Wednesday, March 4, 2009

မူလကသစ်ဝိုင် ဆရာတော်ကြီး ၏ ထေရုပ္ပတ္တိအကျဉ်း (၁)

ကျေးဇူးရှင် မူလ ကသစ်ဝိုင် ဆရာတော်ကြီး ဘဒ္ဒန္တရေဝတ၏ထေရုပ္ပတ္တိအကျဉ်း

ဆရာတော်ဖြစ်မည့် သားကောင်းရတနာသည် ၁၂၆၅-ခုနှစ်၊ နယုန်လဆန်း ဝန်းကျင်တွင် မယ်တော်ကြီး “ဒေါ်စိမ်းရင်” ၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေစွဲခဲ့ပါသည်။ ထိုအချိန် မယ်တော်တွင် ထူးထူးခြားခြား အိမ်မက်တစ်ခု မြင်မက်လေသည်။ အိမ်မက်မှာ အလွန်မွှေးကြိုင်၍ ပြည့်ဝ အရသာရှိလှသော ငှက်ပျောသီးကြီး တစ်လုံးကို နှစ်နှစ်ခြိုက်ခြိုက် အလွန်ဝမ်းမြောက်စွာ ကုန်အောင် စားလိုက်ရသည်ဟုမြင်မက်လေသည်။ မြန်မာပြည်တွင် “ကသစ်ဝိုင်” ဟု ထင်ရှား ကျော်ကြားလှသည့် သီလ၊ ဥမာဓိ၊ ပညာစသော၊ အကျင့်တရားတို့ နှင့် ပြည့်စုံပါသော ကျေးဇူးရှင် ဆရာတော်ဘုရားကြီးသည် ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ အဗျားအလယ်စုရွာ၌ ၁၂၆၅-ခု၊ ဖေဂ္ဂုဏီ နက္ခတ်နှင့်ယှဉ်သော တပေါင်းလဆန်း (၁၀) ရက်၊ ဗုဒ္ဓဟူးနေ့၊ နေ့ (၁၂) နာရီအချိန် တွင် ဖွားမြင်ခဲ့သည်ဟု မယ်တော်ကြီးကိုယ်တိုင်ပြောပြခဲ့ပါသည်။

ထူးခြားသော အတိတ်နိမိတ်

ကသစ်ဝိုင်ဆရာတော်ဖြစ်လာမည့် အာဇာနည်လောင်းလျာ သားကောင်းရတနာကလေးကို ဖွားမြင်ခါနီးတွင် ထူးခြားသောအတိတ်နိမိတ်များမှာ
  • အိမ်၏ ရှေ့၊ နောက်၊ တောင်၊ မြောက် တခွင်ပတ်ဝန်းကျင်၌ ကျီးများပြိုခြင်း၊
  • (၁၀) ရက်ခန့်က ရှာမတွေ့သော ပျောက်ဆုံးနေသော ခြံပေါက်ကျွဲကြီးတစ်ကောင်သည် သူငယ်လေး မွေးဖွားချိန်၌ အလိုလို အိမ်ခြံသို့ ပြန်ရောက်လာခြင်း၊
  • ရပ်ရွာတွင်းမှာလည်း ဆူညံနိမိတ်၊ အရိပ်မမြင်၊ တခဏမျှ ငြိမ်သက် အလွန်ပင် တိတ်ဆိတ်နေခြင်း၊
  • အလွန်မွှေးကြိုင်သော ရနံ့များ သင်းပျံ့ ခြင်း
စသောထူးခြားသည့် အတိတ်နိမိတ် တွေ့ ရှိရလေသောကြောင့် ပညာရှိများက၊ ဤသူငယ်ကလေးသည် သာမညမဟုတ် နောင်သောအခါ သာသနာမှာ ဩဇာအာဏာ တေဇာကြီးမား အလွန်ကျော်ကြားမည့် သာသနာ့ကျက်သရေဆောင် အရှင်တစ်ပါး ဖြစ်လိမ့်မည်ဟု နိမိတ် ဩဘာ စကားပြောကြားကြကုန်သည်။

ခမည်းတော် မယ်တော်နှင့် မွေးချင်းများ

ခမည်းတော်သည် ရှေးကုသိုလ်ကံအကျိုးပေးသန်သည့် “ဦးဘိုကံ” နှင့် စိတ်သဘောဖြူစင်သည့် ပူပင်သောက ကင်း၍ အေးချမ်းသောရုပ်ရည်ရှိသော မယ်တော် “ဒေါ်စိမ်းရင်” တို့ ဖြစ်ကြပါ သည်။ ခမည်းတော်၊ မယ်တော် တို့၏သားသမီး (၁၀)ယောက်တို့တွင် သားဦးရတနာကြီးဖြစ် ၍ နောင်အခါ သာသနာမှာ နေလအသွင် အလွန်ထင်ရှား၍ သာသနာ့အာဇာနည်ဖြစ်မည့် ဆရာတော်လောင်းလျာကလေးတစ်ပါး ဖြစ်ခဲ့ပါသည်။

ဆရာတော်တွင် မွေးချင်း (၁၀)ယောက်ရှိပြီး၊ (၂)ယောက်မှာ အမည်မမှည့်ခင် ငယ်စဉ်ကပင် ဆုံးသွားကြ၏။ ကျန် (၈)ဦးမှာ ၁-ဆရာတော်၊ ၂-ဦးဘိုးချစ်၊ ၃-မကြီး၊ ၄-မသိန်းညွှန့်၊ ၅-ကိုမောင်ခင်၊ ၆-မတင်၊ ၇-မဧကျင်၊ ၈-မအေး တို့ဖြစ်ကြ၏။ ဆရာတော်ပျံလွန်တော်မူချိန်တွင် မကြီးနှင့် မတင် နှစ်ယောက်သာ ကျန်တော့၏။

ငယ်စဉ်ဘဝ

ဆရာတော်လောင်းလျာ သူငယ်လေးသည် ငယ်ရွယ်စဉ် ကပင် ရောဂါ ဝေဒနာကင်းပြီး ဖြူစင်သန့်ရှင်း ညစ်ကြေးကင်းလျှက် ရွှေရောင်အဆင်းကဲ့သို့ ဝါဝင်းသော ကိုယ်ရေ ကိုယ်သား ရှိသည်ဖြစ်၍ မိဘ၊ ဘိုးဘွားများက ထိုသူငယ်လေးအား ငယ်အမည်ကို “မောင်ရွှေဘ” မှည့်ခေါ်ကြ လေသည်။ ဆွေမျိုးများသားချင်းများသာမက ရပ်သူရွာသားများ ကပါ လွန်စွာချစ်ခင်ကြလေသည်။

ဆရာတော်သည် ငယ်စဉ်ကပင် အနေအေးချမ်းလျှက် စိတ်ရင်းအလွန်ဖြူစင်သည့် သူငယ်ဖြစ် သဖြင့် သူတစ်ပါးအပေါ်၌ နိုင်ထက်နှိပ်စက်ညှဉ်းပန်းလိုသော စိတ်မရှိ၊ တစ်ပါး သူကိုလည်း စိတ်ဆင်းရဲအောင်လည်း မည်သူ့ကိုမျှမလုပ်ပေ။ ထူးခြားသည်မှာ ဟုတ်မှန်ရာကို မကြောက် မရွံ့နောက်မတွန့်စွာဖြင့် မှန်ကန်ရိုးသားစွာပြောဆိုတတ်သော အလေ့တစ်ခုရှိ၏။

သူငယ်တို့ သဘာဝအရပ်ထဲ၌ ကလေးများစု၍ကစားရာတွင်လည်း မောင်ရွှေဘသည် ဘုန်းကြီး အဖြစ်ဖြင့် ပါဝင်ကစားတတ်၏။ အပြစ်ပြုလုပ်မိမှာကိုပင် အလွန်စိုးကြောက်တော်မူ၏။ မယ်တော်မှလည်း တစ်စုံတစ်ခု ဆုံးမလိုလျှင် ငရဲကြီး ငရဲကြီးဟုဆို၍ တားမြစ်လျှင် ထိုအမှုကို ဘယ်တော့မှမပြုတော့ပါ။

ဆရာတော်လောင်းလျာသည် ငယ်စဉ်ကပင် တည်ငြိမ်သော ဣနြေ္ဒရှိသည့်အပြင် ရူပသမ္ပတ္တိ နှင့်ပြည့်စုံ၍ အကုသိုလ်မှုအပြစ်ဖြစ်မှာ လွန်စွာစက်ဆုပ်ရွံ့ရှာ ကြောက်တတ်လေသည်။ မိဘများကို စိတ်ဆင်းရဲအောင် မပူဆာတတ်၊ ငယ်စဉ်က ဖျားနာခြင်း ကင်းလျှက် ချမ်းချမ်းသာသာဖြင့်သာ ကြီးပြင်းလာခဲ့၏။


ပညာစတင်သင်ကြားခြင်း

အသက် (၈) နှစ်ခန့်သို့ရောက်သောအခါ ပညာသင်ကြားချိန်တွင် လောကီ၊ လောကုတ္တရာ ပညာအရပ်ရပ်တို့ဖြင့် ပြည့်စုံသော အဗျားအထက်စုကျောင်း ဆရာတော်ဦးကလျာဏထံတွင် စတင်ပညာသင်ကြားခဲ့၏။

အဗျားအထက်စုကျောင်း ဆရာတော်ဦးကလျာဏသည် လောကုတ္တရာကျမ်းစာ ဗဟုသုတနှင့် လောကီဂဏန်းအတတ်ကို ကျွမ်းကျင်စွာတတ်မြောက်သော ဆရာတော်တစ်ပါးဖြစ်၏။ ဆရာတော်၏ တပည့်များမှာ တိုက်စာရေးမှစ၍ မြို့ပိုင်၊ မြို့အုပ်ဖြစ်သွားသူများလည်းရှိကြ၏။

ဆရာတော်လောင်းလျာလေးသည် ထက်မြက်သော ဉဏ်ပါရမီအခံရှိပြီးသူဖြစ်၍ အတွက်အချက် ဂဏန်းပညာ အတတ်ကို ကျွမ်းကျင်စွာတတ်မြောက်၏။ အထူးသဖြင့် မြေတိုင်းစာရေးအတတ်ကို ကောင်းမွန်စွာ တတ်မြောက်၏။ သို့သော လောကီပညာရပ်များကို စိတ်ပါဝင်စားခြင်းမရှိခဲ့ပေ။ လောကုတ္တရာစာပေဖြစ်သော သင်္ဂြိုလ်ကျမ်းများကို အထူးကြိုးစား၍ သင်ကြားခဲ့ပါ၏။

No comments: