Wednesday, May 20, 2009

နည်းပြ ဝိပဿနာ သင်ခဏ်းစာ အပိုင်း (၇)

သတိပေး တိုက်တွန်းချက်-ရှစ်လုံးဘွဲ့ကဗျာ


ဒုလ္လဘတဲ့ ကြုံရလူ့ရွာ၊
သာသနာကြီး အပြီးကြုံလာ၊
ဤမျှခွင့်ကောင်း မနှောင်းစေရာ၊
စဉ်းစားရင်း မောင်မင်းရက်တွေကြာ။
စဉ်းစားရင်း မယ်မင်းရက်တွေကြာ။


ကြိုးစားပါကွဲ့ မာတဲ့အခါ၊
ဘာကိုငဲ့၍ ကြာတဲ့နေဒါ၊
ဒီလင်ဒီသား မယားကိုညှာ၊
သူညှဉ်းဆဲ ဆင်းရဲရက်တွေကြာ။



ခန္ဓာကိုယ်မှာ ဒီလိုအသိဉာဏ်မျိုးတွေ တစ်ခါမှ မရရှိသေးခင် နိဗ္ဗာန်ကို ရပါလို၏၊ ရောက်ရပါလို၏ လို့ ကုသိုလ်လုပ်တိုင်းလုပ်တိုင်း ဆုကိုချည်းတောင်းနေပါလျှင် နိဗ္ဗာန်နှင့် ဝေလာဝေး အဝေးကြီးရှိပါသေးသတဲ့။ သုတ္တန်ဒေသနာတော်နည်းအားဖြင့် ရတော့ရပါလိမ့်မယ်၊ ဝိပဿနာဉာဏ်မပါဘဲ နိဗ္ဗာန်ကို ဘယ်နည်းနဲ့မှ မရနိုင်ပါဘူး။ တောင်းတမှုပတ္ထနာချက်ဖြစ်လို့ မရရှိဘူးလို့တော့ မဆိုနိုင်ပါဘူး၊ သုတ္တန် ဒေသနာတော် နည်းအားဖြင့် ရတော့ရပါလိမ့်မည်၊ သို့သော် မည်သို့သောအချိန်ကြာမှ ရနိုင်မှန်းမသိနိုင်ပါဘူးနော်။ အကယ်၍ အကြောင်းညီညွှတ်ပြန်လျှင်လည်း ဝိပဿနာဉာဏ်မပါဘဲ နိဗ္ဗာန်ကို မရနိုင်၊ မရောက်နိုင်ပါဘူး။ ဆုတောင်းပြီး ပြုတဲ့ ဝိဝဋ္ဋနိဿိတ ကုသိုလ်သည် နိဗ္ဗာန်ကို ရောက်အောင် မပို့နိုင်သော်လည်း ပို့နိုင်သော ၊ ဝိပဿနာကို ဆက်ပေးလိုက်တာဖြစ်ပါတယ်။ ဒါကြောင့် နိဗ္ဗာန်ကို ဆုတောင်း၍ ပြုတဲ့ ဝိဝဋ္ဋနိဿိတကုသိုလ်ကို ဝိပဿနာကို ဆက်ပေးလိုက်တာဖြစ်တဲ့အတွက် ဆက်သွယ်ရေးဒါန လို့ ခေါ်ကြနိုင်ပါတယ်။


ယခုအခါ တရားအလုပ်အားထုတ်နေတဲ့ ယောဂီတို့ ခန္ဓာမှာ ဝိပဿနာဉာဏ်အမြင်တွေ ရရှိနေကြပြီဖြစ်လို့ နိဗ္ဗာန်ကို ရပါလို၏၊ ရောက်ရပါလို၏ လို့ ဆုတောင်းနေဖွယ် မလိုတော့ဘူးနော်။

ဟောပြပြီးခဲ့တဲ့အတိုင်း အသိထူး အမြင်ထူး အယူထူး ဉာဏ်ထူးတွေရရှိအောင် ဝိပဿနာတရားကို ကြိုးစားအားထုတ်ကြပါ၊ ကြိုးစားအားထုတ်ကြတဲ့အတိုင်း ဝိပဿနာဉာဏ်တွေ အဆင့်ဆင့်တက်လှမ်းနိုင်ကြ၍ နောက်ဘဝ နောက်ခန္ဓာတွေ မရွေ့ မပြောင်းရတော့ဘဲ ဒီဘဝ ဒီခန္ဓာမှာ နိဗ္ဗာန်ကို ရရှိနိုင်တယ်ဆိုတာကို ယောဂီများ သေချာစွာ ယုံကြည်ကြပါ။ ဒီလို ဘုရားသာသနာအတွင်းမှာ နိဗ္ဗာန်ကို ရနိုင်ဖို့ ဘယ်မျှကောင်းလိုက်ပါ သလဲ။ အကယ်၍များ သာသနာအတွင်းမှာ ဝိပဿနာတရားကို ကြိုးစားအားထုတ်ကြပါလျှက် နိဗ္ဗာန်ကို မရနိုင်ဘူးဆိုရင် မြတ်စွာဘုရားကိုယ်တော်မြတ်ကြီး ပွင့်တော်မူလာရခြင်း အကျိုးကို မခံစားရဘူးတဲ့၊ သာသနာတော်ထားတော်မူခဲ့ခြင်းသည်လည်း အကျိုးမရှိတော့ဘူးတဲ့နော်။ မြတ်စွာဘုရားကိုယ်တော်မြတ်ကြီး ပွင့်တော်မူလာရခြင်း အကျိုးတရားကတော့ သတ္တဝါတွေ နိဗ္ဗာန်ကို ရရန်ဖြစ်ပါတယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်သွားသော်လည်း သာသနာတော်ထားတော်မူခဲ့ခြင်းကလည်း အတိုချုပ်အားဖြင့် သတ္တဝါတွေ နိဗ္ဗာန် ရရန်ဖြစ်ပါတယ်။


မြတ်စွာဘုရား လက်ထက်တော်က ပဋာစာရီ၊ ကိသာဂေါတမီ၊ သန္တတိအမတ် စသည့် ပုဂ္ဂိုလ်တွေသည် (၁၀)၊ (၁၅)ရက် စခန်းဝင်နေစရာမလိုပါဘဲ တစ်ပုဒ်တစ်ဂါထာမျှတရားနာကြားရယုံဖြင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရရှိသွားကြပါတယ်။ ပါရမီဉာဏ်ရင့်နေသော ပုဂ္ဂိုလ်တွေသည် တရားနာရင်း ဝိပဿနာအလုပ် အားထုတ်မှု ပါသွားသောကြောင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရောက်ရှိသွားကြတာဖြစ်ပါတယ်။

ပါရမီခေါ်သော အသိဉာဏ်တွေက ရင့်ကျက်ပြီးသားဖြစ်တဲ့အတွက် တရားကို အကျဉ်းမျှ ဟောပြတာနှင့် ခန္ဓာမှာ သိမြင်သဘောပေါက်ပြီးသား ဖြစ်သွားကြတာဖြစ်ပါတယ်။ ဒီလို ခန္ဓာမှာ သိမြင်သွားခြင်းသည် ဝိပဿနာအလုပ် ဖြစ်ပါတယ်။ ဒါလောက်ဆိုရင် တရားရှုသူယောဂီအပေါင်း သဘောပေါက်နားလည်နိုင်ကြပြီ ဖြစ်ပါသဖြင့် တရားသိမ်းကြစို့နော်။


ဤသို့အားဖြင့် တရားအားမထုတ်တတ်သေးသောသူများကို အားထုတ်တတ်ပါစေ၊ မသိသေးသောသူများကို သိကြပါစေ၊ မရှင်းသေးသော သူများလည်း ရှင်းကြပါစေ-ဆိုတဲ့ သဘောမျိုးဖြင့် ဂရုဏာသန်သန်ထား မေတ္တာတွေများများဖြင့် ဟောကြားလိုက်တာကို ကြားနာကြရတဲ့ သင်သူတော်ကောင်း အပေါင်းတို့မှာ တရားအားထုတ်ကာ သဘောပေါက်ကြ၍ ရှင်းရှင်းလင်းလင်းဖြစ်ကြပါလျှင် ညီညီညာညာ အားရပါးရ စိတ်ပါလက်ပါနှင့် ကြားလောက်သောနေရာ ဌာနတိုင်းက တရားတော်ကို ကောင်းချီးပေးသောအားဖြင့် သာဓု သုံးကြိမ် ခေါ်ဆိုနိုင်ကြပါစေကုန်သတည်း။

သာဓု…..သာဓု…..သာဓု။



(ဤတရားစာပေများကို ရေးသားလှူဒါန်းရသော အမြတ်ဆုံးသောကောင်းမှုများဖြင့် အနန္တကျေးဇူးတော်အရှင် ဘဝနတ်ထံဝင်စံတော်မူပြီးသော မူလကသစ်ဝိုင်ဆရာတော်ဘုရားကြီးနှင့်တကွ ကသစ်ဝိုင်ဆရာတော်ဘုရားများ အားလုံးကို လေးစားကော်ရော်ပူဇော်အပ်ပါသည်။



နောက်တင်မည့်ပိုစ့်တွင် မူလကသစ်ဝိုင်ဆရာတော်ဘုရားကြီးဟောကြားတော်မူသော နာမရူပ ပရိစ္ဆေဒဉာဏ် နှင့် ဒိဋ္ဌိဝိသုဒ္ဓိတရားတော်ကို ကုသိုလ်ပြုသွားပါမည်ဖြစ်ပါသည်။)

No comments: