Wednesday, August 26, 2009

နာမရူပ ပရိစ္ဆေ္တဒဉာဏ်နှင့် ဒိဋ္ဌိဝိသုဒ္ဓိ အပိုင်း(၃)

ဒါဖြင့် ဆက်ကြအုံးစို့၊ ကိုယ်ထဲမှာ မျိုးစုံပေါ်တာ စာလို ရုပ်လို့ခေါ်ပါတယ်။
အမေး။ ။ စာထဲက ရုပ်ဆိုရင် ကိုယ်ထဲမှာ ဘယ်လိုမြင်ရမလဲ။
အဖြေ။ ။ မျိုးစုံ မြင်ရပါမယ်ဘုရား။

အမေး။ ။ ခေါင်းကြီးသည် ရုပ်ဆိုရင် ဘယ်လိုမြင်ရမလဲ။
အဖြေ။ ။ မျိုးစုံပေါ်ဒါ မြင်ရပါတယ်ဘုရား။

အမေး။ ။ အလယ်ပိုင်း-ကျော-ရင်က ရုပ်၊ အောက်ပိုင်း-ပေါင်-ခြေသလုံးစသည် ရုပ်ဆိုရင် ဘယ်လိုမြင်ရမလဲ။
အဖြေ။ ။ မျိုးစုံပေါ်ဒါ မြင်ရပါမယ်ဘုရား။

အမေး။ ။ အဲဒီလိုမျိုးစုံပေါ်နေဒါ စာလို ဘယ်လိုခေါ်မလဲ။
အဖြေ။ ။ ရုပ်လို့ခေါ်ပါတယ်ဘုရား။

ဟုတ်ပြီဒါကြောင့် ရုပ်ဆိုတာ နာမပညတ်နော်၊ သဘာဝမဟုတ်ဘူး၊ တကယ်မဟုတ်ဘူး။ ဒါကြောင့် ယောဂီတို့တွေ ပြောတတ်ကြတယ်၊ ဟေ့-ငါတို့ စာမတတ်လို့ ရုပ်တို့ နာမ်တို့တော့ မပြောတတ်ပါဘူး၊ ကိုယ်ထဲက ဖြစ်ပုံကိုတော့ ပြောတတ်ပါတယ်၊ ကိုင်းပြောစမ်းပါ ဆိုတော့ ရုပ်ရှင်လိုပါဘဲ၊ အမျိုးမျိုးဖြစ်နေတာပါဘဲ၊ ခေါင်းထဲမှာလည်း အမျိုးမျိုးဖြစ်နေဒါပါဘဲ၊ ကျော-ရင်မှာလည်း အမျိုးမျိုးဖြစ်နေတာပါဘဲ၊ အောက်ပိုင်း-ပေါင်-ခြေသလုံး စသည်တို့ မှာလဲ အမျိုးမျိုးပါဘဲလို့ ကိုယ်တွေ့နဲ့ပြောတတ်ကြတယ်နော်။
တချို့ယောဂီများကျတော့ ဥပမာလေးနဲ့ ပြောတတ်ကြတယ်၊ တပည့်တော် ခန္ဓာကိုယ်ဟာ ပြူတင်းပေါက်မှာ နေရောင်ခြည် ထိုးလိုက်တဲ့အခါ အမှုန်ကလေးတွေသန်းနေသလို လွင့်နေသလိုပါဘဲ၊ အဲဒါ ရုပ်တို့ နာမ်တို့ရယ်လို့ စာမတတ်တော့ အခေါ်အဝေါ်ဟာ မှားချင်မှားတတ်တယ်။ သဘာဝကတော့ မမှားကြတော့ဘူး၊ ရှင်းရှင်းလေးမှတ်ကြနော်။

အမေး။ ။ တကယ်ရုပ်ဆိုရင် စာထဲမှာ မရှိဘူး၊ ကိုယ်ထဲမှာ ကြည့်ရမယ်၊ ကိုယ်ထဲမှာ ကြည့်တော့ မျိုးစုံပေါ်တာကော ဟုတ်လား။
အဖြေ။ ။ ဟုတ်ပါတယ်ဘုရား။

မျိုးစုံ ပေါ်ဒါ ရုပ် လို့ခေါ်ပါ၊ ပူဒါ ရုပ်၊ အေးဒါ ရုပ်၊ လှုပ်တာ ရုပ်၊ စာတတ်တိုင်း မခွဲရဘူး၊ ဓာတ်ကြီးလေးပါးသည် ရုပ်ဘက်က ဖြစ်သောကြောင့် ဓာတ်ကြီးလေးပါးသည် ရုပ်၊ သိတာက နာမ်၊ ပူဒါ ရုပ်၊ သိတာ နာမ်၊ အေးဒါ ရုပ်၊ သိတာ နာမ်၊ စာတတ်တိုင်း မခွဲရဘူး၊ သညာသိ ပါတယ်၊ ယခုတော့ ပညာသိစခန်းတဲ့။ ရှင်းသွားပြီနော်။ ဒါက ရုပ်ဘက်က မှတ်ကြ။

အသားလေးတစ်ခု နမူနာ ယူပြောမယ်၊ လက်တစ်ဝါးလောက်ရှိတဲ့ အသားလေးမှာ၊ ရွရွမျိုးစုံ၊ ဖျင်းဖျင်းမျိုးစုံ၊ စစ်စစ်မျိုးစုံ၊ အမှုန်မျိုးစုံ၊ ပေါ်တာမြင်မယ်ဆိုရင် အမှုန်ဆိုတာ ပထ၀ီကို ပြောပါသည်။ သေးသေးလေးနဲ့ အများကြီးဆိုရင် အသားထင်တာ စင်ထွက်သွားတာပြီ။ အသားဆိုတာ အမှုန်နဲ့ အကြားမမြင်လို့တဲ့၊ အမှုန်နဲ့ အကြားမြင်ရင် အသားထင်တာ စင်ထွက်သွားတာဘဲ။ သဏ္ဍာနပညတ်သုံးမျိုး ပျောက်သွားပြီဖြစ်ပါတယ်။

သဏ္ဍာနပညတ် (၃)မျိုး
၁။ အသား အရည် အကြော စသော ကောဋ္ဌာသ သဏ္ဍာန ပညတ်၊

၂။ ခေါင်း ကိုယ် ခြေ လက် စသော သမူဟသဏ္ဍာန ပညတ်၊

၃။ ယောက်ျား၊ မိန်းမ၊ လူ၊ နတ်၊ ဗြဟ္မာ စသော ဇာတိသဏ္ဍာန ပညတ်၊

ဒီသုံးမျိုးကို ထင်နေတာ အမှုန်နှင့် အကြား မမြင်လို့ဆိုတာကို မှတ်ပါ။ အမှုန်နှင့် အကြား မြင်ရင် ဒီပညတ်သုံးမျိုး ပျောက်မယ်ဆိုတာကို မှတ်ကြပါ။ ရှင်းပါရဲ့လား။

အမေး။ ။ အမှုန်နှင့် အကြား မြင်ရင် အသားအရည် အကြော ရှာတွေ့ပါမလား ။
အဖြေ။ ။ မတွေ့ပါဘုရား။

အမေး။ ။ ယောက်ျား၊ မိန်းမစသည်။
အဖြေ။ ။ မတွေ့ပါဘုရား။

ဒါကြောင့် ဘာလိုရင်းလဲဆိုရင် ပထ၀ီမြင်ဖို့ အရေးကြီးပါတယ်နော်။ အမှုန်နှင့် ပထ၀ီမြင်ချင်တယ်ဆိုရင် အကြားပေါ်အောင်လုပ်ရတယ်၊ အကြားပေါ်ချင်တယ်ဆိုရင် ပူရှိန် ပူငွေ့၊ အေးရှိန် အေးခိုး အေးငွေ့ တေဇောဓာတ် ၀ါယောဓာတ်နှစ်ပါးကို ရှုရပါတယ်။
တေဇောဓာတ် ၀ါယောဓာတ် နှစ်မျိုးကို ပေါင်းပြီး ရှုလိုက်တော့ ပူအေးတို့ကား တေဇောမီးဓာတ်ဖြစ်ပါတယ်။ အရှိန် အခိုး အငွေ့တို့က ၀ါယောလေဓာတ်ဖြစ်ပြီး၊ အလုပ်လုပ်ပုံ-မီးဓာတ်က လောင်ကျွမ်းအောင် ဖုတ်ပေးလိုက်တော့ အာပေါခေါ်တဲ့ ရေဓာတ်က ခန်းချုပ် ခန်းချုပ်သွားပြီးလျှင် အရှိန် အခိုး အငွေ့ဆိုတဲ့ လေဓာတ်က တရှိန်ရှိန် တရှုးရှုးနဲ့မှုတ်ပေးလိုက်တော့ အာကာသဆိုတဲ့ အကြား-အသေး-အနှုတ်လေးတွေ ပေါ်လာပြီးလျှင်........
သစ်သားကို ကြည့်ပါ၊ အကြောင်း အကြောင်းလေးတွေ လေပြင်းတယ်ထတယ်ဆိုတာ တွေ့ဖူးကြလား။ ဒီလို အကြား အသေး အနှုတ်လေးတွေ ဇကာများကဲ့သို့ အပေါက်ပေါက်လေးတွေ ထင်းရှုးသားများကဲ့သို့၊ ပွပွ ရွရွ မွမွ မြည့်မြည့် ရိရိလေး ပေါ်လာပြီး၊ ပထ၀ီဆိုတဲ့ အမှုန်လေးတွေက တလှုပ်လှုပ် တရွရွ တမွမွ မြင်လာပါတယ်။

အမေး။ ။ ဒီလို အမှုန်မြင်လာမယ်ဆိုရင် အသားထင်တာ စင်ထွက်မသွားဘူးလား။
အဖြေ။ ။ စင်ပါတယ်ဘုရား။

အမေး။ ။ ခေါင်း ကိုယ် ခြေ လက် ထင်တာကော။
အဖြေ။ ။ စင်ပါတယ်ဘုရား။

အမေး။ ။ ယောက်ျား၊ မိန်းမစသည်။
အဖြေ။ ။ စင်ပါတယ်ဘုရား။

အဲဒါ အရေးကြီးတယ်-ဒီလိုမှမမြင်ရင် ဖြုတ်နေရတတ်တယ်၊ အသားအရည်သည် ငါမဟုတ်၊ ခေါင်း ကိုယ် ခြေ လက်သည် ငါမဟုတ်၊ ယောက်ျား-မိန်းမသည် ငါမဟုတ် စသသည်ဖြင့် ဖြုတ်နေရတတ်တယ်။ ဘုန်းကြီးများ အလုပ်က ဒီလိုဖြုတ်နေရတဲ့ အလုပ်မဟုတ်ဘူး၊ လက်စမ်း ပထ၀ီမလိုဘူး၊ အာကာသ ပုံပမာတွေလဲ ပြနေတာ မဟုတ်ဘူး။
ခန္ဓာကိုယ်မှာ အမှုန်လေးတွေ အများကြီးမြင်အောင် လုပ်ရမယ်၊ အမှုန်ဆိုတာ ပထ၀ီပါ၊ အများကြီးဆိုတာ အာကာသပါ။ နောက်ဆုံးပြောချင်တာတော့ သဏ္ဍန်သုံးမျိုးပျောက်အောင် ပထ၀ီဓာတ် မြင်အောင်လုပ်ရမယ်၊ ပထ၀ီဓာတ် မြင်ချင်တယ်ဆိုရင်-ခန္ဓာမှာ အကြားလေးတွေ ပေါ်အောင် ဖေါ်ကြ၊ အကြားပေါ်ချင်တယ်ဆိုရင် ပူရှိန် ပူခိုး ပူငွေ့ တေဇောနဲ့ ၀ါယောကို ရှုဖြစ်အောင်ရှုပါ။

သဏ္ဍန်သုံးမျိုးပျောက်မယ်ဆိုရင် နာမပညတ်(၃)မျိုးလည်း ပျောက်သွားတယ်၊ အသားအရည်စတဲ့ ကောဋ္ဌာသ သဏ္ဍာန ပညတ်ပျောက်မယ်ဆိုရင် အသားအရည်လို့ ခေါ်တဲ့ နာမည်တွေလည်း ပျောက်သွားတာတွေ့ရမယ်။ ခေါင်း ကိုယ် ခြေလက်စသည်တို့လည်း ပျောက်သွားကြတယ်ဆို သဘောပေါက်ကြပြီလား။ နောက် ယောက်ျား-မိန်းမ သဏ္ဍန်တွေ ပျောက်မယ်ဆိုရင် ယောက်ျား-မိန်းမ ခေါ်စရာ နာမည်တွေလည်း ပျောက်သွားပါသည်။ ရှင်းကြရဲ့လား။
ဒါကြောင့် (၁)သမူဟပညတ် (၂)သဏ္ဍာနပညတ် (၃)နာမပညတ်။ ဒီသုံးမျိုးပျောက်ချင်တယ်ဆိုရင် အမှုန်နှင့် အကြားမြင်အောင်လုပ်ပါ၊ အမှုန်နှင့် အကြား မြင်ချင်တယ်ဆိုရင် ပူရှိန် ပူခိုး ပူငွေ့ အေးရှိန် အေးခိုး အေးငွေ့ အရင်းခံကြရအောင် ရှုမှတ်ကြပါ။ အရင်းခံတွေကို ရှုမှတ်မယ်ဆိုရင် ရုပ်ရှင်စနစ်လို မျိုးစုံပေါ်လာမည်၊ မျိုးစုံပေါ်ဒါကို စာလို ရုပ်လို့ခေါ်ပါ။ ဒီလောက်ဆိုရင် ရုပ်ကို သဘောပေါက်ကြပြီနော်။

No comments: