Friday, March 6, 2009

မူလကသစ်ဝိုင် ဆရာတော်ကြီး ၏ ထေရုပ္ပတ္တိအကျဉ်း (၂)

သာမဏေဘဝသို့ရောက်ခြင်း

ဆရာတော်လောင်းလျာလေးသည် (၁၂) နှစ် အရွယ်ရောက်သောအခါ မိဘများက သားဦးရတနာကို အဗျားအထက်စု ကျောင်းဆရာတော် ဦးကလျာဏထံတွင် မင်္ဂလာပဗ္ဗဇ္ဇဘိသေကဖြင့် ဗုဒ္ဓမြတ်စွာ သာသနာအတွင်း ချီးမြှင့်ခြင်းမှု ကောင်းစွာပြုပြီးလျှင် ဆရာ့တော်ထံ အပ်နှံပြီးနောက် တပည့်ဖြစ်သော ရှင်သာမဏေငယ် “မောင်ရွှေဘ” ကို ဗုဒ္ဓဟူး သားဖြစ်သည့် အားလျော်စွာ နေ့သင့်နံသင့် “ရှင်ရေဝတ” ဟုဘွဲ့အမည် သတ်မှတ်ပေးအပ် ချီးမြှင့်ခဲ့ပါသည်။ ဆရာတော်၏မိဘများသည် ပစ္စည်းလေးပါးတို့ဖြင့် လိုလေသေးမရှိအောင် လှူဒါန်းစောင့်ရှောက်လျှက် ချီးမြှောက်ကြ၏။ ဆရာတော်သည် အလွန်အားနာတတ်၏၊ အနေအေးကာ စိတ်ချမ်းသာအောင်လည်း နေတတ်၏။ မိဘများကိုလည်း မပူပန်စေတတ်ပါ။


သာမဏေအဖြစ်သို့ ရောက်ပြီးနောက် ဆရာတော်ခြေရင်း၌ လောကီတန်းပညာ (၄)တန်း အောင်ပြီး လက်ထောက်ဆရာပြုလုပ်ကာ (၂)-ဝါ တိတိ ဆရာသမားကို အကူအညီပေး၍ နေထိုင်ခဲ့လေသည်။ ရှင်ရေဝတသည် (၁၄) နှစ်သား သာမဏေအရွယ်တွင် ကျိုက်ထိုမြို့ အနီး မရမ်းချိုကျောင်းတွင် ပညာဆက်လက်သင်၍ ရန်ကုန်မြို့၊ သရက်တောကျောင်းတိုက် အင်းဝ တောင်ကျောင်း ပထမကျော် ဆရာတော် ဦးကောသလ္လနှင့် ဦးဣန္ဒဝံသတို့ထံ၌ သဒ္ဒါသင်္ဂြိုလ် မှစ၍ နေ့ဝါ၊ ညဝါ သင်ရိုးကြီးအောက်စာများကို ကုန်စင်တတ်မြောက်အောင် သင်ယူခဲ့၏။ (၁၆) နှစ်သား ကိုရင်ဘဝဖြင့် အစိုးရပါဠိ ပထမပြန် စာမေးပွဲ ပထမ ငယ်တန်းကို အောင်မြင် ခဲ့ပြီး၊ အထက်ကျမ်းစာကြီးများကို သင်ယူခဲ့လေသည်။ သာမဏေ (၄)-ဝါ အရ၊ အသက် (၁၆) နှစ်အရွယ်သို့ ရောက်သောအခါ အစိုးရပါဋ္ဌိ ပထမပြန်စာမေးပွဲ၌ ပထမငယ်တန်းကို အလွယ် တကူ အောင်မြင်ပြီးမြောက်ခဲ့လေသည်။ ထို့နောက် အထက်ကျမ်းကြီးများကို အထူးကြိုးစား သင်ယူခဲ့လေသည်။ ဤသို့ ပညာရှာမှီးနေရင်း ဆရာတော်လောင်းလျာသည် အသက်နှစ်ဆယ် ပြည့်သဖြင့် ရဟန်းခံရမည့်အချိန်သို့ ရောက်ရှိခဲ့လေသည်။

မြင့်မြတ်သောရဟန်းဘဝသို့ရောက်ရှိခြင်း

၁၂၈၅-ခု၊ တပေါင်းလဆန်း (၅)ရက်၊ နံနက် (၁၀) နာရီအချိန်၌ ဖခမည်းတော်နှင့်မယ်တော်တို့ ၏ ပစ္စယာနုဂ္ဂဟကို ခံယူ၍ ကျိုက်ထိုမြို့၊ အဗျားအလယ်စုံရွာ၊ ရေသိမ်၌ ခရမ်းချိုဆရာတော် ဘုရားကြီးကို ဥပဇ္ဈာယ်ဆရာပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့၏။ ဆရာတော်သည် ညောင်လေးပင်မြို့ တောရကြီး ကျောင်းတိုက်ဆရာတော်ဦးအရိယဝံသကြီးမှုး၍ ကာရကသံဃာမြောက်မြားစွာတို့ဖြင့် ဒုတိယတစ်ကြိမ် ရေသိမ်၌ သိမ်ထပ်မင်္ဂလာပြုခဲ့၏။

No comments: