Monday, September 28, 2009

နာမရူပ ပရိစ္ဆေ္တဒဉာဏ်နှင့် ဒိဋ္ဌိဝိသုဒ္ဓိ အပိုင်း(၆)

နာမ်-ရုပ် မမြင်ရသေးတဲ့ အန္ဓ ပုထုဇဉ်တွေဟာ ဒါနတွေ ဘယ့်လောက် လက်ကိုင်ထားပြီး ပြုလုပ်နေသောလည်း နိဗ္ဗာန်လမ်းစ မတွေ့ရဘူးတဲ့၊ သီလတွေ ဥပုပ်ရက်ရှည်တွေ ဘယ့်လောက်ဆောက်တည်နေသောလည်း နာမ်-ရုပ်မမြင်သေးရင်
နိဗ္ဗာန်လမ်းစ မတွေ့ရဘူးတဲ့၊ သမထကမ္မဋ္ဌာန်းဘက်က ဈာန်အဘိဉာဏ်တွေရ၍ မြေလျှိုးမိုးပျံနေကြတဲ့ ဗြဟ္မာကြီးတွေ ဖြစ်စေကာမူ နာမ်-ရုပ်မမြင်သေးရင် နိဗ္ဗာန်လမ်းစ မတွေ့ရဘူးတဲ့၊ နိဗ္ဗာန်ရည်မှန်းပြီး ဆုတောင်းနေသောလည်း မှောင်ထဲမှာ သွားနေတဲ့ လူလို လမ်းကိုမတွေ့ရသေးဘူးတဲ့၊ နာမ်နှင့်ရုပ်ကို မြင်မှသာ လမ်းကို တွေ့တော့မယ်ဆိုတာ ရှင်းရှင်းလေး မှတ်ပေးကြပါ ယောဂီတို့နော်။
(လင်္ကာ) “ဝိပဿနာ တရားပွါးများ အားထုတ်ခဲ့ပါလျှင် နာမ်နှင့်ရုပ်ကို မြင်၊ အငုပ်မှားလေးခုစင်၊ ကလျာဏပုထုဇဉ် အပါယ်ခွင်မရောက်ဝေး နိဗ္ဗာန်ပေါက်လမ်းစပေး”။

ပြောင်းပြန်လှန်ပြီးပြောရင်တော့ “ဝိပဿနာ တရားပွါးများ အားမထုတ်ခဲ့ပါလျှင် နာမ်နှင့်ရုပ်ကို မမြင် အန္ဓပုထုဇဉ်တဲ့၊ ပုထုဇဉ်အကန်း ပုထုဇဉ်အမိုက် ပုထုဇဉ်အယုတ်လို့ဆိုလိုပါတယ်၊ ကန်းတယ်ဆိုတာ ဉာဏ်ကန်းတာကို ပြောတာနော်။ အန္ဓပုထုဇဉ် အပါယ်ခွင်မလွှတ်သေးတဲ့။ အန္ဓ ပုထုဇဉ်ဆိုတော့ ဒိဋ္ဌိမပြုတ်သေးဘူးတဲ့၊ ဒိဋ္ဌိမပြုတ်သေးရင် အကုသိုလ် ကံဟောင်းလည်းတင် ကံသစ်လည်း ဝင်၊ နောက်ဆုံးတော့ အပါယ်ကျ၊ အန္ဓပုထုဇဉ်သည် အပါယ်မလွှတ်သေးပါတဲ့။ ဒါန သီလ သမထ လက်ကိုင်ရှိသောလည်း အပါယ်ခွင် မလွှတ်သေးတဲ့၊ မလွှတ်သေးတဲ့နော်၊ ဒီစကားက အလွန်တာတယ်နော်။ ဒါန သီလ လက်ကိုင်ရှိလို့ အကျိုးပေးမယ်ဆိုရင် လူမင်း နတ်မင်းအထိဖြစ်လိမ့်မယ်၊ သမထ လက်ကိုင်ရှိလို့ အကျိုးပေးမယ်ဆိုရင် ဗြဟ္မာမင်းကြီးအထိဖြစ်လိမ့်မယ်၊ ဖြစ်စေလိုတဲ့ ပြုတဲ့သူရင်ထဲမှာ နာမ် အစဉ်မှာ ဒိဋ္ဌိကြီးပါမသွားဘူးလားနော်။ ဒိဋ္ဌိပါသွာတော့ ဒိဋ္ဌိက ဘယ်ဘုံသားပါလဲ။
ဖြေ။ အပါယ်ဘုံသားပါဘုရား။

မေး။ အပါယ်လေးပါးက ဒိဋ္ဌိကြီးဖြစ်သောကြောင့် လူမင်းဖြစ်သော်လည်းကောင်း၊ နတ်မင်းဖြစ်သော လည်း ဘယ်ဘုံသားပါလဲ။
ဖြေ။ အပါယ်ဘုံသားပါဘုရား။

မေး။ ဒါဆို ဗြဟ္မာမင်းကြီးကော
ဖြေ။ အပါယ်ဘုံသားပါဘုရား။

ဒါကိုကြည့်တော့ လူ့ဘုံမှာ လူလာဖြစ်သောလည်း လူ့ဘုံသား၊ နတ်ဘုံမှာ နတ်လာဖြစ်တော့ နတ်သား၊ ဒီကနေ အပါယ်ဘုံသားကော မဖြစ်နိုင်ဘူးလား။
ဖြေ။ ဖြစ်နိုင်ပါတယ်ဘုရား။

မေး။ တိရစ္ဆာန်ကော ဖြစ်အုံးမလား။
ဖြေ။ ဖြစ်နိုင်ပါသေးတယ်ဘုရား။

ဒိဋ္ဌိမပြုတ်သေးရင် ပြောတာနော်။ သတ္တဝါတိုင်းတော့ မဟုတ်ဘူးနော်။
မေး။ ပြိတ္တာကော
ဖြေ။ ဖြစ်နိုင်ပါသေးတယ်ဘုရား။

မေး။ အသူရကာယ်နဲ့ ငရဲဘုံကော။
ဖြေ။ ဖြစ်နိုင်ပါသေးတယ်ဘုရား။

မေး။ ငရဲမကျအောင် ဘာလုပ်ကြမယ်။
ဖြေ။ ဝိပဿနာတရား အားထုတ်ရပါမယ်ဘုရား။

ဒါကြောင့် ဒိဋ္ဌိပြုတ်အောင် လုပ်ရမယ်နော်။ ဒါနသက်သက်နဲ့ ဒိဋ္ဌိပြုတ်အောင် လုပ်လို့မရဘူးနော်။ သီလ ဆောက်တည်နေရုံနဲ့လည်း မရဘူးနော်။ သဘောကျပြီလား။
ဒါဆို ဒိဋ္ဌိပြုတ်ချင်တယ်ဆိုရင် နာမ်-ရုပ်မြင်မှ ပြုတ်မှာနော်။ ဘုရားရှိခိုးနေရုံနဲ့မပြုတ်ဘူး။ ပုတီးစိပ်နေရုံနဲ့ မပြုတ်ဘူး။ တရားအားထုတ်မှ ပြုတ်မှာ၊ သူ့လမ်းနဲ့သူမှတ်ကြ။ ဒိဋ္ဌိရောဂါကြီး ပျောက်ချင်တယ်ဆိုရင် ဝိပဿနာဆေး နာနာသောက်နော်။ ဒါန သီလ သမထဆေး သောက်နေရုံနဲ့ကတော့ ဒိဋ္ဌိမပြုတ်နိုင်ဘူးနော်။ ဒိဋ္ဌိမပြုတ်သေးသမျှ အပါယ်လေးပါး ဘယ်တော့မှ မလွတ်သေးဘူးဆိုတာကို မှတ်ကြပေတော့။ ခွေးဖြစ်ရမှာလည်း ငါပဲ။ နွား ကျွဲဖြစ်ရမှာလည်း ငါပဲနော်။ ယောဂီတို့ရေ လင်းတဖြစ်တဲ့အခါ ခွေးသေကောင်ပုပ်ကို မြိန်မြိန်စားရမှာလည်း ငါပါပဲ မှတ်ထားကြပေတော့နော်။ မစားချင်ရင် ဘာလုပ်ရမလဲ။
ဖြေ။ ဝိပဿနာတရား အားထုတ်ရပါမယ်ဘုရား။

ဒါ့ကြောင့် မာန်လည်ဆရာတော်က “ဒိဋ္ဌိမကွာ ပုဂ္ဂိုလ်မှာလျှင်” ဒိဋ္ဌိမကွာတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဘယ်သူ့ကို ပြောတာလဲ၊ ဆရာတော်က ကိုယ့်ကို ပြောတာလို့ နားလည်ထားနော်-ဟုတ်လား။ တရားနာတဲ့အခါမှာလည်း မိလက္ခကြီးလို နာရတယ်၊ မိလက္ခ ဒီနေ့ကစပြီး ဘုရားဟောထားသလို နေနော်။ အလုပ်တစ်ခုလုပ်မယ်ကြံရင် မစူးစမ်းမဆင်ခြင်ဘဲနဲ့ မောင်မင်းဘယ်တော့မှ မလုပ်နဲ့နော်၊ အမြဲတမ်းစဉ်းစားဆင်ခြင်ပြီးလုပ်ပါနော်။ တရားကိုလည်း မမေ့နဲ့နော်၊ ဒီလိုမျိုးနော်။ နောက်ပြီး တရားနာနေတဲ့အခါမှာလည်း ဆရာတော်က ငါ့ကိုရည်ရွယ်ပြီးဟောနေတာပါလား၊ ဒိဋ္ဌိမပြုတ်လို့ရှိရင် ငါ အပါယ်ကျတော့မယ်၊ ငါ အပါယ်ကျတော့မှာကို ဆရာတော်သည် စိုးရိမ်ပြီး မိဘသည် သားသမီးအပေါ် အင်မတန်ကောင်းစေချင်သည့်ဆန္ဒမျိုးလိုပါပဲနော်။ သြော်ငါ့ရင်တွင် နာမ်အစဉ်မှာရှိနေတဲ့ ဒိဋ္ဌိတစ်လုံးကို ပြုတ်စေချင်လွန်းလို့ ဆရာတော်ဟာ ငါ့ကိုရည်ရွယ်ပြောတာနော်၊ သူများကို ရည်ရွယ်ပြောတာမဟုတ်ဘူးလို့ စိတ်တွင်ထင်မှတ်၍ တရားနာကြနော်။ ဒီတော့ ဒိဋ္ဌိတစ်လုံးကို ရင်တွင် နာမ်အစဉ်မှာ လက်ခံထားလိုက်မယ်ဆိုရင် အင်မတန်မှ ကြောက်စရာကောင်းလှပါတကားလို့နော်။
“သာဝဇ္ဇော ပုထုဇ္ဇနဘာဝေါ” - ပုထုဇ္ဇနဘာဝေါ ပုထုဇဉ်အဖြစ်နဲ့နေရခြင်းသည် ရင်တွင်နာမ်အစဉ်မှာ ဒိဋ္ဌိတစ်လုံးကို လက်ခံထားလိုက်ရခြင်းသည် သာဝဇ္ဇော- အပြစ်တွေများလှပါတကား။
မြင်အောင်ကြည့်ကြပါ၊ အပြစ်များပုံကိုနော်။ ဒိဋ္ဌိတစ်လုံးကို လက်ခံထားလိုက်မိရင်တော့ မသိမှု အဝိဇ္ဇာကြောင့် အမိ အဖကို သတ်တဲ့ ကံတွေထိုက်တတ်တယ်၊ ဘေးကြီးတွေကို ကြုံရတတ်တယ်။ လွန်ကျူးမိတဲ့ အပြစ်တွေကလည်းလေ များများလာတာကိုလည်း မသိလိုက်ဘူးဖြစ်တတ်တယ်။ ဒါမျိုးတွေလည်း ဖြစ်တတ်သေးတယ်နော်။ ယခုချိန်ခါမှာ သမ္မာဒိဋ္ဌိအမျိုးကောင်းသားသမီးတွေဖြစ်ကြပေမယ့် တစ်နေ့ကျရင် ဒိဋ္ဌိ မပြုတ်သေးတော့ မိစ္ဆာဒိဋ္ဌိဖြစ်တတ်သေးတယ်နော်။
ယခုပင် သီလဝန္တဖြစ်နေသောလည်း တစ်ဘဝတွင် ဒုဿီလ၊ ယခုပင် ကရုဏာတရား မေတ္တာတရား ကိုယ်ချင်းစာတရား ရှိနေပါသောလည်း တစ်နေ့တွင် အင်မတန်ဆိုးဝါးယုတ်မာတဲ့ လူမျိုး ဖြစ်အုံးမယ်လို့ဆိုတာ မှတ်၊ ပုထုဇဉ်အဖြစ်နဲ့ ဒိဋ္ဌိတစ်လုံး လက်ခံထားခြင်းသည် အင်မတန်အပြစ်တွေများသတဲ့၊ ဒိဋ္ဌိတစ်လုံး လက်ခံထားမယ်ဆိုရင် ဘေးအမျိုးမျိုး ရန်အမျိုးမျိုး အန္တရာယ်အမျိုးမျိုး ကပ်ဆိုးအမျိုးမျိုးကိုလည်း ရင်ဆိုင်တိုးတော့မယ်ဆိုတာ သေသေချာချာမှတ်ကြပါ။ ဒါ့ကြောင့် ရင်တွင်နာမ်အစဉ်မှာ ဝင်နေတဲ့ ဒိဋ္ဌိတစ်လုံးကို ဝိပဿနာနဲ့ နာနာဖြုတ်ကြပေတော့လို့ ဆိုလိုတယ်နော်။ “ဒိဋ္ဌိမကွာ ပုဂ္ဂိုလ်မှာလျှင် လူတွင် စကြာ နတ်မှာ သိကြား (ဒါနသီလအရှိန်ခေါ်တယ်နော်) မိုးဖျား ဗြဟ္မာ ဖြစ်တုံပါလည်း (မိုးဖျား ဗြဟ္မာဆိုတာ ဘုံသုံးဆယ့်တစ် အထက်ဆုံး နေဝသညာနာသညာယတနဘုံမှာ ဖြစ်တဲ့ ဗြဟ္မာ၊ အဲဒါ ဈာန်ကုသိုလ်အရှိန်နော်) ခန္ဓာပြိုကွဲ ကုသိုလ်စဲက ဖေါက်လွှဲ ပါယ်ရွာ ရောက်မြဲခါတည်း”။ ဒီတော့ အပေါ်ရောက်အောင် ဒါန သီလ သမထက မြှောက်တင်လိုက်တယ် နောက် ဘယ်တွေရောက်သွားမလဲ။
ဖြေ။ အပါယ်ကျကုန်ပါပြီဘုရား။

မေး။ အောက်ပစ်ချလိုက်တာက ဘယ်သူ့လက်ချက်လဲ။
ဖြေ။ ဒိဋ္ဌိလက်ချက်ပါဘုရား။

မေး။ ကြောက်စရာကောင်းသလား။
ဖြေ။ ကောင်းပါတယ်ဘုရား။

ဥပမာ စွန်လေးနဲ့တူသတဲ့။ လေတိုက်တဲ့အခါမှာ စွန်လေးသည် ကောင်းကင်မှာ ဝဲဝဲ ဝဲဝဲနဲ့ တက်မနေဘူးလား။ တက်နေတယ်နော်၊ ဘယ်လောက်ပင် တက်နေသောလည်း အောက်ကကြိုးတန်းလန်းနဲ့ ဆွဲထားတာကြည့်၊ စွန်ကလေးရဲ့ လူမင်း နတ်မင်း ဗြဟ္မာမင်းတွေနဲ့ တူပါတယ်၊ လေလေးနဲ့ ဒါန သီလ သမထကုသိုလ်အရှိန်နဲ့ တူပါတယ်။ ကြိုးလေးနဲ့ ဒိဋ္ဌိနဲ့ တူပါတယ်၊ မြေကြီးနဲ့ အပါယ်လေးပါးနဲ့တူပါတယ်။ စွန်လေး ဘယ်လောက်ပင် ကောင်းကင်ပေါ် တက်နေသောလည်း မြေကြီးကနေပြီး ကြိုးက ဆွဲချ လိုက်ရင် အောက်ကိုကျလာသလို မြင့်မားတဲ့ ဘုံဘဝတွေ ရောက်နေသောလည်း ရင်ထဲမှာရှိတဲ့ ဒိဋ္ဌိက ဆွဲချလိုက်ရင် အပါယ်ထဲသို့ ဇောက်ထိုးကျ ကြရပေတယ်နော်။
ဒိဋ္ဌိသက်က္ကာ မကွာသမျှ လေးဝအပါယ် ရောက်ဦးမယ် (လယ်တီ)ဆရာတော်က မိန့်တော်မူပြန်တယ်နော်။ ဒိဋ္ဌိမကွာသမျှတော့ ယခုမရောက်သေးသော်လည်း တစ်နေ့ကျတော့လည်း အပါယ်လေးပါးတော့ ရောက်အုံးမယ်တဲ့နော်။ ဒိဋ္ဌိသက်က္ကာ မကွာသမျှ လေးဝအပါယ် ရောက်ဦးမယ်၊ နင်ဝယ်သတိထား သို့အလားကြောင့် မြတ်ဘုရားက ရင်ဝလှံစူး ထိပ်ဦးမီးလောင်သူကဲ့သို့ မရှောင်အဟုတ် နောက်မဆုတ်ပဲ ဝိပဿနာ အလုပ်အားထုတ်ရန် သဘောကို “သတ္တိယာ ဝိယ သြမဋ္ဌော” ဟု ဟောကြားခဲ့လေသတည်း။
သာဓု သာဓု သာဓုပါဘုရား။

ဝိပဿနာတရားအလုပ်ကို လုပ်မယ်ဆိုရင် တစ်ဖဝါးမှ နောက်မဆုတ်ပါဘဲ မြန်မြန်ကြီးသာ အားထုတ်ပါတဲ့။ အလွှန်အရေးကြီးတယ်၊ ရင်ဝမှာ လှံစူးသော ပုဂ္ဂိုလ်ထက်လည်း အရေးကြီးတယ်တဲ့နော်။

သတ္တိယာ ဝိယ သြမဋ္ဌော၊ ဒယှမာနောဝ မတ္တကေ။
သက္ကာယဒိဋ္ဌိ ပဟာနာယ၊ သတော ဘိက္ခု ပရိဗ္ဗဇေ။
သတ္တိယာ- အသွားနှစ်ဖက် မြမြထက်သည့် လှံသွားကြီးဖြင့်၊ သြမဋ္ဌော-လည်မျိုရင်ဝ စူးရှ၍ နေသော လူတစ်ယောက်သည်၊ ပဟာနာယ လုလ္လထန်ပြင်း စူးသောလှံကို မြန်မြန်ကြီး ပယ်နှုတ်ဖို့ရာ အလို့ငှါ၊ ပရိဗ္ဗဇဝိယ-အရေးတကြီး မြန်မြန်ကြီးအားထုတ် ပြုကျင့်လိုက်ရဘိသကဲ့သို့၎င်း၊ မတ္တကေ-အမြတ်တင်ရွက် ဦးထိပ်ထက်၌၊ ဒယှမာနော-အလျှံတပြောင်ပြောင် မီးတောက်လောင်ခံနေရသော လူတစ်ယောက်သည်၊ ပဟာနာယ-ပြင်းစွာလောင်နေသောမီးကို မြန်မြန်ကြီးငြိမ်းသတ်ဖို့ရာ အလို့ငှါ၊ ပရိဗ္ဗဇဝိယ-နေ့ညမယုတ် အားထုတ်ဘိသကဲ့သို့ ၊ တထာ-ထို့အတူ၊ ဘိက္ခု-သံသရာဘေး လာမည့်အရေးတွေကို မြှော်တွေးကာ သင်သူတော်ကောင်းအပေါင်း တို့သည်၊ သက္ကာယဒိဋ္ဌိ ပဟာနာယ-အပါယ်နှင့် ဆက်နွယ်နေသည့် သက္ကာယဒိဋ္ဌိ နှစ်ဆယ်ကိလေသာ တရားဆိုးကို မြန်မြန်ကြီးပယ်ဖို့ သတ်ဖို့ အလို့ငှါ၊ သတော-ဣနြေ္ဒခြောက်ပါး တံခါးခြောက်ပေါက်၌ အကုသိုလ်တွေ မဝင်နိုင်အောင် အမြဲတမ်းစောင့်ရှောက်သည့် အလေ့ သတိ ဘယ်သောအခါမှ မမေ့ရသည် ဖြစ်၍၊ ပရိဗ္ဗဇေ-ဝိပဿနာအလုပ်နဲ့ တွေ့သည့်နေ့ပင် နောက်မဆုတ်ပါပဲ မြန်မြန်ကြီး နေ့ညမယုတ် အားထုတ် ပြုကျင့်ရတော့သည်သာလျှင်သတည်း။
သာဓု သာဓု သာဓုပါဘုရား။

တစ်သံသရာလုံးတွင် လုပ်ဆောင်ခဲ့ကြတဲ့ စီးပွါးရေးတွေ၊ လောကီကိစ္စ အဝဝ တွေကို တရားအားထုတ်ပြီးတဲ့ အခါမှသာလျှင် လုပ်သင့်လုပ်ထိုက်တော့သည်သာလျှင်တည်း။
သာဓု သာဓု သာဓုပါဘုရား။

No comments: