍ ဗမာ့ဆေးဝါးများနှင့် ထပ်မံကုသကြပါသည်။ ပြာသိုလပြည့်ကျော် (၇)ရက်နေ့တွင် စ၍ များစွာ ငြိမ်သက်တော်မူ၏။ ရေတောင်းသည်မှအပ မည်သည့်စကားများကိုမျှ မမိန့်တော့ပါ။ တစ်ခါတစ်ရံတွင် အိပ်ပျော် နေဟန် သို့မဟုတ် တရားနှလုံးသွင်းနေဟန်ရှိ၏။ ထင်ရှားသည်မှာ ပြာသိုလပြည့်ကျော်(၉) ရက်နေ့တွင် ကျုံတူဆရာတော်ဘုရားနှင့် ကံဦးကျောင်းဆရာတော်များ ကြွရောက်လာပြီး “ဦးရေဝတနေကောင်းရဲ့လား” ဟု မေးသောအခါ ခေါင်းငြိမ့်၍ လက်အုပ်ချီ ကန်တော့ပြီးလျှင် မျက်စိမှိတ်လျှက် တရားကို ဆက်လက်နှလုံးသွင်းတော်မူနေ၏။
ဆရာတော်ဘုရားသည် နတ်တော်လဆန်း (၁၂)ရက်နေ့မှ ပြာသိုလပြည့်ကျော် (၉)ရက်နေ့အထိတစ်လနှင့် (၁၂)ရက်ကြာ ပြင်းထန်ဝေဒနာခံစားကာ ဆေးကုနေစဉ် ၁၃၂၇-ခုနှစ်၊ ပြာသို လပြည့်ကျော် (၉)ရက် စနေနေ့ နံနက် (၁၁)နာရီ မိနစ်(၅၀)အချိန်တွင် ဆရာတော်ဘုရားသည် ခန္ဓာဝန်ချတော်မူခဲ့လေသည်။ ကျေးဇူးရှင်မူလကသစ်ဝိုင်ဆရာတော် ဘုရားကြီးသည် သက်တော် (၄၃)နှစ်၊ ဝါတော် (၂၃)ဝါ မှအစပြု၍ သက်တော် (၆၂)နှစ်၊ သိက္ခာတော် (၄၂) ဝါ ပျံလွန်တော်မူသည်အထိ ကသစ်ဝိုင်ကျောင်းတိုက်ကြီးတွင် သီတင်းသုံးခဲ့ပါသည်။

ရဟန်းကိစ္စ နှစ်ဓူရ၌ လုံလအားကြီးတော်မူ၍ ဟိတ်ဟန်နည်းသော၊ ရဟန်းတို့ သာသနာပြုရာ၌ ပြုလုပ်အားထုတ်အပ်သော ဂန္ထဓူရ စာပေ သင်ကြားပို့ချခြင်းကို သာမဏေဘဝမှ ရဟန်း(၂၂)ဝါ တိုင် သာသနာတာဝန်ထမ်းဆောင်တော်မူခဲ့သော၊ ဝိပဿနာဓူရတွင်လည်း မိမိကိုယ်တိုင် လည်းတရားအားထုတ် သူတစ်ပါးကိုလည်း ပြောဟောပြသ ဆုံမတော်မူခဲ့သော ကျေးဇူးရှင် မူလ ကသစ်ဝိုင် ဆရာတော်ဘုရားသည် သိက္ခာတော် (၄၂) ဝါတိုင်တိုင် အာယုကပ်သက်တမ်း ကုန်ဆုံးတော်မူသည်အထိ သာသနာ့တာဝန်ကို ကျေပွန်စွာထမ်းရွက်တော်မူခဲ့ပါ၏။

No comments: