Friday, May 8, 2009

နည်းပြ ဝိပဿနာ သင်ခဏ်းစာ အပိုင်း (၁)

သာသနာတော် သက္ကရာဇ် ၂၅၁၀ ခု၊
ကောဇာ သက္ကရာဇ် ၁၃၂၈ ခု၊
ကျေးဇူးရှင်ကသစ်ဝိုင် ဆရာတော်ဘုရားကြီး၏
အန္တေဝါသိက တပည့်ရင်းဖြစ်သော
ပဲခူးမြို့၊ ကသစ်ဝိုင်ဓမ္မရိပ်သာ ၌
သီတင်းသုံး နေထိုင်တော်မူသော
ကမ္မဋ္ဌာနာစရိယ အရှင်တေဇောသာရ
ရေးသားအပ်သော
နည်းပြ ဝိပဿနာ သင်ခဏ်းစာ
၁၃၂၈ ခု၊ နယုန်လ။

နည်းပြ ဝိပဿနာ သင်ခဏ်းစာအလုပ်ပေးစကားအတိုချုပ်
မိမိစိတ်ဖြင့် မိမိကိုယ်ပေါ်၌ ဖြစ်ပေါ်တာကို အမြဲမပြတ် ရှုမှတ်နေတဲ့အလုပ်သည် ဝိပဿနာအလုပ်ဟူ၍ ခေါ်ပါတယ်။ အကျယ်နည်းနည်း ချဲ့ပြောပြပါအုံးမယ်။
မိမိစိတ်နှင့် ရှုမှတ်နေရပါမယ်။ ကိုယ်နှင့်လုပ်လို့ မရပါ။ နှုတ်နဲ့ ရွတ်ဆိုပြီး စီးဖြန်းနေလို့မရပါ။အနိစ္စ၊ ဒုက္ခ၊ အနတ္တ ပါးစပ်မှ ရွတ်ဆိုပြီး ပုတီးစိတ်နေခြင်းသည်လည်း ဝိပဿနာအလုပ် မဟုတ်ပါ။ ဝိပဿနာ အလုပ်ကို ကိုယ် နှင့် နှုတ် လုပ်လို့မရပါဘူး။ ဝိပဿနာ အလုပ်ဆိုတာ စိတ်နဲ့လုပ်မှ ရ၏။ ကိစ္စပြီး၏။ ကိုယ်ဖြင့် လုပ်လဲမရ၊ နှုတ်ဖြင့်ရွတ်ဖတ်ပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တစသည်ဖြင့် စီးဖြန်းနေလို့လဲမရပါဘူးနော်။ ဒါကြောင့် ဝိပဿနာ အလုပ်ဆိုတာ အဇ္ဈတ္တကို ရှုမှတ်ခြင်းကိစ္စက ပဓာန လိုရင်းအချုပ်ပါ၊ အဇ္ဈတ္တကို ရှုမှတ်ခြင်းကိစ္စပြီးဆုံးခဲ့သော် အလုံးစုံသော အဇ္ဈတ္တရောဗဟိဒ္ဓရော အတိတ်-အနာဂတ်-ပစ္စုပ္ပန်-ကာလ သုံးပါးမှာရှိတဲ့ ရုပ်နာမ် တွေကို အလုံးစုံရှုမှတ်ခြင်းကိစ္စ ပြီးစီးတယ်ဆိုတာမှတ်ပါ။
ကိုယ်ဆိုတဲ့နေရာမှာ ကိုယ်ဆိုသည်မှာ အပ်ဖျားလေးနဲ့ဖြစ်စေ၊ စူးလေးနဲ့ဖြစ်စေ၊ တစ်စုံတစ်ခုသော အရာဝတ္ထုဖြင့် ဖြစ်စေ ထိလို့ သိတဲ့နေရာ အရပ်မှန်သမျှကို ဝိပဿနာရှုမှတ်တဲ့အလုပ်မှာ ကိုယ်ဟူ၍ မှတ်ကြပါ။ တစ်စုံတစ်ခုသော ဝတ္ထုဖြင့် ထိလို့မသိတဲ့ ဆံပင်၊ ခြေသည်း၊ လက်သည်း စသည်တို့ကို ကိုယ်ဟူ၍ မခေါ်ရပါဘူး။ ကိုယ်ဆိုရင် တစ်ကိုယ်လုံးကို ဆိုလိုပါတယ်။ ဒီလောက်ဆိုရင် ကိုယ်ဆိုတာကို ယောဂီတို့ သဘောပေါက်ကြပါပြီ။
ယောဂီတို့ ကိုယ်ဆိုတာ သိပြီဆိုရင် မျက်လွှာလေးအသာချပြီး ခန္ဓာဥာဏ်စိုက်လိုက်ရအောင်။ ခန္ဓာဥာဏ်စိုက်ပြီး ကိုယ်က ပေါ်ဒါကို မှတ်နေရပါမယ်။ ခန္ဓာကိုယ်ကြီးကို မြင်နေရင် ဒါဆိုအမှတ်မှား နေပါတယ်။ ဖြစ်တာ ပေါ်ဒါ ဖြစ်ပေါ်ဒါ အတူတူလို့မှတ်။ မှတ်-ဆိုတဲ့ စကား၊ ရှု-ဆိုတဲ့စကား နှင့် သိ-ဆိုတဲ့စကား ဒီစကားလုံးသုံးနှုန်းများကို အတူတူလို့သာ မှတ်ကြပါ။
ကိုယ်မှာ ပေါ်ဒါကို မှတ်တာတော့ ဟုတ်ပါပြီ၊ ပေါ်ဒါက ဘယ်နှစ်မျိုးပေါ်တတ်သလဲဆိုရင် (၅)မျိုး ပေါ်တတ်တယ် ဆိုတာ သေချာစွာ မှတ်ပါ။ (၅) မျိုး က ဘာတွေလဲဆိုရင်
၁) ပူဒါ
၂) အေးဒါ
၃) လှုပ်ထာ
၎) ဆင်းရဲဒါ
၅) ချမ်းသာဒါ
ပေါ်ဓာတ် (၅) မျိုး လို့လဲခေါ်တယ်။ အလုပ်ဓာတ်လို့လဲခေါ်တယ်။ ယောဂီတို့ ရှုမှတ်ရန်တရား ငါးမျိုးဖြစ်ပါတယ်။ ဒီ (၅) မျိုးအပြင် မှတ်ရမှာမရှိပါ။ ပေါ်ဒါ ငါးမျိုးသည် တစ်ကိုယ်လုံးမှာ ပေါ်တတ်ပါတယ်။
ကိုယ်မှာ ပူဒါ ပေါ်လာရင် “ပူဒါ က ပူဒါ” လို့မှတ်ပါ။ ပူဒါ ကို သိနေပါ။ (ပူဒါ) အသား၊ အရေ၊ လက်၊ ခြေ၊ ငါ၊ ကိုယ်၊ ငါ့ကိုယ် က ပူနေဒါ မဟုတ်ပါ။ ပူဒါ က ပူဒါပါ။ ပူဒါပေါ်လို့ ပူပါတယ် လို့မှတ်နေပါ။ သိနေပါ။ မှတ်နေပါ။ ယခုလို ဥာဏ်အမြင်နဲ့ ကျတော့ ရှင်းသွားပါတယ်။ အေးဒါ နှင့် လှုပ်ထာ မှာလဲ အေးဒါ အေးဒါ၊ လှုပ်ထာ က လှုပ်ထာ လို့သာမှတ်ရပါမယ်။ အသားအရေ က အေးဒါ၊ လှုပ်ထာလို့ မမှတ်ရပါ။ ကိုယ်မှာ ပေါ်တာတစ်မျိုးမျိုးကို မှတ်ရပါမယ်။ ငါ့ကိုယ်က အေးဒါ လှုပ်ထာလို့ မမှတ်ရပါဘူး။မပေါ်ခင်လည်း လိုက်မရှာရပါဘူး။ ပေါ်တာကိုလည်း စောင့်ရတာမျိုးမဟုတ်ပါဘူး။ဒါဖြင့် ပူဒါ၊ အေးဒါ၊ လှုပ်ထာက တခြား၊ လက်က တခြား၊ ပုဒါ၊ အေးဒါ၊ လှုပ်ထာ က တခြား၊ အသားက တခြား၊ ပူဒါ၊ အေးဒါ၊ လှုပ်ထာက တခြား၊ ခြေထောက်က တခြား၊ ငါက တခြား၊ ကိုယ်က တခြား။ တခြားစီပါ၊ မရောပါဘူး။
(မရောဘဲ တခြားစီနေဒါ ကွဲပြားနေဒါကို ဥာဏ်မှာသိပါစေ)။ ဥာဏ်မှာ ကွဲကွဲပြားပြား သိအောင် ကြိုးစားရှုမှတ်အားထုတ်ကြပါလို့ အားပေးတိုက်တွန်းပါတယ်။
ဆက်ရန်.....

Friday, May 1, 2009

မူလကသစ်ဝိုင် ဆရာတော်ကြီး ၏ ထေရုပ္ပတ္တိအကျဉ်း (၈)

အချိန်တန်ပြီ

ဆရာတော်ဘုရားသည် ပဋိပတ္တိသာသနာပြုလုပ်ငန်း၌ တရားပြသ ဟောပြောခြင်းကို များစွာမွေ့လျော်တော်မူ၏။ သက်တော်ကြီးရင့်လာသောအခါ ယခင်ကနှင့်မတူ တရားဟောပြီးချိန်တွင်မောပန်းနွမ်းလျမှုများရှိလာခဲ့၏။ ဒါယကာ ဒါယိကာမများက နယ်ထွက်၍ တရားမပြရန် အမျိုးမျိုးတောင်းပန်ကြပါသော်လည်း ဆရာတော်ဘုရားသည် မူလကသစ်ဝိုင်ကျောင်းတိုက်ကြီးသို့ လာရောက်တရားအားမထုတ်နိုင်ကြသော အသက်ကြီးသူများ၊ နယ်သူနယ်သားများ၊ အစ စနွမ်းပါးသော ကျေးလက်နေပြည်သူများအား တရားကို သိစေချင် နားလည်စေချင်သော မေတ္တာ၊ ဂရုဏာ၊ စေတနာတရားတို့ဖြင့် သာသနာတာဝန်ကို နောက်မတွန့်စတမ်းထမ်းဆောင်တော်မူခဲ့၏။ ဆရာတော်ဘုရားသည် တစ်နှစ်တာပတ်လုံး ရက်အားမရှိအောင် တရားပွဲများပြည့်လျက်ရှိရာ ၁၃၂၇-ခုနှစ် နတ်တော်လတွင် ပဲခူးမြို့ လိပ်ပြာကန်တရားပတ်ချိန်သို့ ရောက်ရှိ လာခဲ့၏။ ဆရာတော်ဘုရားသည် အလုပ်ပေးတရားနှင့်သီလတရား၊ သမာဓိတရား၊ သင်သိ ဝိပဿနာနှင့် ကျင့်သိဝိပဿနာတရားများဟောပြီးချိန်၌ ခါးနှင့် လက်ပြင်များ နာကျင်ကိုက်ခဲ လာ၏။ တရားကို ကိုယ်တိုင်မဟောကြားနိုင်တော့ပါ၊ တိတ်ရကောဒါများဖြင့်ဟောရ၏။ ပုံမှန် ဖြစ်နေကြအဆစ်နာဝေဒနာ အဖြစ်ထင်မှတ်တော်မူခဲ့ကြ၏။ နောက်နှစ်ရက်ခန့်ကြာသောအခါ တရားဟောဆုံးမပြန်၏။ ထို့နောက်တွင် လှည့်မရအောင် နာကျင်ကိုက်ခဲလာတော့၏။ ဆရာတော်ဘုရား၏ ကျန်းမားရေးကို အမြဲဂရုစိုက်နေကြသော ဒါယကာ ဒါယိကာမများသည် ဆရာတော်ဘုရားအတွက် ဆေးဝါး၊ ဆွမ်းဘောဇဉ်များနှင့် ဓာတ်စာများဖြင့် အထူးစောင့်ရှောက် ကြ၏။ ဆရာတော်ဘုရားသည် ဇက်နှင့် လည်ပင်း လက်ပြင်များ နာကျင်နေသောဝေဒနာ၊ ဆွမ်းမဘုဉ်းပေးနိုင်သော ဝေဒနာများကြားတွင် တရားပွဲပြီးဆုံးသည်အထိ ကိုယ်တိုင်တရား ဟောရန်ကြိုးပမ်းတော်မူခဲ့သေး၏။ တရားပြီးဆုံးကာနီးချိန်တွင် အဖျားဝင်လာပြန်၏။ အဖျား ပြင်းထန်လာသဖြင့် ပဲခူးမြို့ ခရိုင်ဆရာဝန်ကြီးနှင့် အထူးကြပ်မတ်ခါ (၁၁)ရက်ကြာ ကုသကြ ၏။ တပည့်များဖြစ်ကြသော မုက္ခမူ ဦးအာစဏ္ဏ၊ ပဲခူးမြို့ ကသစ်ဝိုင်မှ ဦးတေဇောသာရ၊ စစ်တောင်း ဦးဝိဇ္ဇာဘာသ၊ ကသစ်ဝိုင် ဦးဥက္ကဋ္ဌတို့နှင့် ရင်းနှီးသော ဒါယကာ ဒါယိကာမများ အထူးစောင့်ရှောက်လျှက် ရှိနေကြသည်။ ထို့နောက် ရန်ကုန်မြို့ရှိ ကသစ်ဝိုင်ဝိပဿနာ အဖွဲ့ ဝင်များက ဆရာတော်ဘုရားကို ရန်ကုန်သို့ ပင့်ဆောင် ကုသရန် ခွင့်တောင်းကြသောကြောင့် နတ်တော်လပြည့်ကျော် (၇)ရက်နေ့တွင် ရန်ကုန်မြို့ ဇီဝိတဒါနဆေးရုံကြီးသို့ ပြောင်းရွေ့ကုသ ခဲ့ကြပါသည်။ ရန်ကုန်သို့ပြောင်းရွေ့ပြီး (၇)ရက်ခန့်ကြာသောအခါ ဆရာတော့်ဝေဒနာသည် ကင်ဆာဖြစ်နေကြောင်းကို ဆရာဝန်ကြီးများက အဖြေထုတ်ပေးကြပါသည်။
ရိပ်သာအဖွဲ့ဝင်လူကြီးများ၊ ဆရာဝန်ကြီးများ၊ တပည့်သံဃာများ၊ ဒါကာ ဒါကာမများက ကိုယ် စွမ်းရှိသမျှ ကြိုးစားကုသပေးကြ၊ လိုသေးမရှိအောင် ကူညီဆောင်ရွက်ကြခဲ့ပါ၏။ထို့နောက် ဝေဒနာပြင်းထန်မှုကြောင့် ဆွမ်းဘုဉ်းမပေးနိုင်ပါ၊ ညနေပိုင်းများတွင် ပြင်းထန်သော ဝေဒနာကို ပိုခံစားရ၏။ ရန်ကုန်တွင် ကုသချိန် (၁၀)ရက်ခန့်ကြာသောအခါ အနည်းငယ်မျှသော ဆွမ်းကို (၂)ရက်၊ (၃)ရက်ခန့်ပြန်ဘုဉ်းပေးနိုင်၏။ ထိုအခါ တပည့်များနှင့် ဒါကာ၊ဒါကာမများသည် လွန်စွာအားရကျေနပ်ပြီး သက်သာသွားမည်ဟုထင်ကြပြန်၏။ သို့သော် ဆရာတော်ဘုရား၏ ဝေဒနာမှာ တစ်ရက်ထက်တစ်ရက်ပိုမိုပြင်းထန်လာခဲ့ပါသည်။ ဆရာတော်ဘုရားကို ကုသပေး ကြပါသောဆရာဝန်ကြီးများနှင့် အဖွဲ့ဝင်လူကြီးသည် အထူးကြပ်မတ်၍ ကြိုးစားကုသပေး ကြပါသည်။ ဆရာတော့်ဝေဒနာသည် ပြင်းထန်မှုကြောင့် သတိလစ်သည် အထိပင် ဖြစ်နေရှာ ၏။ ထို့နောက် တပည့်သံဃာများ၊ ဆရာဝန်ကြီးများ၊ ရိပ်သာအဖွဲ့ဝင်လူကြီး၊ ရင်းနှီးသော ဒါကာ ဒါကာမများအားလုံးတိုင်ပင်၍ ဆရာတော်ဘုရားကို ပြာသိုလပြည့်ကျော် (၆)ရက် နံနက် (၆)နာရီ ရထားဖြင့် မူလကသစ်ဝိုင်ကျောင်းတိုက်ကြီးသို့ ပြန်လည်ပင့်ဆောင်တော်မူ ခဲ့ကြပါသည်။ ရန်ကုန်တွင် (၂၉)ရက်ကြာ ဆေးကုသခဲ့ရ၏။


ထိုမှတဖန် ဝေါမြို့မှ မြန်မာသမားတော်ကြီး ဦးစံရွှေနှင့် တိုင်ပင်၍ ဗမာ့ဆေးဝါးများနှင့် ထပ်မံကုသကြပါသည်။ ပြာသိုလပြည့်ကျော် (၇)ရက်နေ့တွင် စ၍ များစွာ ငြိမ်သက်တော်မူ၏။ ရေတောင်းသည်မှအပ မည်သည့်စကားများကိုမျှ မမိန့်တော့ပါ။ တစ်ခါတစ်ရံတွင် အိပ်ပျော် နေဟန် သို့မဟုတ် တရားနှလုံးသွင်းနေဟန်ရှိ၏။ ထင်ရှားသည်မှာ ပြာသိုလပြည့်ကျော်(၉) ရက်နေ့တွင် ကျုံတူဆရာတော်ဘုရားနှင့် ကံဦးကျောင်းဆရာတော်များ ကြွရောက်လာပြီး “ဦးရေဝတနေကောင်းရဲ့လား” ဟု မေးသောအခါ ခေါင်းငြိမ့်၍ လက်အုပ်ချီ ကန်တော့ပြီးလျှင် မျက်စိမှိတ်လျှက် တရားကို ဆက်လက်နှလုံးသွင်းတော်မူနေ၏။
ဆရာတော်ဘုရားသည် နတ်တော်လဆန်း (၁၂)ရက်နေ့မှ ပြာသိုလပြည့်ကျော် (၉)ရက်နေ့အထိတစ်လနှင့် (၁၂)ရက်ကြာ ပြင်းထန်ဝေဒနာခံစားကာ ဆေးကုနေစဉ် ၁၃၂၇-ခုနှစ်၊ ပြာသို လပြည့်ကျော် (၉)ရက် စနေနေ့ နံနက် (၁၁)နာရီ မိနစ်(၅၀)အချိန်တွင် ဆရာတော်ဘုရားသည် ခန္ဓာဝန်ချတော်မူခဲ့လေသည်။ ကျေးဇူးရှင်မူလကသစ်ဝိုင်ဆရာတော် ဘုရားကြီးသည် သက်တော် (၄၃)နှစ်၊ ဝါတော် (၂၃)ဝါ မှအစပြု၍ သက်တော် (၆၂)နှစ်၊ သိက္ခာတော် (၄၂) ဝါ ပျံလွန်တော်မူသည်အထိ ကသစ်ဝိုင်ကျောင်းတိုက်ကြီးတွင် သီတင်းသုံးခဲ့ပါသည်။

ရဟန်းကိစ္စ နှစ်ဓူရ၌ လုံလအားကြီးတော်မူ၍ ဟိတ်ဟန်နည်းသော၊ ရဟန်းတို့ သာသနာပြုရာ၌ ပြုလုပ်အားထုတ်အပ်သော ဂန္ထဓူရ စာပေ သင်ကြားပို့ချခြင်းကို သာမဏေဘဝမှ ရဟန်း(၂၂)ဝါ တိုင် သာသနာတာဝန်ထမ်းဆောင်တော်မူခဲ့သော၊ ဝိပဿနာဓူရတွင်လည်း မိမိကိုယ်တိုင် လည်းတရားအားထုတ် သူတစ်ပါးကိုလည်း ပြောဟောပြသ ဆုံမတော်မူခဲ့သော ကျေးဇူးရှင် မူလ ကသစ်ဝိုင် ဆရာတော်ဘုရားသည် သိက္ခာတော် (၄၂) ဝါတိုင်တိုင် အာယုကပ်သက်တမ်း ကုန်ဆုံးတော်မူသည်အထိ သာသနာ့တာဝန်ကို ကျေပွန်စွာထမ်းရွက်တော်မူခဲ့ပါ၏။

Thursday, April 30, 2009

မူလကသစ်ဝိုင် ဆရာတော်ကြီး ၏ ထေရုပ္ပတ္တိအကျဉ်း (၇)

သာသနာပြုခရီးစတင်ကြွခြင်း

ဆရာတော်ဘုရား သက်တော် (၄၅) သိက္ခာတော်(၂၅)ဝါမှစ၍ အခြားမြို့ရွာများသို့စတင်၍ သာသနာပြုခရီးကြွတော်မူခဲ့၏။ ပထမဆုံးတရားပြသော မြို့များမှာ ဥက္ကံ၊ မင်းရွာ၊ ကဝ၊ ဘုရားပျိုနှင့် ဘုရားကြီးတို့ဖြစ်ပါသည်။ ဆရာတော်ဘုရားထံသို့ တရားပြရန် ပင့်ဖိတ်မှုကြောင့် ကြွရောက်ခဲ့သော မြို့ရွာများမှာ ခရမ်း၊ သုံးခွ၊ ပဲနွယ်ကုန်း၊ ရန်ကုန်၊ ပဲခူး၊ သနပ်ပင်၊ မင်းရွာ၊ ဝေါ၊ ရွှေကျင်၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ကျောက်ကြီး၊ ပိန်းဇလုပ်၊ တောင်ငူ၊ သာဝတ္ထိမြို့၊ စစ်တောင်း၊ မော်လမြိုင်၊ ကျိုက်ထို၊ မြိတ်၊ ဘုရားပျိုရွာ၊ ရွှေပေါက်ပင်ရွာ၊ သရပ်ကုန်းရွာ၊ အုန်းနှဲရွာ၊ တံတားရွာ၊ ဆယ်ရွာ၊ မြစ်ကျိုးရွာ၊ ညောင်ခါးရှည်ရွာ၊ ပန်းညိုရွာ၊ အုပ်ဖိုရွာ၊ ထိန်တပင်ရွာ၊ ဖိုးစပါယ်ရွာ၊ ပါတူကုန်းရွာ စသည်တို့ဖြစ်၏။ ဆရာတော်ဘုရားသည် အနှစ်နှစ်ဆယ်ပတ်လုံး နေ့ညဥ့်မပြတ် ဝိပဿနာဓူရ တရားပြလုပ်ငန်းကို အားကြိုးမာန်တတ် ဆောင်ရွက်တော်မူခဲ့၏။ တရားပြလုပ်ငန်းဆောင်ရွက်ရန် တရားရိပ်သာဌာနများကို ကြွရောက်ရာတွင် မထင်မရှားသာမန်ပုဂ္ဂိုလ်ကဲ့သို့သာ သွားလာလေ့ရှိသည်။ ကျော်စောမှုကို စိုးရွံ့တော်မူ၏၊ “မဟာ ပုညော မဟာဒုက္ခော” ဟူ၍ မိန့်ဆိုတတ်မူ၏။ ဆရာတော်ဘုရားသည် နယ်မြို့များတွင်တရားပြသဆုံးမချိန်ပိုများ၍ ဆရာတော်၏ ကသစ်ဝိုင် ဝိပဿနာလုပ်ငန်းစဉ်တရားများသည် နယ်သူနယ်သားများ နားလည်လွယ်စေရန် အထူးအဓိကထားတော်မူ၏။ စာချသံဃာဘဝတွင် နယ်သို့ပြန်၍ သာသနာပြု၏။ ပဋိပတ္တိလုပ်ငန်းစဉ်နှင့် သာသနာပြုရာတွင်လည်း တောသူတောင်သားများ၊ ကျေးလက်ဒေသများသို့သာ ဦးတည်လျှက် သာသနာပြုတော်မူခဲ့၏။ ဆရာတော်ဘုရား၏ သာသနာပြုရည်ရွယ်ချက်များသည် လေးနက်၏ များစွာအဓိပ္ပါယ်ရှိတော်မူ၏၊ အမြှော်အမြင်ရှိ၏၊ မေတ္တာ စေတနာများများဖြင့် စွမ်းနိုင်သမျှ သာသနာပြုခဲ့တော်မူ၏။ အလွန်ပင်ကြည်ညိုဖွယ်ကောင်းလှ၏။


ကိုယ်ကျိုးမငှဲ့သော ကျေးဇူးရှင်ဆရာတော်

ဆရာတော်ဘုရားသည် ခြေဆစ်နာဒူးနာသော မထနိုင်အောင် ဝေဒနာပြင်းထန်နေချိန်၌ ညောင် လေးပင်တရားပတ်ဖွင့်ချိန်ဖြစ်၏။ တပည့်အကြီးဆုံးဖြစ်သော အလွန်အားထားရသည့် မုက္ခမူ ဘုန်းတော်ကြီး ဦးအာစိဏ္ဏနှင့် တပည့်ငယ်များကို စေလွှတ်ခဲ့၏။ သို့သော် ဆရာတော် သည် ဆရာဝန်ကြီး ဦးမြတ်ကျော်နှင့်အတူ ညောင်လေးပင်သို့ကြွရောက်၍ ပလ္လင်ပေါ်သို့ မတက်နိုင် သော်လည်း တည်းကျောင်း၌ပင် ပက်လက်ကုလားထိုင်ပေါ်မှ သီတင်းသုံးရင်း အားပါးတရ တရားဓမ္မများကို ဟောကြားပေးခဲ့၏။ ဆရာတော်ဘုရားသည် တရားနိဂုံးဆုံးတိုင်း (မေတ္တာ စေတနာများများဖြင့် ဟောကြားလိုက်ရသော တရားတော်များကို) ဟူ၍ အမြဲပင်မိန့်ဆိုကာ စေတနာထက်သန်စွာဖြင့် ဟောကြားတော်မူလေ့ရှိ၏။ အထူးသဖြင့် ဆရာတော်တွင် သွေးတိုး၊ အဆစ်နာကျင်ခြင်း၊ လိပ်ခေါင်းရောဂါများသည် ပျံလွန်တော်မူသည်အထိ နှိပ်စက်မှုကို ပဓာန မထားဘဲ သည်းခံ၍ သာသနာပြုလုပ်ငန်းကို ထမ်းဆောင်သွားခဲ့၏။ ဆရာတော်ဘုရား သည် ဝိပဿနာ ကမ္မဋ္ဌာန်းတရားများနှင့် နှလုံးသွင်းကာ ပြင်းထန်သော ဝေဒနာများကို သည်းခံနိုင် ၏။ ဆရာတော်ဘုရားသည် မည်သည့်ကိစ္စမှာမဆို သည်းခံမှုကိုသာ လက်ကိုင် ထား၏။ သည်းခံမှုနှင့် ပတ်သက်၍ မည်သည့်ကိစ္စကိုမဆို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ သည်းခံကြ အရှုံးဘက်ကသာနေကြရန် အမြဲဆုံးမတော်မူလေ့ရှိ၏။ တရားပြ သွားရာနေရာ ဒေသတွင် ရာသီပူပြင်း၍ ဖုန်ထောင်းထောင်းထနေသော နေရာများကို လည်း ကြွရောက်ရ၏၊ သီတင်းသုံး သောနေရာများရှိ အခက်ခဲများကို သည်းခံတော်မူ၏။ ဆရာတော်သည် ပင်ပန်းဆင်းရဲမှု တို့ကို တရားနှလုံးသွင်း၍ သည်းခံ၏၊ သတ္တဝါများအတွက် ယောဂီများအတွက် သာသနာ အတွက် မလျော့သောလုံ့လ၊ ဇွဲ၊ ဝီရိယတို့နှင့် မေတ္တာ၊ ဂရုဏာ၊ စေတနာထားကာ ဆောင်ရွက် တော်မူခဲ့၏။ ဆရာတော်ဘုရားမိန့်ဆိုလေ့ရှိတတ်သည်မှာ
“သာသနာ့အလုပ် ငါ့အလုပ်၊ သာသနာ့တာဝန်သည် ငါ့တာဝန်၊ သာသနာ့ကိစ္စသည် ငါ့ကိစ္စ၊ သာသနာတော်နှင့် စပ်သမျှ လိုတာ ငါ့တာဝန်” ။

Tuesday, April 28, 2009

မူလကသစ်ဝိုင် ဆရာတော်ကြီး ၏ ထေရုပ္ပတ္တိအကျဉ်း (၆)

ပဋိပတ္တိကာလ

ဆရာတော်စတင် တရားပြချိန်တွင် အသံချဲ့ စက်မပါ နေပူပူ၌ ကိုယ်တော်တရားဟောရ၏။ နေ့စဉ် မနက်ပိုင်းတွင် (၂)နာရီကျော်တရားဟောရ၏။ တဖန် ညနေပိုင်းတွင် (၃)နာရီကျော်
ဟောရပြန်၏။ နေ့လည်ကြားချိန်နှင့် ညပိုင်းတို့တွင် ယောဂီများလျှင် များသလို ကိုယ်တိုင် တရားစစ်ရ၏။ တစ်နေ့နှင့်မပြီးပြတ်သောအခါလည်းရှိ၏။ အကူတပည့်များ မရှိသေးသဖြင့် တစ်ပါးတည်းပင် ကိစ္စအားလုံးကိုဆောင်ရွက်ရလေ၏။

ထိုအချိန်က ကသစ်ဝိုင်ကျောင်းတိုက်ကြီး၏ အခြေအနေ

ကျောင်းဝိုင်းသည် ခန့်မှန်းခြေတစ်ဧကမျှကျယ်ဝန်း၍ အဆောက်အဦးများမှာ လေးပင်သစ်သား ကျောင်းနှစ်လုံး၊ အိုမင်းလှသော ဓမ္မာရုံ၊ ဗုံးမှန်၍ပျက်စီးနေသော သိမ်အဆောက်အဦးပျက်လေး တစ်လုံးနှင့် သုံးပင်ပတ်လည် သက်ငယ်မိုးထားသော ဆွမ်းစားဇရပ်လေးတစ်လုံးသာရှိ၏။ ဆွမ်းစားဇရပ်လေးသည် ကျောင်းရှိသံဃာများနှင့်ပင် ပြည့်နေ၏။ တရားဝင်သောယောဂီများအတွက် ထမင်းဟင်းမကျွေးမွေးလောက်သည့်အပြင် နေထိုင်ရန်ကျောင်း အဖြစ် သိမ်နှင့်ဓမ္မာရုံပျက်များ သာရှိ၏။ နေရာမရသော ယောဂီများသည် မြေကြီးများပေါ်၌ ကန့်လန့်ကာများ ကာ၍ ချို့တဲ့ စွာနေထိုင်ကြရ၏။ တစ်နှစ်ထက်တစ်နှစ် အထွက်တရားဟော မည့်နေ့ညနေချိန်တွင် တရားနာ လာကြသော ယောဂီပရိသတ်နှင့် လူပရိသတ်တို့သည်ပြည့်နှက် စည်ကားလာ၏။

သာသနာပြုရဟန်းဒါယကာ ဒါယိကာမများ

ထိုအရေးကို ဆရာတော်၏ ရဟန်းဒါယကာ ဒါယိကာမများဖြစ်သော ဘုရားပျိုရွာဇာတိဖြစ်၍ ပဲခူးမြို့၊ ကျုံးရိုးတန်းနေ ဦးမောင်ကြွယ်၊ ဒေါ်မြညွှန့်တို့က စေတနာဖြင့် ကျောင်း၏မြောက် ဘက်တွင် သောက်ရေကန်ကြီးတစ်ခု တူး၍လည်းကောင်း၊ ဆွမ်းစားကျောင်းကို အသစ်ပြင် ဆောက်၍လည်းကောင်း၊ ကမ္မဋ္ဌာန်းကျောင်းလေးလုံးကိုပါ ဆောက်လုပ်လှူဒါန်းခဲ့၏။ နောက် ပိုင်းတွင် ဒါယကာကြီး ဦးမောင်ကြွယ်ဦးစီးသော ဒကာဒကာမများက ဓမ္မာရုံဟောင်းကို အများ စုပေါင်း၍ဆောက်လုပ်လှူဒါန်းခဲ့ကြ၏။ ထိုမှတဖန် အဗျားအလယ်စုရွာနေ ဦးဘညွှန့်နှင့် ဇနီး ဒေါ်စိန်ညွှန့်၊ ဦးရွှေအေး၊ ဒေါ်ငွေရှင်မိသားစုတို့က ကျောင်းဝိုင်းကို အရှေ့ဘက်သို့ ချဲ့နိုင် ရန် လှူဒါန်းခဲ့၏။ ဆရာတော်ဘုရားသီတင်းသုံးရန်အတွက် ငွေကျပ် (၆၈၀ဝ၀)ဖြင့် ကျောင်းတိုက် ကို ဆောက်လုပ်လှူဒါန်းသော ဒါယိကာမသည် ညောင်လေးပင်မြို့နေ မချိုချိုဖြစ်၏။ စေတနာရှင်သည် ကျောင်းတိုက်အပြင် ကျောင်းတိုက်အတွင်း လိုအပ်သော ပရိဘောဂမှန်သမျှ အားလုံးကိုပါ လှူဒါန်းခဲ့၏။ စေတနာရှင်မချိုချိုသည် ဆရာတော်ဘုရားအား သိမ်ထပ်ခြင်းဖြင့် ရဟန်းအမအဖြစ်ခံယူပြီး ပစ္စည်းလေးပါးဖြင့် လိုလေသေးမရှိအောင် ထောက်ပံ့လှူဒါန်း၏။ ထိုသို့ စေတနာရှင်များက လှူဒါန်းကြသောကြောင့် ဆရာတော်ပျံလွန်တော်မူချိန်တွင် (၁၂) ဧက ကျယ်ဝန်းသောမြေနှင့် အဆောက်အဦးပေါင်းလေးဆယ်ကျော်၊ စောင်းတန်းကြီးငယ် အသွယ်သွယ်တို့ဖြင့် ပဋိပတ္တိ ဗဟိုဌာန ကသစ်ဝိုင်ကမ္မဋ္ဌာန်းတိုက်ကြီးအဖြစ် သာသနာ့အလယ် တွင် တင့်တယ်စွာထွန်းကားခဲ့ပါ၏။

Thursday, April 23, 2009

မူလကသစ်ဝိုင် ဆရာတော်ကြီး ၏ ထေရုပ္ပတ္တိအကျဉ်း (၅)

ပဋိယတ္တိမှ ပဋိပတ္တိသို့

ဒုတိယကမ္ဘာစစ်ဗုန်းဒဏ်ကြောင့် ကျောင်းတိုက်ကြီးပျက်စီးကာ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ချိန်တွင် ဆရာရင်းမှာလည်း ပျံလွန်တော်မူလေသည်။ ဆရာတော်ဘုရားသည် ရှေးရှေးဘဝကဖြည့်ကျင့် ခဲ့သော ပါရမီအဟုန်တို့ကြောင့် သပိတ်တစ်လုံး၊ သုံးထည်သောသင်္ကန်းဖြင့် ဖက္ကလိပ်ကျောင်း သို့ မထင်မရှားကြွရောက်၍ တစ်နှစ်ပတ်လုံး နေ့ရောညရောပါ ကိုယ်တွေ့ဉာဏ်မြင် ဆင်ခြင်ရှု မှတ် ဝိပဿနာတရားတော်မြတ်ကို အမှန်တကယ်ပေါက်မြောက်အောင် ပြင်းပြင်းထန်ထန် မနားမနေ ကြိုးစားအားထုတ်ခဲ့၏။ ထိုသို့ ဖက္ကလိပ်ကျောင်းတွင် ပလိဗောဓ ကင်းကင်းနှင့် တစ်ဝါတွင်းလုံး ဝိပဿနာဓူရ ပဋိပတ္တိလုပ်ငန်းများကို ကျေနပ်လောက်သော တရားဓမ္မတို့ကို ရရှိခံစားရချိန်တွင် သဒ္ဒါတရားတစ်မျိုးဖြစ်ပွါးလာခဲ့၏။ ထိုသဒ္ဒါတရားမှာ မိမိကိုယ်တိုင်တရား အားထုတ်၍ ရထားသော ဝိပဿနာ ကိုယ်တွေ့ ဉာဏ်မြင် တရားဓမ္မတို့ကို လူအများတို့အား အားထုတ်စေချင်သော စိတ်အကြံဖြစ်ပေါ်ခဲ့၏။ တရား၏ အနှစ်သာရကို ခံစားစေလို၏၊ ငြိမ်း အေးစေလို၏။ ထို့ကြောင့် ဟင်းကောင်း (အရသာကောင်း)တစ်ခုကို စားသုံးရလျှင် ကိုယ်နှင့် ရင်းနှီးသောသူများကို အရင်ဆုံးသတိရသကဲ့သို့ ကိုယ်တိုင်သိမြင်ခဲ့ပြီးသော တရားဓမ္မတို့ကို မိမိကဲ့သို့သိမြင်စေရန် ကျေးဇူးရှင် အဘိုးဝမ်းကွဲ ဦးဘိုးမြနှင့် မယ်တော်၊ ခမည်းတော်တို့ကို တရားအားထုတ်စေလိုသော သမ္မာ ဆန္ဒစေတနာတို့ကြောင့် အဗျားအလယ်စုရွာအနီး ကသစ်ဝိုင် ကျောင်းတိုက်ကြီးသို့ ပြန်ကြွခဲ့၏။ ထိုချိန်တွင် ကသစ်ဝိုင်ကျောင်းတိုက်ကြီး၏ တတိယမြောက် ဆရာတော်ဦးကုဏ္ဍလ ပျံလွန်တော်မူပြီးဖြစ်၍ ကျောင်းတိုက်ကြီး၌ သံဃာတော်များ ကင်းမဲ့နေ ချိန်တွင် အဘိုးဦးဘိုးမြစသော ကျောင်းဒါယကာ၊ ဒါယိကာမ အများတစ်စုတို့မှ ကသစ်ဝိုင် ကျောင်းတိုက်ကြီး၌ပင် သီတင်းသုံး၍ တရားပြတော်မူပါရန် ပင့်လျှောက်ကြ၏။ ထိုသို့ တရား ပြသရင်း တရားအားထုတ်သော ယောဂီများ အဆက်မပြတ်များလာရာမှ အစပြုကာ “ကသစ်ဝိုင်ဆရာတော်” ဟု အမည်ဖြင့်ထင်ရှားလာခဲ့ပြီး ကသစ်ဝိုင်ကျောင်းတိုက်ကြီးကို ဗဟိုပြု၍ မြန်မာပြည်အနှံ့ရှိ ဝေနေယျသတ္တဝါအများတို့အား တရားပြသတော်မူခဲ့လေသည်။

တရားရေအေးတိုက်ကျွေးခြင်း

ဆရာတော်ဘုရားကြီး၏ တရားနာပရိသတ်မှာလည်း တရားနာယောဂီများနှင့် သာမန်တရားနာ ပုဂ္ဂိုလ်များသာမဟုတ်ဘဲ ပဋိပတ္တိနည်းကို ကျကျနန စီးဝါးတကျ ကျမ်းဂန်နှင့်အညီ မှတ်ယူ လိုကြသော နယဂဝေသီဓမ္မာစရိယနှင့် ပါရဂူအရှင်မြတ်များပင် နာကြားကာ၊ ရေးမှတ်ကာဖြင့် မပျောက်မပျက်ရလေအောင် သိုမှီးသိမ်းဆည်းကြပေသည်၊ ဟောပြောသည့်အခါမှာလည်း ဉာဏ်လေးသူ စာမတတ်သူများပင် နားလည်လွယ်အောင်ဟောပြောနိုင်စွမ်းရှိသည့်ပြင် အချို့ နေရာများ၌ လင်္ကာများ စီကုံးရွတ်ဆိုလျှက် “ရအောင် လုပ်ကြ၊ ရအောင် လုပ်ထားကြ” လို့လည်း မကြာမကြာမှာတော်မူလေ့ရှိပေသည်၊ လေးလေးနှင့် မှန်မှန်တည်ငြိမ်စွာ ဟောပြော တော်မူသဖြင့် မပျောက်ပျက်ရအောင် ဆောင်ထားလို ရေးမှတ်လိုကြသော ပုဂ္ဂိုလ်များမှာ အဖိုး တန်၍ ရနိုင်ခဲ့သော လာဘ်ကြီးတစ်ခုပင် ဖြစ်ပြန်တော့သည်၊ အရေးကြီးသောနေရာများ၌ ပါဋ္ဌိတော် အဋ္ဌကထာနှင့် ဆိုင်ရာဋီကာများ ကိုးကားလျှက် နာကြားသူတို့၏နှလုံးထဲမှာ စွဲမြဲ သွားအောင် ဟောကြားတော်မူခဲ့၏။ ဆယ်ရက်စဉ်တရားပတ် ဟောပြောပြသရာ၌ သတိပဋ္ဌာန် တရား (၄)ပါးလုံး ပါဝင်သော်လည်း ကာယာနုပဿနာသတိပဋ္ဌာန် ဓာတုမနသီကာရပဗ္ဗ ဝိပဿနာယာနိကလမ်းဖြင့် နံနက်နှင့် ညပိုင်းတို့တွင် အလုပ်ပေးတရား၊ ဉာဏ်စဉ်တရားတို့ကို တိကျရှင်းလင်း သဘောပေါက်နားလည်လွယ်အောင် ညွှန်ပြဆုံးမတော်မူခဲ့၏။ သင်သိဝိပဿနာခဏ်း(အားထုတ်ပုံအားထုတ်နည်း)တွင် တရားအားထုတ်ရာ၌ အခက် အခဲမရှိ သဒ္ဒါတရားတက်လာစေရန် ဟောကြားထားတော်မူ၏။ ကျေးဇူးရှင်ဆရာတော်ဘုရားကြီးသည် ကျမ်းဂန်ထွေထူး၊ သင်ဘူး၊ မသင်ဘူးကြသော သဒ္ဓါ ပသန္န သမ္မာဆန္ဒ စိတ်ကောင်း စိတ်မြတ် ရှိကြသူ ရဟန်းရှင်လူ အများပြည်သူတို့အား သိမ်မွေ့ နက်နဲ သိမြင်နိုင်ခဲသော ရုပ်နာမ် ဓမ္မ သဘာဝ တို့ကို သိမြင်နိုင်အောင်ပေါ်လွင် ထင်ရှားသော စကားအသုံးအနှုန်းတို့ဖြင့် တန်ဆာ ဆင်လျှက် “ကိုယ်တွေ့ဉာဏ်မြင် ဝိပဿနာ လုပ်ငန်းစဉ်” တရားများကို စာပေကျမ်းဂန်တတ်သူက တခြား၊ သဘော အဟုတ်အမှန်တွေကို စာပေကျမ်းဂန် တတ်သူက တစ်ဖြာ၊ ကိစ္စပြီးအောင် ကျင့်ကြံအားထုတ်သူက တစ်နည်း၊ အသီးသီးကွဲပြား အောင် တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့အယုတ်တရားတွေကို လက်တွေ့ဖြုတ်ပုံ၊ ဖျက်ပုံ တို့ နှင့်တကွ ပညတ်သိ၊ ပရမတ်သိ၊ အမှန်သိပုံတွေကို လုပ်ငန်းဆိုင်ရာ ကျမ်းအဖြာဖြာတို့ဖြင့် ဥပမာပုံ အမျိုးမျိုးပြ၍ ကိုယ်တော်တိုင် ဟောကြားပြသဆိုဆုံးမတော်မူခဲ့လေသည်။ နားမလည်သူများ ရှိပါကလည်း တစ်ဦးချင်းခေါ်၍ စိတ်ရှည်စွာဖြင့် တိုတိုကျဉ်းကျဉ်းလိုရင်းကို နားလည်လွယ် အောင်လည်း ဟောဖေါ်ညွှန်ပြဆုံးမပေးတော်မူခဲ့၏။ တရားအားထုတ်သူယောဂီများကို အတိုဆုံးသော အချိန်အတွင်း အလွယ်ဆုံးသောနည်းဖြင့် နည်းနိဿယအဝ၀တို့ကို သိရှိနားလည်၍ တရားကို သိရှိပြီး၊ မြင်စေလိုခြင်းသည် အဓိကလိုရင်းဖြစ်၏။

Monday, April 6, 2009

ဆရာတော် ဦးပဒုမ၏ ဈာပနဓါတ်ပုံများ

ရရှိထားသော ဆရာတော် ဦးပဒုမ ၏ ဈာပနဓါတ်ပုံများထဲမှ အချို့ ကို ဓမ္မမိတ်ဆွေများ အတွက် တင်ပေးလိုက်ပါတယ်ခင်ဗျား။






Thursday, April 2, 2009

မူလကသစ်ဝိုင် ဆရာတော်ကြီး ၏ ထေရုပ္ပတ္တိအကျဉ်း (၄)

စာချရဟန်းတော်အရှင်ရေဝတ

ဤသို့ ပါဋ္ဌိတော်၊ အဋ္ဌကထာ၊ ဋီကာ မှစ၍ ပိဋကတ်ကျမ်းစာများကို ကျေနပ်အားရစွာ သင်ကြားတတ်မြောက်ပြီဖြစ်၍ စာချခြင်း၊ စာသင်ကြားပေးခြင်း အလုပ်ဖြင့် သိက္ခာ (၇)-ဝါအရတွင် ဝေါမြို့အနီး ကျုံတူကျောင်းတိုက်ကြီး၌ (၃)နှစ်တိုင်တိုင် (၇-ဝါ မှ ၁၀-ဝါ) စာပို့ချပြန်၏။ ကျုံတူကျောင်းတိုက်ကြီးသည် စာသင်သား (၆၀)ခန့် တို့ဖြင့် နေ့ည မပြတ် စာသင်သားသံဃာတို့၏ ရွတ်ဖတ်သရဇ္ဈယ်သံတို့ဖြင့် ကြည်ညိုဖွယ်ကောင်းလှ၏။ ဆရာတော်သည် မန္တလေးမြို့မှ ပဲခူးတိုင်း၊ ဝေါမြို့ ကျုံတူစာသင်တိုက်တွင် စာပို့ချခြင်း၏ ရည်ရွယ်ချက်မှာ မန္တလေးမြို့၌ ရာထောင်မက များပြားလှသော စာတတ်အကျော်အမော်များ၍အထူးလိုအပ်ဖွယ် မရှိသည်ဖြစ်ခြင်းကြောင့်လည်းကောင်း၊ မိမိ၏ဇာတိစာသင်တိုက်ကို အားပေး လိုသောကြောင့်လည်းကောင်း၊ မိဘနှင့် ဆရာသမားများကို အနီးကပ်စောင့်ရှောက်နိုင်ခြင်းဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်စေလိုသော အကြောင်းများကြောင့်ဖြစ်၏။ ထိုအချိန်မှစ၍ ရဟန်းတော် ဦးရေဝတသည် စာသင်သားတို့၏ အထူးရိုသေလေးစားအားထားခြင်းကို ခံရ၏။ သုံးနှစ်တိုင်တိုင် ကျေးဇူးရှင် ကျုံတူဆရာတော်ကြီးကို ကူညီကာ စာပို့ချခြင်းဖြင့် သာသနာ့တာဝန်ကို ထမ်းဆောင်ပြီးနောက် ပြည်မြို့၊ တက္ကသိုလ်ကျောင်းတိုက်၌ (၂)နှစ် စာပို့ချပြန်၏။ ထို့နောက် (၁၂)-ဝါ အရတွင် အဗျားအထက်စုရွာ မူလဥပဇ္ဈယ်ဆရာ ဆရာတော်ဦးကလျာဏသည် အသက်သိက္ခာ အတော်ကြီးရင့်လာပြီ ဖြစ်သဖြင့် ကျောင်းတိုက်တာဝန်များနှင့် သာသနာဝန်များကို ယုံကြည်စိတ်ချ အားကိုးရသော တပည့်ရဟန်းတော် ဦးရေဝတကို ပြည်မြို့မှ ပြန်ခေါ်၍ အထက်စုအဗျားရွာ ကျောင်းကို အပိုင်အပ်နှံပြီး စာပေပို့ချခိုင်း၏။ ထိုကျောင်းတွင် (၁၀) နှစ်တိုင်တိုင် (၂၂-ဝါ တိုင်အောင်) နေ့ဝါညဝါများကို ကြိုးစားကာ စာပေပို့ချလျှက် သာသနာ့တာဝန်ထမ်းဆောင်၏။

စာချပုံမှာနည်းယူစရာ

ကျေးဇူးရှင်ဆရာတော်ဘုရားကြီးသည် စာပေပို့ချရာတွင် ဥာဏ်လေးသူကို စိတ်အားမပျက်စေရန်နှင့် ဥာဏ်ထက်သူပါ နားလည်လွယ်စေရန် နှစ်ဦးနှစ်ဖက်အတွက်ရည်ရွယ်၍ စာလိုက်နိုင်ရန်၊ စိတ်ဝင်စားနိုင်စေရန် ပို့ချတော်မူလေ့ရှိ၏။ စာသင်သားတို့ အားငယ်စေမည့် ခြောက်လုံး လှန့်လုံးများနှင့် ဟိတ်ဟန်သုံးမှုများကို ရှောင်ရှားကာ သဘောမှန်အတိုင်း ရိုးသားတည်ငြိမ်စွာ အလွယ်အခက်တို့ကိုကြည့်၍ စာသင်သားတို့ အားတက်မှုရှိအောင် ဆွဲဆောင်ပို့ချတော်မူခဲ့၏။ နည်းလမ်းပေးရာတွင်လည်း ဆရာစားမချန် အိပ်သွန်ဖါမှောက် နည်းပေးတော်မူ၏။ ထို့ပြင် စာသင်သားမျာကို စာချနေချိန်တွင် မိမိကိုယ်ကို နာမ်စားသုံးရာတွင် “တပည့်တော်” ဟူ၍သာ ရိုးရှင်းယဉ်ကျေးစွာ မိန့်တော်မူလေ့ရှိ၏။ ဆရာတော်သည် စာပေပို့ချရာ၌ စာမေးပွဲဆိုင်ရာ စာပေသင်ကြားပို့ချနည်းကို အဓိကထားတော်မမူ ရှေးဆရာ့ဆရာကြီးများ သင်ကြားပို့ချနည်း အတိုင်း ဆိုင်ရာသုတ္တန်ဝိနည်း အဘိဓမ္မာကျမ်းစာများကို သင့်သလိုပို့ချတော်မူလေ့ရှိ၏။ သင်္ဂြိုလ်၊ သဒ္ဒါ၊ ညဝါ-အခြေစာတို့ကို စာသင်သားတို့ တတ်လွယ်အောင် နည်းပေးအလွန် ကောင်းသော ဆရာတော်တစ်ပါးဖြစ်၏။

အရှင်တိက္ခဥာဏ (ပဋိယတ္တိပထမကျော်နှင့် အစိုးရဓမ္မာစရိယ-ကသစ်ဝိုင်ဓမ္မရိပ်သာ)
၂၈-ဇန္နဝါရီ-၁၉၆၆ ရေးသားသော ဂုဏ်ပုဒ်ရစနာများ မှ ကောက်နှတ်ချက်

ပညာစုံလို့ ရွှေမြို့ကိုနော်၊ ရှင်လူအကျိုး သည်ပိုးဘို့မျှော်၊
အဗျားရွာ၌ နှစ်ခြိုက်ရွှင်ပျော်၊ အတုလ ဂုဏမြတ်ဘုန်းမော်။
ခုနှစ်ဝါမြောက် လွန်ရောက်သောခါ၊ ဝိပဿနာများ ဝင်စားစိတ်မှာ၊
ညောင်လွန့်တောရ ကြွရလို့သာ၊ နည်းနာများ မှတ်သားခဲ့ပေရှာ။
အစဦးမှ ဒုက္ခများစွာ၊ တွေ့ကြုံစမြဲ မလွဲခဲ့ပါ၊
ဒုက္ခရှေ့မှ သုခခြံကာ၊ တနေ့တော့ ရောက်ပေါ့မြန်မကြာ။

အထက်ပါစာချိုးသည် ကျေးဇူးရှင်မူလဆရာတော်ဘုရားကြီး ပျံလွန်တော်မူချိန်တွင် ရေးသား တော်မူခဲ့သော စာဖြစ်၏။ ထိုစာမှာ မှတ်တမ်းအရ ကျေးဇူးရှင် မူလကသစ်ဝိုင် ဆရာတော် ဘုရားသည် စာပေပို့ချ နေချိန်တွင်ပင် ဝိပဿနာတရားကို စတင်အားထုတ်နေပြီဖြစ်ကြောင်း သိရ၏။