Tuesday, May 12, 2009

နည်းပြ ဝိပဿနာ သင်ခဏ်းစာ အပိုင်း (၄)

မြတ်စွာဘုရားက ရှင်ရာဟုလာကို ကိုယ်တော်တိုင်ဟောကြားတော်မူတာကို ပြောပြပါအုံးမယ်။
ချစ်သား ရာဟုလာ- ပူမှု၊ အေးမှုဆိုတဲ့ တေဇောဓာတ်တစ်လုံးကို ခန္ဓာမှာ သေသေချာချာ ပိုင်ပိုင်နိုင်နိုင် သိမြင်ရင်လည်း နိဗ္ဗာန်ကို ရောက်နိုင်ပါတယ်။
ချစ်သား ရာဟုလာ-လှုပ်ရှားမှုဆိုတဲ့ ဝါယောဓာတ်တစ်လုံးကို ခန္ဓာမှာ သေသေချာချာ ပိုင်ပိုင်နိုင်နိုင် သိမြင်ရင်လည်း နိဗ္ဗာန်ကို ရောက်နိုင်ပါတယ် စသည်ဖြင့် ဒီလို မြတ်စွာဘုရားက ဟောထားတဲ့ ဒေသနာတော်ရှိပါတယ်။ ဒါကြောင့် အလုပ်စခန်းမှာ နိဗ္ဗာန်ကို ရောက်ဖို့ဘယ်လောက်လွယ်ထားသလဲ ယောဂီတို့၊ ဧကော ဓမ္မော-တရားတစ်ခုခုကိုသာ ခန္ဓာမှာ သေသေချာချာ ပိုင်ပိုင်နိုင်နိုင်သိအောင် အားထုတ်ကြပါ။ နိဗ္ဗာန်ကို ဧကန်ရနိုင်ပါတယ်။ ကျန်တရားတွေ အတွင်းဝင်ပြီးသား၊ အားထုတ်ပြီးသားဆိုရင် အသိတစ်လုံးကြောင့်ပင် နိဗ္ဗာန်ကို ဧကန်ရောက်နိုင်ပါတယ်။


ခန္ဓာမှာ ဉာဏ်မြင်နဲ့ ကိုက်၍ ပညတ်၊ ပရမတ်ကို ခွဲပြောပြပါအုံးမယ်။
ပဋ္ဌမ စာလို ပညတ်၊ ပရမတ် ခွဲပြအုံးမယ်၊ ပညတ်သည် စာလိုတော့ ဝိဇ္ဇမာနပညတ်၊ အဝိဇ္ဇမာနပညတ်-စသည်ဖြင့် (၆)မျိုး၊ တစ်နည်းအားဖြင့် ဃနပညတ် သဏ္ဍာနပညတ်၊ နာမပညတ်စသည်ဖြင့် များစွာရှိကြ၏။ ထိုတွင်လိုရင်းအတိုချုပ်ပြောရလျှင် အစိုင်အခဲဖြစ်ပေါ်လာတာက ဃနပညတ် လို့ခေါ်ပါသည်။ ပုံသဏ္ဍာန်တွေ ပေါ်လာတာက သဏ္ဍာနပညတ်လို့ခေါ်သည်၊ အမည်အမျိုးမျိုးတွေက နာမပညတ်လို့ခေါ်ပါသည်။


ပရမတ်ဆိုရင်လဲ အကျဉ်းအားဖြင့် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ဆိုသော ပရမတ်တရား လေးပါးရှိသည်။ စိတ်မှာလဲအကျယ်အားဖြင့် (၁၂၁)ပါး ရှိပြန်သည်၊ စေတသိက်မှာ (၅၂)ပါး၊ ရုပ် (၂၈)ပါး၊ နိဗ္ဗာန်တွင် သဥပါဒိသေသနိဗ္ဗာန်၊ အနုပါဒိသေသ နိဗ္ဗာန်ဟူ၍ (၂)ပါး စသည်ဖြင့် ခွဲမယ်ဆိုရင် ပရမတ်တရားသည် စာလိုတော့ လွန်စွာ ကျယ်ဝန်းလှပေ၏၊ ဒါတွေကို အကုန်သိမှ ပရမတ်တရားကို သိတယ်ခေါ်သလား၊ ဒီပရမတ်တွေကိုသိမှ နိဗ္ဗာန်ကို ရမှာ လားဆိုရင်မဟုတ်ပါဘူး၊ စောစောက ပြောပြခဲ့သည့်အတိုင်း ဒေသနာနည်းအားဖြင့် ပညတ်၊ ပရမတ်သည် ကျယ်ဝန်းနေတာပါ၊ ယောဂီများ ခန္ဓာမှာ ဉာဏ်မြင်နှင့် ရှင်းရင်တော့ လွယ်လွယ်နဲ့ ကျဉ်းကျဉ်းလေးပါ။


ပညတ်နှင့် ပရမတ်ကို ခန္ဓာမှာ ဉာဏ်မြင်နဲ့ ဘယ်လိုရှင်းမလဲဆိုရင် ယောဂီများ ခန္ဓာထဲမှာ ဉာဏ်နဲ့ စိုက်ပြီး ပေါ်ဒါကိုသာ မှတ်နေပါ၊ ကိုယ်မှာ တွေ့တိုင်း တွေ့တိုင်း ဉာဏ်နဲ့မြင်ဒါတွေ ဟာ ပရမတ်တွေချည်းပါ။ ကိုယ်မှာလာမတွေ့လို့ ဉာဏ်နဲ့မမြင်ရဒါ ပညတ် တရားချည်းမှတ်၊ ပညတ်တရား တကယ်တန်း ဉာဏ်နဲ့ရှာရင် မရှိတဲ့တရား မရှိလို့ မတွေ့ရတဲ့တရားတဲ့၊ ပရမတ်တရားက တကယ်တန်း ဉာဏ်နဲ့ရှာရင် အဟုတ်ရှိတဲ့တရား အဟုတ်ရှိလို့ ကိုယ်နဲ့ အဟုတ်တွေ့ရတဲ့တရားအစစ်ပါ။

ခန္ဓာမှာ ဉာဏ်စိုက်ပြီး မှတ်လိုက်တော့ ပူဒါတွေကို တွေ့ရပါလိမ့်မယ်။ အေးဒါတွေလည်း တွေ့ရပါလိမ့်မယ်။ လှုပ်ထာတွေလည်း တွေ့ရလိမ့်မယ်။ ရှိန်ရှိန် ရှိန်ရှိန်နဲ့လည်း တွေ့ရလာပါလိမ့်မယ်။ ကိုယ်မှာ တွေ့တဲ့တရားတွေဟာ သန္ဒိဋ္ဌိကဂုဏ်တော်အတိုင်း ကိုယ်တိုင်သိအပ်တဲ့ ပရမတ်တရားအစစ်တွေပေါ့။
ယောဂီများ ကိုယ်မှာ တွေ့တဲ့ အပူဓာတ်ထဲမှာ အစိုင်အခဲတွေလည်း မပါတော့ပါဘူးနော်။ တွေ့လည်းမတွေ့ရ တော့ပါဘူး။ မြင်လည်းမမြင်ရတော့ဘူးနော်။

အစိုင်အခဲဖြစ်နေတာတွေက ဃနပညတ် လို့ခေါ်တယ်။

ယောဂီများခန္ဓာမှာ ဉာဏ်နဲ့တွေ့ရတဲ့ အပူဓာတ်ထဲမှာ အစိုင်အခဲဆိုတာလည်း မရှိတော့ပါဘူး။

ပါလည်းမပါတော့ပါသဖြင့် အစိုင်အခဲကို မတွေ့မမြင်ရတာသည် ပရမတ်အစစ်ကိုမြင်၍ ဃနပညတ်စင်သွားပုံ၊ ခန္ဓာကိုယ်မှာ ဉာဏ်နဲ့ရှာလို့တွေ့ရတာက ပရမတ်၊ မရှိဒါက ပညတ်ပါ။

ရှိဒါမြင် မရှိဒါစင်။
ပရမတ်မြင် ပညတ်စဉ်။
ပရမတ်ပေါက် ပညတ်ပျောက်။

No comments: